သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်တံတားအဆင်းအနီးရှိ ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်တံတားအဆင်းအနီးရှိ ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား
Published 13 December 2017

မီးလောင်မှုဖြစ်ပွားနေသည့် အထည်ချုပ်စက်ရုံအား မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်

သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်တံတားအနီးရှိ ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ရုံတွင် ဒီဇင်ဘာ ၁၂ ရက်နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၇၀၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဒီဇင်ဘာ ၁၂ ရက် နံနက် ၄ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏကမာကြည်တံတားအဆင်းရှိ Yangon Pan-Pacific International (YPI) အထည်ချုပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများမှ သွားရောက်ငြိမ်းသတ်ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်။

မီးစတင်လောင်ကျွမ်းသည့်နေရာမှာ အဆိုပါအထည်ချုပ်စက်ရုံအတွင်းရှိ အထည်ချုပ်အဆောက်အအုံများအနက် A (Work Shop) အဆောက်အအုံ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စက်ရုံဝန်းထဲက အဆောက်အအုံတွေထဲက A (Work Shop) အဆောက်အအုံလောင်တာပါ။ မီးကအရမ်းများတော့ ငြှိမ်းသတ်ချိန်ကကြာမြင့်ခဲ့တယ်။ ပြီးတော့အထဲမှာက မီးကအရမ်းများတော့ အပြင်ကနေဝင်ဖို့ အခက်အခဲတွေဖြစ်ပါတယ်။ ဒါနဲ့ အပြင်ကနေ တံခါးကို Cutter နဲ့ဖျက်တာတွေ၊ ပုဆိန်နဲ့ပေါက်ပြီး ဖျက်တာတွေလုပ်ပြီး အထဲဝင်ဖို့လုပ်ရပါတယ်” ဟု မီးလောင်မှုအား လာရောက်ငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မီးလောင်ခဲ့သည့် အထည်ချုပ်စက်ရုံမှာ အသက် (၅၀) အရွယ်ရှိ ကိုရီးယားနိုင်ငံသားတစ်ဦးပိုင်ဆိုင်သည့် စက်ရုံဖြစ်ပြီး အဆိုပါစက်ရုံတွင် ဝန်ထမ်း ၁၇၄၀ ရှိကြောင်း၊ ယင်းစက်ရုံမှာ နေ့စဉ် နံနက် ၇ နာရီမှစတင်ကာ အလုပ်လုပ်ကိုင်ခြင်းဖြစ်ပြီး ညနေ ၆ နာရီခန့်တွင် အလုပ်သိမ်းကာ ညဘက်အချိန်တွင် စက်ရုံ၌ လုံခြုံရေးဝန်ထမ်းငါးဦးဖြင့် စက်ရုံလုံခြုံရေး တာဝန်ယူဆောင်ရွက်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

“စက်ရုံက ရှိတာနှစ်ကြာပြီ။ စက်ရုံက တော်တော်ကြီးတာ။ အထဲမှာပဲ သူတို့ဆီကဝန်ထမ်းတွေအတွက် ကန်တင်းတွေဘာတွေ ဖွင့်ထားတာကို တွေ့ရတယ်။ ဝန်ထမ်းတွေလည်း အများကြီးပဲ။ တချို့စက်ရုံဝန်ထမ်းတွေက မနက်လာတဲ့အချိန်မှ မီးလောင်နေတာကိုသိရတာရှိတယ်။ မီးကအဆောက်အအုံထဲမှာ လှိုက်ပြီးလောင်နေတာ။ အပြင်ကိုလည်း မီးခိုးလုံးတွေထွက်တာအများကြီးပဲ။ မီးသတ်ကတော့ အချိန်မီလာပြီး ငြှိမ်းသတ်မှုတွေပြုလုပ်ပေးတာကို တွေ့ရပါတယ်” ဟု မီးလောင်ကျွမ်းသည့်စက်ရုံအနီး နေထိုင်သူတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ Level 3 သတ်မှတ်ပြီး မီးလောင်ကျွမ်းချိန် လေးနာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံဝင်းအတွင်းတွင် အဆောက်အအုံလေးခုရှိကြောင်း၊ မီးလောင်ခဲ့သည့် အဆောက်အအုံမှာ သွပ်မိုးနှစ်ထပ်ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် စက်ရုံအတွင်းရှိ မော်တာအပ်ချုပ်စက်များ မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း တန်ဖိုးကျပ် ၇၂၀၃၀၀၀၀၀ ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ စက်ရုံအထွေထွေမန်နေဂျာ ကို...(၃၄ နှစ်) အား သုဝဏ္ဏနယ်မြေရဲစခန်းက (ပ) ၇၃၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားပြီး လောင်ကျွမ်းရသည့် အကြောင်းရင်းအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent