လူသတ်၊ လုယက်မှုဖြင့် အငှားယာဉ်မောင်းနှင်သူအမျိုးသမီးအား ပုဒ်မနှစ်ခုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး တပေါင်းတည်းကျခံစေရန် အမိန့်ချ

လူသတ်၊ လုယက်မှုဖြင့် အငှားယာဉ်မောင်းနှင်သူအမျိုးသမီးအား ပုဒ်မနှစ်ခုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး တပေါင်းတည်းကျခံစေရန် အမိန့်ချ
Published 10 December 2017

အမျိုးသားတစ်ဦးကိုသတ်မှုဖြင့် အငှားယာဉ်မောင်း အမျိုးသမီးအား ပုဒ်မနှစ်ခုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

“သူ့ကို ၃၀၂ (၂) နဲ့က ၁၀ နှစ် ၃၉၂ နဲ့က ၁၀ နှစ် အမိန့်ချလိုက်ပါတယ်။ တပေါင်းတည်းဆိုတော့ ၁၀ နှစ်ပဲကျခံရမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက် နံနက် ၆ နာရီခန့်တွင် လှိုင်မြို့နယ် (၇) ရပ်ကွက် မယ်ဇီကုန်းလမ်းနှင့် သရက်မြိုင်လမ်းကြားတွင် အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာတွင် သေဆုံးသူမှာ ကုမ္ပဏီဝန်ထမ်းဖြစ်သူ မရမ်းကုန်းမြို့နယ်နေ သီဟဇော် (၃၀ နှစ်) ဖြစ်ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းရာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက် ည ၇ နာရီခန့်တွင် FILDER အမျိုးအစား အငှားယာဉ်တစ်စီးကလာခေါ်သွားပြီး ယာဉ်မောင်းသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရသဖြင့် လာရောက်ခေါ်ဆောင်သူ အမျိုးသမီးအား ထပ်မံစုံစမ်းခဲ့ကြောင်း သိရသည်။

စစ်ဆေးစုံစမ်းချက်များအရ သေဆုံးသူသီဟဇော်အသုံးပြုသော လူမှုကွန်ရက် Facebook တွင် သူငယ်ချင်းဖြစ်သူ ဇင်လေးဆိုသူအား မှတ်တမ်းဓာတ်ပုံရယူ၍ အုပ်ချုပ်ရေးအဖွဲ့များ၊ အမာခံသတင်းပေးများထံ ဇင်လေး၏ဓာတ်ပုံများ လိုက်လံပြသစုံစမ်းခဲ့ရာ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းအားဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းမှာသေဆုံးသူ သီဟဇော်အား လာရောက်ခေါ်ဆောင်ခဲ့သည့် အငှားယာဉ်အား မောင်းနှင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁ နာရီ မိနစ် ၅၀ တွင် ယာဉ်မောင်းနှင်ပြီး နေအိမ်သို့ပြန်လာသူ မသဇင်ခိုင် (ခ) ဇင်လေး (ခ) သဇင် (ခ) သဇင်ဖြိုး၊ (၃၂ နှစ်) အား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာ ၎င်း၏လက်ကိုင်ဖုန်း၌ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိအသုံးပြုခဲ့သည့် ဆက်သွယ်မှုအားလုံး ဖျက်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အမှုနှင့်တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူ သဇင် (ခ) သဇင်ခိုင် (ခ) သဇင်ဖြိုး (ခ) ဇင်လေးအား စစ်ဆေးရာ သားဖြစ်သူကျန်းမာရေးမကောင်းသဖြင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေခုနစ်ဦးထံမှ ချေးယူထားသော ကျပ် ၂၃ သိန်းကျော်ခန့်အား ပေးဆပ်ရန်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ဧပြီတွင် Thiha အကောင့်ပိုင်ရှင်ဖြစ်သူ သီဟဇော်နှင့် သူငယ်ချင်းဖြစ်ခဲ့ပြီး သီဟဇော်နှင့် ဖုန်းဆက်သွယ်ပြောဆိုဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သောသုံးလခန့်က သီဟဇော်က ၎င်းအားရည်စားစကားပြောဆိုခဲ့ကြောင်း၊ ထို့နောက် ၎င်းနှင့် သီဟဇော်တို့ကော်ဖီဆိုင်များ၌ မကြာခဏတွေ့ဆုံကာ စကားပြောဆိုဖြစ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၃၀ ရက် ည ၁၁ နာရီခန့်တွင် သီဟဇော်နှင့် ကားပတ်မောင်းခဲ့ပြီး နံနက် ၃ နာရီခန့်တွင် ကမာရွတ်မြို့နယ်ဗဟိုလမ်းရှိ တည်းခိုခန်းတစ်ခု၌ ညအိပ်တည်းခိုခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲခန့်တွင် ၎င်းသည် တာမွေမြို့နယ် ကျောက်မြောင်းအရှေ့ရပ်ကွက်သို့ ရောက်ရှိနေစဉ် သီဟဇော်ထံမှဖုန်းဝင်လာပြီး သီဟဇော်က ၎င်း၏ကုမ္ပဏီရှိရာသို့ လာရောက်ရန်ပြောဆိုသဖြင့် နောက်ထပ်ခရီးသည်တစ်ဦးပို့ပေးရန် ကျန်သေးကြောင်းပြောဆိုကာ ဖုန်းပိတ်ထားခဲ့ကြောင်း သိရသည်။

ထို့နောက် ည ၇ နာရီ မိနစ် ၄၀ ခန့်တွင် ချိန်းဆိုရာနေရာသို့သွားရောက်ခဲ့ပြီး သီဟဇော်က ၎င်းနှင့်အတူလိုက်ပါလာခဲ့ကြောင်း၊ ၎င်းနောက် ဗိုလ်တထောင်ကမ်းနားသို့ သွားရောက်ကာ စကားပြောဆိုခဲ့ကြကြောင်း၊ ထို့နောက် ယင်းနေ့ည ၁၂ နာရီခန့်တွင် ဗဟန်းမြို့နယ်ရှိ KTV ဆိုင်တစ်ဆိုင်သို့ သွားရောက်၍ နှစ်နာရီခန့်သီချင်းဆိုခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက် နံနက် ၂ နာရီခွဲခန့်တွင် KTV ဆိုင်မှထွက်လာပြီး ကားလျှောက်မောင်းနေခဲ့ရာ နံနက် ၃ နာရီခန့်တွင် လှိုင်မြို့နယ် ဗဟိုလမ်းသို့ရောက်ရှိစဉ် ၎င်းမှာအိပ်ငိုက်လာသဖြင့် မော်တော်ယာဉ်အား လမ်းဘေးသို့ရပ်ကာ သီဟဇော်အား ကားမောင်းတတ်ပါက မောင်းနိုင်ကြောင်းပြောဆိုပြီး ကားနောက်ခန်းအတွင်းသို့ ဝင်ထိုင်စဉ် သီဟဇော်က အောက်သို့အပေါ့သွားရန် ဆင်းသွားကြောင်း၊ ထို့နောက် သီဟဇော်ယာဉ်ပေါ်သို့ပြန်တက်စဉ် ၎င်းမှယာဉ်ပေါ်တွင် အသင့်ဆောင်ထားသော ဓားမြှောင်ဖြင့် လည်ပင်းအားထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် သီဟဇော်ဝတ်ဆင်ထားသော ဆွဲပြားပါ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်တို့အား ယူဆောင်ကာ သီဟဇော်အား အခင်းဖြစ်နေရာ၌ထားခဲ့ကြောင်း၊ ယင်းနောက် ယာဉ်ပေါ်တွင်ကျန်ရှိသည့် သီဟဇော်၏လက်ကိုင်ဖုန်း၊ လက်ပတ်နာရီ၊ ဖိနပ်တစ်ရန်နှင့် ပြစ်မှုကျူးလွန်စဉ်အသုံးပြုခဲ့သော ဓားမြှောင်တို့အား ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ကာ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏကမာကြည်တံတားပေါ်မှ ပုဇွန်တောင်ချောင်းအတွင်း လွှင့်ပစ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည့်အမှုဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် သဇင် (ခ) သဇင်ခိုင် (ခ) သဇင်ဖြိုး (ခ) ဇင်လေးအား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent