<

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နေပြည်တော် MICC-2 ၌ ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သော နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်မျိုး)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားသည်။

နေပြည်တော်၌ ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သည့် ၂၀၁၇ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲဖွင့်ပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နိုင်ငံတော်သမ္မတ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“စိုးရိမ်စရာမရှိပါဘူး။ ဒီမှာ သမ္မတကြီး ကတော်ရှိတယ် (ဘေးတွင် ပါလာသည့် နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်စုစုလွင်အား ရည်ညွှန်း)။ ပြုစုစောင့်ရှောက်ဖို့။ ဒီလောက် ပြုစုစောင့်ရှောက်ဖို့ တစ်ယောက်ရှိနေတာ ဘာစိုးရိမ်စရာရှိလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ တိုကျိုမြို့တွင် ကျင်းပမည့် University Health Coverage (UH-C) Forum 2017 တက်ရောက်ရန်နှင့် ဆက်ဆံရေးမြှင့်တင်ရန် မကြာမီကာလအတွင်း ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဆေးစစ်ခံယူမှုများ ပြုလုပ်ခဲ့ရာ၌ အူလမ်းကြောင်းတွင် Colonic Polyp တွေ့ရှိ၍ ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်တွင် လိုအပ်သည့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ရာ ခွဲစိတ်ကုသမှု အောင်မြင်မှုရှိကြောင်း နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ နိုင်ငံတော်သမ္မတ၏ ကျန်းမာရေး အခြေအနေအား ထုတ်ပြန်ထားပြီးနောက် ယခုရက်ပိုင်းတွင် သတင်းများ၌ ပြန်လည် ထွက်ပေါ်လာသည့် သမ္မတဦးထင်ကျော်၏ ဓာတ်ပုံများတွင် ခန္ဓာကိုယ်အနည်းငယ် ပိန်သွားသည့်ပုံစံ ဖြစ်ပေါ်နေသောကြောင့် သမ္မတ၏ ကျန်းမာရေးအရ သမ္မတနေရာတွင် လူစားထိုး အပြောင်းအလဲရှိနိုင်ကြောင်း ပြင်ပ၌ပြောဆိုမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ ဂျပန်နိုင်ငံအား သွားရောက်မည့် ခရီးစဉ်ကို တရားဝင် ကြေညာလာခြင်း ဖြစ်သည်။

ယခု ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒက်ပရယ် ဘိုရိုနစ်နိုရိုဒွန်သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ ဖေဖော်ဝါရီလအတွင်း ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်နှင့် တွေ့ဆုံခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်းမြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်များ ပြန်လည် စတင်ရေး၊ ပညာရေးကဏ္ဍအပိုင်းတွင် ကျောင်းသားများ အပြန်အလှန် စေလွှတ်ရေး၊ ဘာသာစကားများ အပြန်အလှန် လေ့လာသင်ကြားနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများ အပါအ၀င် လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှုများအား ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဧပြီလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခချန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာကျန်းတဲ့ကျန်းတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းတို့ ဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူများက နှစ်နိုင်ငံအစိုးရအကြား ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပစ္စည်းများအား တရားမ၀င် တူးဖော်ခြင်း၊ မှောင်ခိုတင်သွင်း ရောင်းချခြင်း ကိစ္စရပ်များကို ကာကွယ်ဟန့်တားနိုင်ရေးအတွက် သဘောတူညီမှုစာချုပ်၊ စီးပွားရေးနှင့် အတတ်ပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်၊ ပို့ဆောင်ရေးကဏ္ဍနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ နှစ်စောင်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် အောက်တိုဘာ ၂၆ ရက်က နတ်ရွာစံ ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂ်ျ၏ တော်ဝင်ဈာပန အခမ်းအနားသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ နောက်ဆုံး သွားရောက်ခဲ့သည်။

NLD ပါတီ ဦးဆောင်သော အစိုးရသစ် တက်လာပြီးနောက် ၂၀၁၆ ခုနှစ် မေ ၆ ရက် တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလျက် ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ နေ့ချင်းပြန်ခရီးစဉ် သွားရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း မြန်မာ – လာအို နှစ်နိုင်ငံအကြား ချစ်ကြည်ရေးတံတား တည်ဆောက်ပြီးနောက်ပိုင်း နှစ်နိုင်ငံအစိုးရချင်း၊ ပြည်သူချင်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်သည့် ပူးတွဲကော်မရှင် အစည်းအဝေး၊ နယ်ခြားကော်မတီ အစည်းအဝေးများတွင်လည်း သက်ဆိုင်ရာနိုင်ငံများအလိုက် ၀န်ကြီးဌာနအဆင့် ဆွေးနွေးဆောင်ရွက်သွားရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ထို့နောက် ၂၀၁၆ ခုနှစ် မေအတွင်း၌ပင် နိုင်ငံတော်သမ္မတသည် ရုရှား-အာဆီယံ ဆက်ဆံရေးနှစ် (၂၀) ပြည့် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သီးခြားတွေ့ဆုံကာ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရေး၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍအနေဖြင့် မော်စကိုနှင့် ရန်ကုန် လေကြောင်း ၀န်ဆောင်မှုများ ပြန်လည် စတင်ရေး၊ စွမ်းအင်ကဏ္ဍတွင် လာရောက်ရင်း နှီးမြှုပ်နှံသည့် ကုမ္ပဏီအနေဖြင့် လူမှုရေးဆိုင်ရာ ပူးပေါင်းတာဝန်ယူမှုများကို ဆောင်ရွက်ပေးရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့အတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံသမ္မတ မစ္စတာပရာနာ့ဗ်မူခါဂျီးနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တို့အား သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့ရှေ့မှောက်၌ နှစ်နိုင်ငံ တာဝန်ရှိသူများ က မြန်မာနိုင်ငံရှိ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ တမူး-ကျီကုန်း-ကလေးဝလမ်းပိုင်းရှိ တံတားများနှင့် ချဉ်းကပ်လမ်း တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံရှိ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ ပလက်ဝ-ယာကြီးကားလမ်းပိုင်း တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှု စာချွန်လွှာ၊ တိုင်းရင်းဆေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာနှင့် ပြန်ပြည့်မြဲစွမ်းအင် နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ချစ်ကြည်ရေးခရီးနှင့် (၈) ကြိမ်မြောက် CLMV ၊(၇) ကြိမ်မြောက် ACMECS ထိပ်သီး အစည်းအဝေးများနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် မဲခေါင်ညီလာခံသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာကျန်းဒိုက်ကွမ်းနှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ CLMV နှင့် ACMECS မူဘောင်အောက်တွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးတို့ ပါဝင်သည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် လွမ်းသူ့ပန်းခွေချ အခမ်းအနားသို့ တက်ရောက်ရန် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက်က ထိုင်းနိုင်ငံသို့ နေ့ချင်းပြန် သွားရောက်ခဲ့သည်။

December 9, 2017














Copy Protected by Chetan's WP-Copyprotect.