ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်များ မြန်မာနိုင်ငံသို့ အလျင်စလို မပြန်ကြရန် ကုလသမဂ္ဂ သတိပေး

ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်များ မြန်မာနိုင်ငံသို့ အလျင်စလို မပြန်ကြရန် ကုလသမဂ္ဂ သတိပေး
Published 10 December 2017

ဒီဇင်ဘာ ၄ ရက်က ဘင်္ဂလားဒေ့ရှ်ရှိ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် စောင်များပေးဝေနေစဉ် (Photo: AFP)

မိမိ သဘောဆန္ဒအလျောက် နေရပ်ပြန်ရေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းများအောက်၌  ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာ ဟုဖော်ပြ) မွတ်စလင်ဒုက္ခသည်များ မြန်မာ နိုင်ငံသို့ မပြန်မီ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်ပေါင်းသည် ၂၀,၀၀၀ ခန့်ရှိ ပြီး ဒီဇင်ဘာလအတွင်း ယခုအထိ ထွက်ပြေးလာသူ ၂၇၀ ဦးနှင့် အထက်မနည်း ရှိသောကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ထွက်ပြေးလာသည့်အရေအတွက် စုစုပေါင်းသည် ၆၄၆,၀၀၀ ရှိသွားပြီဟု UNHCR နှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချမှုအဖွဲ့ (IOM) တို့၏ စာရင်းဇယားများအရ သိရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရေးနှင့် ပတ်သက်၍ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းတွင် လက်မှတ် ရေးထိုးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်မှ သီတင်းသုံးပတ်အတွင်း ပူးတွဲလုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်းရန် ပါဝင်သည်။ ယခုအထိ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများတွင်လည်းကောင်း၊ သဘောတူညီချက် ရေးထိုးရာ၌ လည်းကောင်း UNHCR ၏ အခန်းကဏ္ဍ ပါဝင်ခြင်း မရှိသေးပေ။

“နေရပ်ပြန်ရေးကိစ္စကို အချိန်မတိုင်မီ ဒါမှမဟုတ် အလျင်စလို မပြုလုပ်ဖို့က သိပ်ကို အရေးကြီးပါတယ်။ စဉ်ဆက်မပြတ် အနေအထားမျိုး မဟုတ်တာ သိသာနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေရပ်တွေအတွင်း လူတွေ ပြန်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု UNHCR မှ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်အက်ဒဝပ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးထင်လင်းက သူ၏ အစိုးရအဖွဲ့သည် ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို နှစ်လအတွင်း စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဂျီနီဗာမြို့တွင် ဒီဇင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။ ၎င်းက လူ့အခွင့်အရေး ကောင်စီ၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါကောင်စီမှ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိက ဘင်္ဂါလီမွတ်စလင် လူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့်အတွက် မြန်မာလုံခြုံရေးတပ်များ၌ အပြစ်ရှိနိုင်သည်ဟု ပြောကြားထားသည်။

UNHCR ၏ လက်ထောက်မဟာမင်းကြီး ကီလီကလီးမင့်သည် ဘင်္ဂလားဒေ့ရှ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲများကို တက်ရောက်ခဲ့သော်လည်း UNHCR အား အလုပ်အဖွဲ့၌  ပူးပေါင်းပါဝင်ရန် တရားဝင်ဖိတ်ကြားထားခြင်း မရှိကြောင်းနှင့် ဆွေးနွေးမှုများသည် အလွန် အကြိုသဘောအဆင့်၌သာ ရှိသေးကြောင်း အက်ဒဝပ်က ပြောကြားခဲ့သည်။

အက်ဒဝပ်က အဖွဲ့၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေခြင်း ရှိ မရှိကို ပြောကြားနိုင်ခြင်း မရှိသော်လည်း UNHCR သည် ပူးတွဲလုပ်ငန်း အဖွဲ့၌ ပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

 

 

Most Read

Most Recent