အမေရိကန်သံရုံးကို ဂျေရုစလင်ရွှေ့မှာ ဘာလို့အဲဒီလောက်တောင် အငြင်းပွားစရာ ဖြစ်နေရတာလဲ

အမေရိကန်သံရုံးကို ဂျေရုစလင်ရွှေ့မှာ ဘာလို့အဲဒီလောက်တောင် အငြင်းပွားစရာ ဖြစ်နေရတာလဲ
Published 11 December 2017

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာလိုက်တာဟာ တစ်ကမ္ဘာလုံးမှာ အငြင်းပွားစရာ ဖြစ်သွားစေခဲ့ပါတယ်။ အာရပ်ကမ္ဘာမှာ ဒေါသတကြီး တုံ့ပြန်မှုတွေဖြစ်လာပြီး အမေရိကန်ရဲ့ အနောက်တိုင်းမဟာမိတ်တွေက စိုးရိမ်လာကြချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၈ ရက်မှာ အစည်းအဝေး ခေါ်ယူခဲ့ရပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ရှစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဆွီဒင်၊ ဘိုလစ်ဗီးယား၊ ဥရုဂွေး၊ အီတလီ၊ ဆီနီဂေါနဲ့ အီဂျစ်တို့က တောင်းဆိုခဲ့လို့ပါ။

 

■ ဘာလို့ သံရုံးရွှေ့တဲ့ကိစ္စက အဲဒီလောက် ကြီးကျယ်နေရတာလဲ

အမေရိကန်က သူ့သံရုံးကို ဂျေရုစလင် ရွှေ့လိုက်တာနဲ့ အစ္စရေးနိုင်ငံရဲ့မြို့တော်ဟာ ဂျေရုစလင်ပါလို့ တရားဝင်အသိအမှတ်ပြုလိုက်သလို ဖြစ်သွားပါပြီ။ အဲဒီတော့ ဒီဆုံးဖြတ်ချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ က တည်းကရှိခဲ့တဲ့ နိုင်ငံတကာသဘောတူညီချက်ကို ပြောင်းပြန်လှန်ပစ်လိုက်တာပါပဲ။ ဒါဟာ  အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား ငြိမ်းချမ်းရေးရယူနိုင်ဖို့ လုပ်ဆောင်ချက်တွေ အဆုံးသတ်သွားကြောင်း ထိရောက်တဲ့ အချက်ပြမှုလို့ အများက ဆိုကြပါတယ်။

 

■ သမိုင်းကြောင်းတချို့

ကုလသမဂ္ဂရဲ့ ၁၉၄၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ နိုင်ငံပိုင်းခြားခြင်းအစီအစဉ်အရ ဂျေရုစလင်ကို သီးခြားနိုင်ငံတကာ မြို့တစ်မြို့အဖြစ်ပဲ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ နောက်တစ်နှစ်အကြာမှာ အစ္စရေးက လွတ်လပ်ရေး ကြေညာမှုကိုဖြစ်စေတဲ့စစ်ပွဲက မြို့ကို ခွဲခြမ်းပစ်လိုက်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ စစ်ပွဲပြီးသွားတဲ့အခါ အစိမ်းရောင်မင်နဲ့ ရေးဆွဲထားတာကြောင့် အစိမ်းရောင်လိုင်းလို့ ခေါ်လေ့ရှိတဲ့ စစ်ရပ်ဆိုင်းရေးနယ်ခြားမျဉ်းအရ အစ္စရေးဟာ မြို့ရဲ့အနောက်ခြမ်းကိုထိန်းချုပ်ပြီး ကျော်ကြားလှတဲ့ မြို့ဟောင်းပါဝင်တဲ့ မြို့ရဲ့ အရှေ့ခြမ်းကို ဂျော်ဒန်က ထိန်းချုပ်ပါတယ်။

 

■ ဘယ်အချိန်မှာ ပြောင်းလဲသွားတာလဲ

၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲအတွင်း အစ္စရေးက အရှေ့ဂျေရုစလင်ကို သိမ်းပိုက်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြို့တစ်မြို့လုံးဟာ အစ္စရေးအာဏာပိုင်တွေရဲ့ လက်အောက်ကို ကျရောက်သွားခဲ့ပါတယ်။ မြို့ဟာ မေလနှောင်းပိုင်း ဒါမှမဟုတ် ဇွန်လ အစောပိုင်းမှာ 'ဂျေရုစလင်နေ့' ရယ်လို့ အထိမ်းအမှတ် ကျင်းပလေ့ရှိပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း တော်တော်များများကတော့ အရှေ့ဂျေ ရုစလင်ကို အနာဂတ် ပါလက်စတိုင်းနိုင်ငံတော်ရဲ့ မြို့တော်အဖြစ် ရှုမြင်ထားကြပါတယ်။

 

■ ဂျေရုစလင်မှာ သံရုံးထားခဲ့တဲ့နိုင်ငံတွေရှိသလား

ရှိခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်မတိုင်မီက နယ်သာလန်နဲ့ ကော်စတာရီကာအပါအဝင် နိုင်ငံတော်တော်များများ ထားခဲ့ပါတယ်။

 

■ ဒါဆို ဘယ်လိုဖြစ်သွားတာလဲ

၁၉၈၀ ပြည့်နှစ် ဇူလိုင်လမှာ အစ္စရေးက ဂျေရုစလင်ကို သူတို့နိုင်ငံရဲ့မြို့တော်အဖြစ် ကြေညာတဲ့ ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရှေ့ဂျေရုစလင်ကို အစ္စရေးပိုင်နက်ထဲ သွတ်သွင်းမှုကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကိုထုတ်ပြန်ခဲ့ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာလို့ ကြေညာခဲ့ပါတယ်။

 

■ ဒါနဲ့ နိုင်ငံတွေက သံရုံးရွှေ့ကြရောလား

ဟုတ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ သူတို့ရဲ့ သံရုံးတွေကို ဂျေရုစလင်ကနေ ရွှေ့ခဲ့တဲ့ ကော်စတာရီကာနဲ့ အယ်ဆာဗေဒိုတို့ဟာ နောက်ဆုံးမှ ရွှေ့ခဲ့တဲ့ နိုင်ငံတွေပါပဲ။ ကျန်တဲ့ ကမ္ဘာ့ နိုင်ငံတွေအားလုံးဟာ အဲဒီမတိုင်မီကတည်းက သူတို့ရဲ့သံရုံးတွေကို တဲအဗစ်ကို ရွှေ့ခဲ့ကြပြီးပါပြီ။

 

■ ကောင်စစ်ဝန်ရုံးတွေကရော

နိုင်ငံတချို့ဟာ ဂျေရုစလင်မှာ ကောင်စစ်ဝန်ရုံးတွေ ဆက်ထားခဲ့ပါတယ်။ အဲဒီထဲမှာ အမေရိကန် ပါပါတယ်။ အမေရိကန် ကောင်စစ်ဝန်ရုံးဟာ အနောက်ဂျေရုစလင်မှာ ရှိပါတယ်။ ဥပမာအနေနဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ လို နိုင်ငံတွေကတော့ သူတို့ရဲ့ ကောင်စစ်ဝန်ရုံးကို အရှေ့ဂျေရုစလင်မှာ ထားပါတယ်။ သဘောကတော့ သူတို့နိုင်ငံတွေရဲ့ အဓိက ကိုယ်စားလှယ်တွေဟာ ပါလက်စတိုင်းနယ်မြေတွေနဲ့ ဆက်ဆံဖို့ပါ။


ဒီဇင်ဘာ ၉ ရက်က တူရကီနှင့် ပါလက်စတိုင်းအလံများကို ဝှေ့ရမ်းကာ အမေရိကန်နှင့် အစ္စရေးဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးနေသည့် ပါလက်စတိုင်းလိုလားသော ဆန္ဒပြသူများကို အစ္စတန်ဘူမြို့ရှိ ဆန္ဒပြပွဲတစ်ခုအတွင်း တွေ့ရစဉ် (Photo: AFP)

■ အမေရိကန်ရဲ့ အနေအထားက ဘယ်လိုလဲ

အမေရိကန်ဟာ သူ့သံရုံးကို ဘယ်တုန်းကမှ ဂျေရုစလင်မှာ မထားခဲ့ဖူးပါဘူး။ အမြဲတမ်း တဲအဗစ်မှာပဲ ရှိခဲ့တာပါ။ အမေရိကန် သံအမတ်ကြီးအိမ်တော်ဟာ တဲအဗစ်မြောက်ဘက် မိနစ် ၃၀ ခရီးအကွာမှာရှိတဲ့ ဟာဇလီ ယာပီတူအက်မှာပါ။

■ ဒီအတိုင်း ဆက်သွားရောလား

၁၉၈၉ ခုနှစ်မှာ အစ္စရေးက အမေရိကန်ကို သံရုံးအသစ်ဆောက်ဖို့ ဂျေရုစလင်မှာ မြေကွက်တစ်ကွက်ကို စပြီးအငှားချပေးခဲ့ပါတယ်။ မြေငှားခကတော့ ၉၉ နှစ်သက်တမ်းရှိပြီး တစ်နှစ်ကို အမေရိကန်တစ်ဒေါ်လာနှုန်း နဲ့ ငှားပေးခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့အထိ အဲဒီ မြေကွက်မှာ ဘာမှ ဆောက်လုပ်ခဲ့ခြင်းမရှိဘဲ မြေအလွတ်ကြီးအဖြစ်ပဲ ရှိနေခဲ့တာပါ။

■ ကဲ ဆက်ပါဦး

၁၉၉၅ ခုနှစ်မှာ အမေရိကန် ကွန်ဂရက်က သံရုံးကို တဲအဗစ်ကနေ ဂျေရုစလင်ရွှေ့ဖို့ရာ လိုအပ်တဲ့ ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။ ထောက်ခံသူတွေကတော့ အမေရိကန်အနေနဲ့ အစ္စရေးရဲ့ ဂျေရုစလင်ကို သူတို့ ရဲ့မြို့တော်အဖြစ် ရွေးချယ်မှုကို လေးစားပြီး အသိအမှတ်ပြုရမှာဖြစ်တယ်လို့ ဆိုကြပါတယ်။

■ ဒါဆို ဘာလို့ ခုထိမရွှေ့ခဲ့တာလဲ

၁၉၉၅ ခုနှစ်နောက်ပိုင်းက အမေရိကန်သမ္မတတိုင်း (ကလင်တန်၊ ဘုရှ်နဲ့ အိုဘားမား) ဟာ အမျိုးသားလုံခြုံရေးအကျိုးစီးပွား ဆိုတဲ့ အကြောင်းပြချက်နဲ့ သံရုံးရွှေ့ဖို့ကိစ္စကို ပယ်ချခဲ့ကြပါတယ်။ သမ္မတတွေဟာ ခြောက်လ တစ်ခါ သမ္မတရဲ့အမိန့်စာထုတ်ပြီး သံရုံးရွှေ့ဖို့ ကိစ္စကို ရှောင်တိမ်းခဲ့ပါတယ်။

■ သံရုံးရွှေ့မယ့်ကိစ္စကို ဆက်လုပ်မယ်ဆိုရင် ထရန့်အတွက် ရွေးစရာတွေက ဘာတွေလဲ

၁၉၈၉ ခုနှစ်ကတည်းက အမေရိကန် ငှားထားတဲ့ မဆောက်ရသေးတဲ့မြေကွက်ကို အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် အမေရိကန်ဟာ ဂျေရုစလင်မှာရှိတဲ့ လက်ရှိ သူတို့ရဲ့ ကောင်စစ်ဝန်ရုံးကို သံရုံးအဖြစ် ပြောင်းနိုင်ပါတယ်။ နောက်ဆုံးရွေးစရာကတော့ တဲအဗစ်က သံရုံးကနေ ထွက်သွားပြီဆိုပေမယ့် အမေရိကန်သံအမတ်ကြီးအနေနဲ့ နေ့တိုင်း နေ့တိုင်း ဂျေရုစလင်ကို အလုပ်လာဆင်းရုံပါပဲ။

■ ဒီကိစ္စကို အစ္စရေးတွေ ဘယ်လိုတုံ့ပြန်သလဲ

ထရန့်က သံရုံးရွှေ့မယ်လို့ ကတိပြုလိုက်ကတည်းက အစ္စရေးအစိုးရဟာ ထရန့်ကို အကြီးအကျယ် ချီးမွမ်းတော့တာပါပဲ။ ဂျေရုစလင်မြို့တော်ဝန် နာဘာကက်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသံအကျယ်ဆုံးထွက်တဲ့ လော်ဘီတစ်ဦး ဖြစ်နိုင်ပါတယ်။ နာဘာကက်ဟာ အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ရက်အနည်းငယ်အလိုကတည်းက ထရန့်ကို မဲဆွယ်ပွဲတုန်းက ကတိတည်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

■ ပါလက်စတိုင်းတွေကရော ဘာလုပ်ကြသလဲ

ပါလက်စတိုင်းခေါင်းဆောင်တွေက သံရုံးကို ဂျေရုစလင်ရွှေ့တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေကနေ နောက်ကို အကြီးကြီး ဆုတ်ယုတ်သွားတာလို့ အခိုင်အမာဆို ကြပါတယ်။ ပါလက်စတိုင်းသမ္မတ မာမွတ်အဘားက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာတို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ထရန့်ကို စိတ်ပြောင်းသွားစေဖို့ ဝိုင်းဝန်းဖိအားပေးကြပါဆိုပြီး တောင်းဆိုခဲ့ပါတယ်။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) က ဒီဆုံးဖြတ်ချက်အတိုင်း ဆက်သွားမယ်ဆိုရင် သူတို့ရဲ့ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုမှုကို ပြန်ရုပ်သိမ်းပြီး အစ္စရေးနဲ့ ပါလက်စတိုင်းကြားက သဘောတူညီချက်တွေ အားလုံးကိုလည်း ပြန်ဖျက်သိမ်းဖို့ စဉ်းစားရမှာဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

မကြာသေးမီမှာပဲ ပါလက်စတိုင်းနယ်မြေတွေမှာ ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အာရပ်ကမ္ဘာတစ်ခုလုံးမှာ အကြီးအကျယ် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

သြဇာကြီးတဲ့ အီရတ်ရှီအိုက်ဗလီဆရာ မူတာဒါအယ်ဆာဒါက အမေရိကန်သံရုံးကို ဂျေရုစလင်ရွှေ့တာဟာ အစ္စလာမ်တွေကို ပေါ်တင်စစ်ကြေညာတာမျိုး အဓိပ္ပာယ်ထွက်တယ်လို့ သတိပေးခဲ့ပါတယ်။ သူက အစ္စလာမ်နိုင်ငံတွေမှာရှိတဲ့ အစ္စရေးနဲ့ အမေရိကန် သံရုံးတွေကို ပိတ်ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။

Most Read

Most Recent