မြန်မာ့ထွက်ကုန်များကို ကုန်ကြမ်းတင်ပို့သည်ထက် တန်ဖိုးမြှင့်တင်ကုန်များထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာ့ထွက်ကုန်များကို ကုန်ကြမ်းတင်ပို့သည်ထက် တန်ဖိုးမြှင့်တင်ကုန်များထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 10 December 2017

ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာ-၂ (MICC-2) တွင်ကျင်းပသည့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် Myanmar Enterpreneurship 2017 အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ်

မြန်မာ့ထွက်ကုန်များကို ကုန်ကြမ်းတင်ပို့သည်ထက် တန်းဖိုးမြှင့်တင်ကုန်များထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့နိုင်ငံဟာ တကယ်တော့ လယ်ယာထွက်ကုန်၊ သယံဇာတအရင်းအမြစ်တွေ ပေါကြွယ်ဝပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ အရည်အသွေးမှာမယှဉ်နိုင်တဲ့အတွက် အခက်အခဲကြုံတွေ့နေရတာကိုလည်း အားလုံးသိကြမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံကထွက်ကုန်တွေကို ဝယ်လိုအားဈေးကွက်အပေါ်အခြေခံပြီး နည်းပညာအသစ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့အရည်အသွေးရရှိအောင် တီထွင်ဆန်းသစ်ထုတ်လုပ်ပြဖို့၊ ကုန်ကြမ်းတင်ပို့ရောင်းချတာထက် တန်ဖိုးမြှင့်တင်ကုန်တွေကို ထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့ရောင်းချနိုင်ဖို့ လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာ-၂ (MICC-2) တွင်ကျင်းပသည့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် Myanmar Enterpreneurship 2017 အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း တိုးတက်လာစေရန်အတွက် ငွေကြေး၊ ဈေးကွက်နှင့် လမ်းညွှန်ပေးမှုလိုအပ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ရင်းနှီးငွေ၊ ချေးငွေရရှိမှုသည် ခက်ခဲနေသည်ကို သိရှိသော်လည်း ဘဏ်ချေးငွေတစ်ခုတည်းမဟုတ်ဘဲ အခြားနည်းလမ်းများအား ကြံဆဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သမားရိုးကျ ဘဏ်ချေးငွေတစ်ခုတည်းကိုသာအားမကိုးဘဲ အောင်မြင်သည့်လုပ်ငန်းရှင်ကြီးများက စတင်စလုပ်ငန်းသစ်လေးများတွင် အစုရှယ်ယာထည့်ဝင်ပြီး လုပ်ငန်းသစ်များ အောင်မြင်ရန် ပူးပေါင်းကူညီပေးရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လုပ်ငန်းကြီးတွေအနေနဲ့ လုပ်ငန်းလေးတွေ ရေရှည်တည်တံ့နိုင်ဖို့အတွက် ကူညီပံ့ပိုးပေးခြင်းအားဖြင့် ကိုယ်ပိုင်အရင်းအနှီးထည့်ဝင်မှုအခွင့်အလမ်းများ ပိုပြီးတော့လည်း တိုးတက်လာမယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ ဒုတိယဖြစ်တဲ့ ဈေးကွက် Market နဲ့ပတ်သက်လို့ လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ကလိုအပ်နေတဲ့ ကုန်စည်ဝန်ဆောင်မှုတွေအပေါ်မူတည်ပြီး ထုတ်လုပ်နေရုံသာမက ကိုယ်ထုတ်လုပ်တဲ့ပစ္စည်းတွေအတွက် ဈေးကွက်ဖန်တီးနိုင်ဖို့က အများကြီးအရေးကြီးပါတယ်။ ခိုင်မာတဲ့ဈေးကွက်တစ်ခုရရှိဖို့အတွက် အစိုးရကိုသာ အားကိုးနေရတာမျိုးမဟုတ်ဘဲ လူငယ်လုပ်ငန်းတွေကလည်း ကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့ တစ်ဖက်တစ်လမ်းကနေ ဈေးကွက်ရအောင်ရှာဖို့ လိုအပ်ပါတယ်။ ကိုယ်ထုတ်လုပ်တဲ့ ကုန်ပစ္စည်းပုံစံအရည်အသွေးတွေကို သမားရိုးကျမဟုတ်ဘဲ ဆန်းသစ်တီထွင်မှုတွေ ပေါင်းစပ်ဖြစ်အောင်လုပ်ပြီးတော့ ဈေးကွက်မှာတွင် ကျယ်သွားအောင်၊ ထိုးဖောက်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“တတိယကျတော့ လမ်းညွှန်ပေးမှု Mentorship ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်များအနေနဲ့ အာဆီယံဒေသအတွင်း အောင်မြင်နေတဲ့လုပ်ငန်းရှင်များဆီက အကြံဉာဏ်တွေ၊ အထောက်အပံ့တွေ၊ ရနိုင်မယ့်လမ်းညွှန်ပေးမယ့် သူတွေရဲ့ကွန်ရက် Mentorship နက်ဝပ်တစ်ခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း အောင်မြင်ပြီးသားလုပ်ငန်းရှင်ကြီးများအနေနဲ့ အခုမှလုပ်ငန်းစတင်နေတဲ့ လူငယ်လုပ်ငန်းရှင်အသစ်တွေကို အားပေးကူညီနိုင်ဖို့ လမ်းညွှန်ပေးသူများ၏ ကွန်ရက်တစ်ခုတည်ထောင်သင့်ပါတယ်လို့ ကျွန်မပြောကြားလိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် စီးပွားရေးလုပ်ငန်းသစ်များ စတင်တည်ထောင်ပေးတဲ့ ဗဟိုဌာနတည်ထောင်ပြီး အဲဒီဌာနတွေကနေ လုပ်ငန်းစတင်လုပ်ကိုင်လိုသူတွေ၊ လုပ်ငန်းငယ်လေးတွေကို သူတို့ရဲ့လုပ်ငန်းစတင်တဲ့အချိန်မှာ အထောက်အကူပြုစေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီဆောင်ရွက်ပေးနေကြပါတယ်။ ဒီလိုနမူနာကောင်းတွေကိုအတုယူပြီး ကျွန်မတို့မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်းသစ်များ စတင်ပျိုးထောင်ပေးတဲ့ ဗဟိုဌာနတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိအစိုးရအနေဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးလုပ်ဆောင်လျက်ရှိပြီး စွန့်ဦးတီထွင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွန့်ဦးတီထွင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေမူဝါဒများ ချမှတ်နိုင်ရန် မြန်မာ့စွန့်ဦးတီထွင်လုပ်ငန်းများအသင်းမှဦးဆောင်ကာ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံမှာ ပထဝီဝင်အနေအထားအရ မဟာဗျူဟာကျတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လူဦးရေအများဆုံးနိုင်ငံတွေဖြစ်ပြီး စီးပွားရေးအရ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ တရုတ်နိုင်ငံနဲ့ အန္ဒိယနိုင်ငံတို့အကြားမှာရှိနေပါတယ်။ ဒါဟာ အားသာချက်တွေအများကြီးရှိသလို စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်။ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရမှာဖြစ်သလို အားသာချက်တွေကိုလည်း အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချသွားနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်” ဟုပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ရဲ့လူငယ်တွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ အလင်းနှစ်တွေဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့လူမျိုးတွေဟာ နောင်တစ်ခေတ်မှာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိစွာနဲ့ ရပ်တည်သွားနိုင်ဖို့အတွက် အခုလူငယ်တွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ အလားတူ ကျွန်မတို့နိုင်ငံ သိက္ခာရှိရှိ တောင့်တင်းခိုင်မာစွာ ရည်တည်နိုင်ဖို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့က အရေးကြီးပါတယ်။ လူငယ်အင်အားနဲ့ စီးပွားရေးအင်အားပေါင်းပြီး ကျွန်မတို့ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမှာဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာလူငယ်တွေဟာ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ် ပွင့်လင်းလွတ်လပ်တဲ့ အတွေးအခေါ်တွေကို လက်တွေ့အကောင်အထည်ဖော်ပြီး အများအကျိုးအတွက် ကြိုးပမ်းဆောင်ရွက်လိုတဲ့ စိတ်ထားတွေရှိကြပါတယ်။ ကျွန်မတို့နိုင်ငံမှာ စွန့်ဦးတီထွင်မှုတစ်ရပ် ဖြစ်ပေါ်လာဖို့အတွက် အစိုးရအပိုင်းအနေနဲ့လည်း ပြည်ထောင်စုအဆင့်သာမက တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကပါ ကိုယ့်တိုင်းဒေသမှာရှိကြတဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေအပေါ် အားပေးကြဖို့တိုက်တွန်းပါတယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံလုပ်ငန်းရှင်များအနေဖြင့် ဒေသဆိုင်ရာအစီအစဉ်များမှရရှိလာသည့် အတွေ့အကြုံများအား ကိုယ့်နိုင်ငံမှလူငယ်များကို ပြန်လည်မျှဝေရန်လိုအပ်မည်ဖြစ်ပြီး အဆိုပါအတွေ့အကြုံများအားအခြေခံကာ တီထွင်ဆန်းသစ်မှုများပြုလုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent