နယ်စပ်ကားလောက တစ်ခန်းရပ်

နယ်စပ်ကားလောက တစ်ခန်းရပ်
Published 11 December 2017

ဂျပန် တစ်ပတ်ရစ်ကားများကို သောင်ရင်းကမ်းစပ်တွင် တွေ့ရစဉ်

မဟာမဲခေါင်ဒေသတစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေမယ့် အရှေ့အနောက် စီးပွားရေးစြင်္ကံရဲ့ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာတည်ရှိနေတဲ့ မြဝတီနယ်စပ်က မော်တော်ယာဉ်တင်သွင်းမှုဟာ ၂၀၁၈ နှစ်စမှာ တစ်ခန်းရပ်တော့မှာလို့ ဆိုရမှာဖြစ်ပါတယ်။ မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်တဲ့  လုပ်ငန်းများကြီးကြပ်ရေးကော်မတီရဲ့ ၂၀၁၈ ခုနှစ် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒ ပြောင်းလဲသတ်မှတ်ချက် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ အရ မြဝတီနယ်စပ်ပေါက်က မော်တော်ယာဉ် တရားဝင်ကူးသန်း ရောင်းဝယ်တင်သွင်းမှု လုပ်ငန်းတွေ  တစ်ခန်းရပ်သွားတော့မယ်လို့ မော်တော်ယာဉ်တင်သွင်းသူတွေက ပြောပါတယ်။

“နယ်စပ်က မော်တော်ယာဉ်တင်သွင်းမှုဟာဆိုရင် နှစ်ဝါတစ်နီနဲ့ ကွင်းပြင်ကို အထုတ်ခံလိုက်ရသလိုပါပဲ။ ပထမအဝါကတော့   မူဝါဒအပြောင်းအလဲနဲ့ လူကြိုက်များတဲ့   Vigo တစ်ခန်းခွဲတွေကို လွန်ခဲ့တဲ့ နှစ်နှစ်ခန့် က တင်သွင်းမှု ရပ်တန့်စေခဲ့ပါတယ်။ တစ်ခုချင်း ပြောင်းလဲလာခဲ့တာ ခုအားလုံး ဘယ်မောင်းသာ သွင်းရတော့မယ်။ ၂၀၁၄ အထက် မော်ဒယ်များသာ သွင်းရမယ်ဆိုတော့ ဒုတိယ တစ်ဝါ ထပ်ထိပြန်ပါပြီ။ နှစ်ဝါတစ်နီနဲ့ နယ် စပ်ကား ကုန်သွယ်မှုလုပ်ငန်းတစ်ခုလုံး ကုန်သွယ်ရေးကွင်းထဲက ထွက်သွားရတာပေါ့” လို့ တရားဝင် ကားတင်သွင်းသူတစ်ဦးက ပြောပါတယ်။

၂၀၁၇ မူဝါဒ အပြောင်းအလဲမှာ ကုန်တင်ယာဉ်အုပ်စုကို ဘယ်ညာမခွဲ တင်သွင်းခွင့်ရှိခဲ့တဲ့အတွက် နယ်စပ်က ကားတင်သွင်းတဲ့လုပ်ငန်းတွေ အသက်ငွေ့ငွေ့  ရှင်သန်စေခဲ့ပေမဲ့ အခွန်တိုးမြှင့်လိုက်တယ်ဆိုတဲ့ ကြေ ညာချက် ထွက်ပေါ်လာတဲ့နောက်မှာတော့ ကားတင်သွင်းတာ နည်းပါးခဲ့ပါတယ်။ သို့ပေမဲ့ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ အရ လူစီးမော်တော်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေ  (Mini bus: City Bus: Express Bus) တွေကို ဘယ်မောင်းများသာ တင်သွင်းခွင့်ရရှိတော့မယ်ဆိုတော့ နယ်စပ်ကနေ ကားတင်သွင်းမှု လုပ်ငန်းတွေဟာ ၂၀၁၈ မှာ လုံး၀ ရပ်ဆိုင်းသွားမယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ပြည်တွင်းလမ်းနဲ့ ကိုက်ညီပြီး ကျေးလက်ဒေသလုပ်ငန်းသုံးအဖြစ် ဝယ်လက်လိုက်ခဲ့တဲ့ Toyota Vigo  တွေ နယ်စပ်က လုံးဝတင်သွင်းခွင့်မရတော့တဲ့ ၂၀၁၆ မှာ  နိုင်ငံတော်အခွန်၊ ကုန်သွယ်မှုလျော့ကျခဲ့ပါတယ်။ ခုတစ်ခါ မီနီဘတ်စ်တွေ သွင်းခွင့်မရတော့ပြန်ဘူး။ ဘယ်ကိုင်သာတင်သွင်းရမယ် ဆိုတဲ့ မူဝါဒက ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က သိန်း ၁၀၀ လောက်နဲ့ကိုယ်ပိုင်ကား ဝယ်စီးနိုင်ခဲ့ပေမဲ့ ယခု NLD အစိုးရသစ် လက်ထက်မှာ ပြည်သူ၊ အောက်ခြေလူတန်းစားတွေ လက်လှမ်းမမီလောက်တဲ့ သိန်းရာနဲ့ချီ ဈေးတွေ မြင့်တက်သွားပါတယ်။

ပြည်တွင်းဈေးကွက်ကို တရားဝင် ကားတင်သွင်းရာမှာ ယခင် အခွန်သုံးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမှုကိုလည်း ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှ စတင်ပြောင်းလဲကောက်ခံခြင်းဖြစ်ပါတယ်။ ကားတင်သွင်းမှုကို ကန့်သတ်လိုက်ရုံ၊ အခွန် မြှင့်လိုက်ရုံ၊ မူဝါဒတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲပြင်ဆင်လိုက်ရုံနဲ့ ပြည်တွင်းမှာ ယာဉ်ကြောကျပ်တဲ့ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းအမှန် မဟုတ်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

“လူစီးကားကို မဆိုလိုပါဘူး။ လုပ်ငန်းသုံးတွေကိုတော့  ပြန်လည်ခွင့်ပြုဖို့ မျှော်လင့်ပါတယ်။ ဒါမှလည်း ပြည်သူတွေ အဆင်ပြေမှာပါ။  ဈေးတူ မော်ဒယ်လ်တူ ကားနှစ်စီးကို တစ်ယောက်တစ်စီးဝယ်ပြီး ခင်ဗျားက ဆိပ်ကမ်းကနေ သွားမယ်။ ကျွန်တော်က မြဝတီ နယ်စပ်ကနေ သွင်းမယ်။ ခင်ဗျားက သင်္ဘော နဲ့ သွားဖို့ Agent အပ်။ ကျုပ်က မဲဆောက်ကို သွားဖို့ Driver အပ်ပေါ့ဗျာ။ အဲဒီမှာစတွေ့ပြီ။ ခင်ဗျားသင်္ဘောခက ၁၅ သိန်းလောက်ကျသွားတဲ့အချိန်မှာ ကျုပ်က Driver မောင်းကြေးနဲ့ မဲဆောက် Agent ကြေးပေါင်းမှ ငါးသိန်း မကျော်ဘူးဗျ။ အဲဒီမှာတင် ခင်ဗျားနဲ့ကျုပ် ၁၀ သိန်းကွာသွားပြီ။ ဘယ်ကသွင်းသွင်း CD တို့ ကညနတို့က အတူတူပဲ။ အားလုံးပြီးသွားလို့ တကယ်သုံးမယ့်လူကို ဈေးချိုချိုနဲ့ သုံးစေချင်တယ်ဆိုရင်ပေါ့ဗျာ။ ဒါပေမဲ့ ခုဘယ်ကိုင်သာ သွင်းရမယ်ဆိုတော့ ကျွန်တော်တို့ လယ်သမား၊ ကိုင်းသမားတွေ ထော်လာဂျီနဲ့ပဲ နှစ် ပါးသွားရတော့မှာပါ” လို့ ကားကုန်သွယ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

အဲဒီလိုပဲ အခြား ကားကုန်သွယ် လုပ်ငန်းရှင်တစ်ဦးကလည်း “၂၀၁၈ ကားမူဝါဒ အသက်ဝင်တဲ့နေ့ကစပြီး ဂျပန်ကားတွေကို နယ်စပ်က လုံးဝသွင်းလို့ မရတော့ပါဘူး။ ဂျပန်ကားတွေက ဂ ျပန်နိုင်ငံမှာ သူ့ဈေးနဲ့သူ အဆင်ပြေတဲ့အတွက် ဝယ်ရတာ နှစ်ပေါင်း ကြာခဲ့ပါပြီ။ ကားအပိုပစ္စည်းတွေလည်း ဝယ်ရလွယ်တယ်။ တကယ်လို့ ဘယ်ကိုင်းသာ သွင်းရမယ်ဆိုတော့ ဥရောပကားကို သွင်းရင်သွင်း။ ဖိလစ်ပိုင်၊ ကိုရီးယားကိုသွင်းရင်သွင်း ဒါမှမဟုတ် တရုတ်ကိုသွင်းရင်တော့ Quality မှာစကားပြောသွားမယ်။ Quality  ကောင်းကောင်းလိုချင်ရင် ဥရောပကားတွေ သွင်းရမယ်။ ဒါဆိုရင် အပိုပစ္စည်းကိစ္စ အတော်ခက်ခဲသွားပြီ။ ဒါပေမဲ့ ဥရောပကားတွေကို ရန်ကုန်ဆိပ်ကမ်းကသွင်းဖို့ အဆင်ပြေကောင်းမှ  ပြေမယ်။ နယ်စပ်က တင်သွင်းဖို့ကျတော့ အတော်ခက်ခဲသွားပါမယ်” လို့ဆိုပါတယ်။

“သေချာတာတစ်ခုကတော့ အစိုးရက ဘာမှဖြေလျှော့မှုမပေးဘူးဆိုရင် စက်ယန္တ ရား၊ လယ်ယာသုံး ထွန်စက်တွေကလွဲလို့ နယ်စပ်က လုံးဝတင်သွင်းခွင့် မရှိတော့ပါဘူး။ ကျွန်တော်တို့ မျှော်လင့်ခဲ့တာက ကုန်တင်ယာဉ်အုပ်စု (TRUCK) ကားတွေ၊ ခွေးဘီလူးလေးတွေ၊ Light Truck တွေ၊ ကုန်တင်ယာဉ် ကြီးတွေကိုတော့ ဘယ်မောင်းလောက် ခွင့်ပြုမယ်လို့မျှော်လင့်ခဲ့ကြတယ်။ ခုတော့ အားလုံး ပြီးဆုံးခဲ့ပါပြီ။ တရားဝင် ကားတင်သွင်း  လုပ်ငန်းလုပ်ကိုင်သူတွေရဲ့နောက်မှာ ယာဉ်မောင်းတွေ၊ အေးဂျင့်တွေ၊ အထွေထွေ လုပ်သားတွေရဲ့ မိသားစုဝင်တွေ အားလုံး အလုပ် လက်မဲ့ဖြစ်သွားပြီ။ မိသားစု စားဝတ်နေရေးတွေ အခက်ကြုံရပြီပေါ့ဗျာ” လို့လည်း တရားဝင် ကားတင်သွင်းရောင်းချသူ ကိုဇော်ကြီးက ပြောပါတယ်။

ဘယ်ကိုင်းက ဖိလစ်ပိုင်မှာ ရှိတယ်။ ဒူဘိုင်းမှာလည်း ဘယ်ကိုင်းရှိတယ်။ ထိုင်းအစိုးရက Transit ပေးတယ်ထားဦး။ ကျွန်တော်တို့ ကားကုန်သည်တွေက သူငယ်တန်းပြန်ဖြစ်သွားမယ်။ အစကနေပြန်သင်ရမယ်။ သဘောက ကိုယ်တိုင်သွားရမလား။ အဆက်အသွယ်တွေ လုပ်ရမလား။ ဂျပန်ကားဝယ်သလို အိမ်ကနေ Enter ခေါက်ရုံနဲ့ မရနိုင်တော့ဘူး။ မြဝတီနယ်စပ်ပေါက်ကနေ မည်သည့်ကားမှ တင်သွင်းနိုင်စရာ အခွင့်အလမ်းမရှိတော့တဲ့အတွက်  အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ Game Over  ဖြစ်သွားပါပြီ။ ကားနဲ့ ပတ်သက်တဲ့ တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေသူတွေ၊ အေးဂျင့်တွေ၊ အလုပ်သမားတွေ၊ ယာဉ်မောင်းတွေ၊ သူတို့ရဲ့ နောက်က မိသားစုတွေ၊ ခုလိုနယ်စပ်က ကားတင်သွင်းမှုတွေ ရပ်ဆိုင်းလိုက်ရတဲ့အခါကျတော့ ကားတစ်စီးအတွက် တံတားဖြတ်ကျော် အေးဂျင့်၊ ယာဉ်မောင်း၊ ပြီးရင် ဇုန်မှာလုပ်တဲ့ အေးဂျင့်၊ ရန်ကုန်သို့မောင်းတဲ့ ယာဉ်မောင်း၊ ကညန ဝင်ရတဲ့သူ  အားလုံးဟာ အလုပ်မရတော့ဘဲ   Game Over ဖြစ်သွားပြီလို့ဆိုပါတယ်။

မြဝတီ ချစ်ကြည်ရေးတံတားအနီးတွင် ယာဉ်များသွားလာနေသည်ကို တွေ့ရစဉ်

မြဝတီမြို့ရဲ့ အဓိကလုပ်ငန်းဟာ မော်တော်ကား တင်သွင်းရောင်းချခြင်းလုပ်ငန်း နဲ့ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတင်သွင်းခြင်း လုပ်ငန်းတို့ဖြစ်ပါတယ်။ Auto Mobile Policymaker များရဲ့ စေတနာထားထုတ်ပြန်လိုက်တဲ့ ၂၀၁၈ မူဝါဒအသစ်အရဆိုရင် တင်သွင်းစရာ ကားအမျိုးအစား တစ်မျိုးမှ မပါဝင်တော့ပါဘူး။ ကျွန်တော်တို့ နယ်စပ်ကားတင်သွင်းမှု အမျိုးအစား စက်ယန္တရားတစ်မျိုးသာ တင်သွင်းခွင့်ရှိပါတော့တယ်။ ယခု Policy အရ ၂၀၁၄ အထက် ဘယ်ကိုင်းတစ်မျိုးသာ တင်သွင်းခွင့်ရမည့် အုပ်စုဖြစ်ပါတယ်။

“ဘယ်ကိုင်းအဟောင်းက၂၀၁၄ အထက်ဆိုရင် Euro 5/6 တွေပါ။ ကျွန်တော် တို့နိုင်ငံမှာ ဘာဆီနဲ့ မောင်းရမလဲဆိုတာ  Policymaker များ ထည့်သွင်းမစဉ်းစားခဲ့တဲ့ အချက်တစ်ခုပါ။ နောက်တစ်ခုကတော့ မြဝတီနယ်စပ်ပေါက်ဟာ ထိုင်းနိုင်ငံနှင့် ထိစပ်နေတဲ့ ဝင်ပေါက်တစ်ခုဖြစ်ပါတယ်။

Policymaker များရဲ့ စေတနာပိုပြီး ကြိုတင်ထုတ်ပြန်ထားတဲ့ အမိန့်တစ်ခုပါ။ ဘာလဲဆိုတော့ Country of Origin ကို Thailand ဖြစ်ရမည်ဆိုခြင်းပါ။ ယင်းအချက်ဟာ မြဝတီနယ်စပ်ပေါက်ကို မည်သည့်ကားမျှ မသွင်းရအောင် ကြိုတင်စီမံထားခြင်းလို့ မြင်မိပါတယ်။

ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှာ ညာကိုင်း Chassis နဲ့သာ ထုတ်လုပ်တဲ့အတွက် ဖြစ်ပါတယ်။ ထိုင်း Custom ရဲ့ ထောက်ခံချက်နဲ့ ဝင်လို့ရတယ် ဆိုဦးတော့ ထိုင်းကလည်း Transit ပိတ်လိုက်ပါပြီ။ ကျွန်တော်တို့ နယ်စပ်ပေါက်ကို မည်သို့မျှ ဟာကွက်မရှိစေရအောင် ပိတ်ဆို့လိုက်တာလို့ပဲ မြင်မိပါတယ်။ Policymaker များအနေနဲ့ ကျွန်တော်တို့ နယ်စပ်ပေါက်ကို ဖွံ့ဖြိုးတိုးတက်မှုကို မမြင်ချင်လို့လား။ ဒါမှမဟုတ် ထည့်သွင်း စဉ်းစားမှုတောင်မှ မရှိတာလားလို့ မေးချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ တစ်ပေါက်တည်း ဖွံ့ဖြိုးတိုးတက်လို့ မရပါဘူး။ ဘက်ပေါင်းစုံ နေရာစုံ တိုးတက်မှဖြစ်ပါမယ်။ကျွန်တော်တို့နိုင်ငံဟာ Democracy စနစ်ကို ကျင့်သုံးနေတဲ့  နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတဲ့ ဝိသေသနဲ့အညီ  တန်းတူအခွင့်အရေး ရသင့်တယ်လို့ ထင်မြင်မိပါတယ်။ Policymaker များအနေဖြင့် နောင်ဖြစ်လာမည့် အကျိုးရလဒ်ကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီလို့ အဓိက ပြောလိုပါတယ်” ဟု နယ်စပ်မှ မော်တော်ယာဉ် တရားဝင် တင်သွင်းရောင်းဝယ်သူ ဦးဇော်မော်ထွန်းက ပြောပါတယ်။

အရင် လွန်ခဲ့တဲ့နှစ်နှစ်က သိန်းတစ်ရာအောက်နဲ့ ကိုယ်ပိုင်ကား ဝယ်စီးနိုင်တယ်ဆိုရင် ခု မူဝါဒတွေ ပြောင်း၊ အခွန်တွေ တိုးမြှင့်လိုက်တော့ သိန်း၂၀၀ ဝန်းကျင် ဖြစ်သွားပါပြီ။ ကားဈေးတွေတက်တာ ကောင်းတဲ့လက္ခဏာလား။ ပြည်သူတွေကို နစ်မွန်းစေတာလား ဆိုတာ အစိုးရအနေနဲ့ စဉ်းစားသင့်ပါတယ်လို့လည်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မြဝတီဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မမိုးကလည်း “ကျွန်မတို့က တကယ့်အခွန်ဆောင်နေတဲ့ ပြည်သူတွေပါ။ တစ်ဖက်သတ်ဆန်တဲ့ ကိစ္စမျိုးနဲ့တော့ လာမသတ်ပါနဲ့။ လူတိုင်း အခွင့်အရေးပေးပါ။ ဘယ်ကိုင်းသမားကို ပေးတာ လက်ခံပါတယ်။ ဆက်လုပ်ပါ။ တစ်ဖက်သတ်ကြီး ညာကိုင်း ပိတ်တာကတော့ လုံးဝမဖြစ်သင့်ဘူး။ အားလုံး မျှမျှတတ တွေးပြီး မျှမျှတတလေး လုပ်ပေးကြလေဗျာ။ နယ်စပ်မှာ နေထိုင်စားသောက်နေတဲ့ ကားသမားတွေရဲ့ ဘဝကိုလည်း တစ်ချက်လောက်ငဲ့ကြည့်ပါဦး။  ခင်ဗျားတို့လူတွေ လုပ်တာပြီးလို့ ဝပြီဆိုတော့ ပိတ်လိုက်တာကတော့ မကောင်းဘူးလေ။ ဆင်းရဲချမ်းသာအားလုံးက မြန်မာနိုင်ငံသားတွေပါ။ ပိုက်ဆံရှိတဲ့နောက်ကို မလိုက်ကြပါနဲ့ လူကြီးမင်းတို့ ရေ။ ကိုယ်ချင်းစာတရားလေးလည်း ရှိပါဦးလို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

“ဘယ်မောင်းညာမောင်း ရွေးချယ်မှုက တစ်ဦးချင်းရဲ့ ကိုယ်ပိုင်အခွင့်အရေးပါ။ လမ်းနဲ့ ဘယ်မောင်း ညာမောင်း မကိုက်တာထက်  Safety Standard နဲ့တိုင်းရင် မကောင်းဘူးလား။ ဂျပန် Toyota, Honda, Lexux စတဲ့ကားတွေက Safety 4 Star 5 Star တွေပါ။ တချို့ Europe ကားတွေထက်တောင် သာတာတွေ ရှိနေပါတယ်။ ပြည်တွင်းထုတ်ကို အားပေးစေချင်တာ မှန်ပါတယ်။ တကယ် အမှန်အကန် ထုတ်နိုင်ပြီလား။ ထုတ်တဲ့ကားတွေကကော  Drive Test လုပ်ပြီး ဘယ်က  Approval လုပ်ထားပါသလဲ။ သွင်းလာမယ့် Europe 2014 အထက် Euro 5 6 တွေအတွက် ဆီ အဆင့်မီ ရှိနေပြီလားဆိုတာလည်း စဉ်းစားစရာ၊ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ” လို့လည်း စီးပွားရေးလုပ်ငန်းရှင် ကိုဉာဏ်ထက်က ပြောပါတယ်။

ဒါ့အပြင် နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ရောင်းဝယ်ခဲ့တဲ့  သောင်ရင်းတစ်ဖက်ကမ်းက ဂျပန်တစ်ပတ်ရစ်ကား ဈေးကွက်မှာလည်း နိုဝင်ဘာ ၁၃ ရက်ကစပြီး ထိုင်းအကောက်ခွန်ဌာနက လုံးဝဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ဂျပန်တစ်ပတ်ရစ်ကားတွေကို ဘန်ကောက် ဆိပ်ကမ်းမှတစ်ဆင့် ကွန်တိန်နာကားကြီးတွေနဲ့ တင်ဆောင်ပြီး မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းကမ်းစပ်ကို  သယ်ယူလာပြီး သိုလှောင်ရောင်းချကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ယခုအခါ ထားသိုလှောင်ရောင်းချမှုကို တားမြစ်လိုက်တဲ့အတွက် မြန်မာဘက်သို့ ရွေ့လာခဲ့တယ်လို့လည်း သိရပါ တယ်။

ကားဈေးကွက် ကမောက်ကမ ဖြစ်ရုံမက ခုဆိုရင် ထိုင်းဘက်က ကားတွေ မြန်မာနိုင်ငံဘက်ကို ကူးသွားလု့ိ ထိုင်းဘက်ဂိတ်တွေမှာ ကားတွေမရှိတော့ဘူး။ ဈေးကလည်း  တစ်စီး ဘတ်တစ်သောင်းကနေ သုံးသောင်းအထိ မြင့်တက်သွားပါတယ်။ ထိုင်းဘက်က ကားရောင်းတဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေဆိုလည်း အလုပ်လက်မဲ့ဖြစ်ပြီး တချို့ဆိုရင် ရွာ ပြန်သွားသူတွေလည်း ရှိတယ်။

ကားဝယ်ရောင်းလုပ်ငန်း မရှိတော့ ပတ်ဝန်းကျင်မှာရှိတဲ့ ကြက်သွန်ရွေးလုပ်ငန်းတွေ၊ အထမ်းသမားလုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်နေကြရပေမဲ့ အများစုကတော့ နေရပ်ကို ပြန်သွားတာ များပါတယ်လို့ယခင် ထိုင်းဘက်ကမ်းက ဂျပန် တစ်ပတ်ရစ်ကား ဝယ်ရောင်းဝင်းအတွင်း လုပ်ကိုင်နေသူ ကိုလှဝင်းက ပြောပါတယ်။

ကားဝယ်ရောင်းစီးပွားရေး ထိုင်းလုပ်ငန်းရှင်တွေ၊ ပါကစ္စတန်တွေက သောင်ရင်းမြစ်ကမ်းစပ်မှာ ရက် ၉၀ ထားပြီး သိုလှောင်ရောင်းချကြရာကနေ Without ကားဈေးကွက် တွင်ကျယ်လာတာ ဖြစ်ပါတယ်။ ယခု နိုဝင်ဘာ ၁၁ ရက်က စလို့ ကားဈေးကွက်သစ်အဖြစ် မြန်မာနိုင်ငံသို့ရွှေ့လာခဲ့ပေမယ့်  ဝယ်လက်တွေ စိတ်ဝင်စားမှု လျော့နည်းနေတယ်လို့သိရပါတယ်။

“ဂျပန်ကား သိုလှောင်ရောင်းချမှုကို ထိုင်းနိုင်ငံ အကောက်ခွန်ဌာနက ရပ်ဆိုင်းတော့မယ် ဆိုကတည်းက အရောင်းသွက်သွားတယ်။ တစ်နေ့ကို သုံးလေးရာအထိ ကူးနေရတာတွေ့နေရတယ်။ ခုတော့ အရောင်းအဝယ် ကွက်ကြားဖြစ်နေပေမဲ့ ကားဈေးတွေ တက်သွားတယ်။ ယခင် ကားရောင်းတဲ့ဝင်းတွေ လုပ်ကိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့  မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်သွားတဲ့အတွက် မိသားစု စားဝတ်နေရေးတွေ အခက်အခဲ ဖြစ်လာနိုင်ပါတယ်” ဟု ကားဝယ်ရောင်း လုပ်သူတစ်ဦးက ပြောကြားပါတယ်။

ထိုင်းဘက်မှာတော့ မြင်တဲ့အတိုင်းပါပဲ။ ကားနဲ့တူတာတောင် မရှိတော့ဘူး။ ကွန်တိန်နာတွေလည်း မဝင်တော့ဘူး။ ကွန်တိန်နာ ကားအဝင် မရှိတော့တဲ့အတွက် မြန်မာဘက်ကို ရောက်ရှိနေတဲ့ကားကို ဈေးတင်ရောင်းချကြတယ်။ ဒါပေမဲ့ ဝယ်လက်ကတော့ အရင်လို  မလာတော့ဘူး။ ကားဝယ်သူတွေက ထိုင်းဘက်မှာ ဝယ်ရတာကိုပဲ စိတ်အားထက်သန်ကြတယ်။ ဒီ ကားတင်သွင်းရောင်းဝယ်မှု လုပ်ငန်းကို အမှီပြုနေတဲ့ အလုပ်သမားတွေကတော့ လောလောဆယ် အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

တကယ်လို့ ကွန်တိန်နာတွေ လုံးဝပိတ်သွားရင်၊ ကားဝယ်ရောင်းလုပ်နေတဲ့ ကုန်သည်ကြီးတွေ၊ ပါကစ္စတန်တွေကတော့ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ဒီကားဝယ်ရောင်း လုပ်ငန်းဈေးကွက်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေ၊ ကယ်ရီသမားတွေ၊ ပွဲစားတွေ၊ တစ်နိုင်တစ်ပိုင် ကုန်သည်ဝယ်ရောင်းလုပ်သူတွေ အောက်ခြေ အလုပ်သမားတွေ နစ်နာပါမယ်။ အလုပ်လက်မဲ့တွေ ဖြစ်လာမယ်။ မြဝတီနယ်စပ်မှာ အလုပ်လာလုပ်တာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွားများလို့ပါ။ အလုပ်လက်မဲ့ပြဿနာ ဖြစ်လာရင် လူတွေ စီးပွားရေး နိမ့်ကျလာမယ်။ သူတို့နောက်မှာ မိသားစုတွေ ရှိတယ်။ စားဝတ်နေရေးတွေ ခက်ခဲလာမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးလာရင် လူတွေဟာ လမ်းကြောင်းသွေဖြည်လာနိုင်ပါတယ်လို့လည်း ကားဝယ်ရောင်းလုပ်သူတစ်ဦးက ပြောကြားပါတယ်။

ကားဝင်းအတွင်း ဝယ်ရောင်းလုပ်နေသူတစ်ဦးက ကားတွေ ဈေးတက်သွားပါတယ်။ ယခင်က ဘတ် ၁၅၀၀၀၀  ဈေးရှိတဲ့ ကလူဂါ  CLUGAR တွေ ယခု ဘတ် ၁၇၀၀၀၀ အထိ မြင့်သွားပါတယ်။ မြန်မာငွေနဲ့ဆို ကားတစ်စီး ကျပ် ၈၀၀၀၀၀ ကျော် မြင့်တက်သွားတယ်။ အနိမ့်ဆုံး Honda Fit လေးတွေတောင် ယခု ဘတ် ၆၀၀၀၀ ဝန်းကျင် မြင့်တက်သွားတဲ့အတွက် ယခင်ထက် မြန်မာငွေကျပ် ၄၀၀၀၀၀ ခန့်မြင့်တက်သွားပါတယ်။ ဈေးသာ မြင့်တက်သွားပေမဲ့ အရောင်းအဝယ်ကတော့ အေးပါတယ်လို့ဆိုတယ်။

ဂျပန် တစ်ပတ်ရစ်ကားတင်သွင်းရောင်းဝယ်မှု လုပ်ငန်းနဲ့ပတ်သက်လို့ ကားဝယ်ရောင်းလုပ်သူတစ်ဦးက “လိုင်စင်မဲ့ကားတွေ ကရင်ပြည်နယ်အတွင်းမှာ ဈေးပေါပေါနဲ့ အဆင်ပြေနေတယ်ပေါ့ဗျာ။ တစ်ဖက်က ကြည့်မယ်ဆိုရင်တော့ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေအရ ဘောင်မဝင်ပေမဲ့ ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေ ဈေးနည်းနည်းနဲ့ ကားစီးနေရတယ်။ သို့ပေမဲ့ ခုလို ဂျပန် တစ်ပတ်ရစ် ကားတင်သွင်းရောင်းဝယ်မှု ထိုင်းဘက်က ပိတ်သွားတဲ့အတွက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်းမှာရှိနေတဲ့သူတွေဟာ သိန်း ၂၀-၃၀ ဝန်းကျင်နဲ့ ကားမစီးရတော့ဘူးပေါ့။ ဘာပဲပြောပြော၊ လိုင်စင်နဲ့ တရားဝင် တင်သွင်းတာဖြစ်စေ၊ လိုင်စင်မဲ့သွင်းတာဖြစ် စေလုပ်ငန်းရပ်သွားရင် ဒီလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့သူ၊ အမှီသဟဲပြုနေတဲ့ မိသားစုတွေ အားလုံးက အလုပ်အကိုင် အခက်အခဲ ဖြစ်ကာ မိသားစုဘ၀၀မ်းရေးအတွက် အခက်အခဲရှိနေပြီ” လို့ဆိုပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက ကားတင်သွင်းမှုလုပ်ငန်းကို အဝါကတ်ပြလာခဲ့တာ ယခု ၂၀၁၈ မူဝါဒ အပြောင်းအလဲမှာတော့ နှစ်ဝါတစ်နီနဲ့ ကားတင်သွင်းမှု လုပ်ငန်းကွင်းပြင်ကြီးကနေ အပြီးအပိုင် ထုတ်ပယ်ခံလိုက်ရပြီလို့ ဆိုရပါတော့မယ်။

Most Read

Most Recent