ဘင်္ဂါလီဒုက္ခသည်အရေးကို ကြီးမားသော လုံခြုံရေးအန္တရာယ်ဟု ICG သတိပေး

ဘင်္ဂါလီဒုက္ခသည်အရေးကို ကြီးမားသော လုံခြုံရေးအန္တရာယ်ဟု ICG သတိပေး
Published 8 December 2017

နိုဝင်ဘာ ၂၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘာလူခါလီဒုက္ခသည်စခန်းအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo - AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ခနော်နီခနော်နဲ့ ဒုက္ခသည်စခန်းများ၌ ဘင်္ဂါလီမွတ်စလင်များ ရေရှည်ရွှေ့ပြောင်းနေထိုင်နေရခြင်းသည် ကြီးမားသော လုံခြုံရေးအန္တရာယ်ဖြစ်သည်ဟု ပဋိပက္ခများကို လေ့လာသုံးသပ်သည့် ICG အဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် ရွှေ့ပြောင်းလာသူများအကြား အကြမ်းဖက်သမားများကို လူသစ်စုဆောင်းပြီး နယ်စပ်ကိုဖြတ်ကာ မြန်မာနိုင်ငံကို တိုက်ခိုက်မှုများ စတင်ပြုလုပ်နိုင်သည့် ဖြစ်နိုင်ခြေမြင့်တက်စေသည်ဟု ဆိုသည်။

သြဂုတ် ၂၅ ရက်တွင် ARSA ဟုခေါ်သော ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများက စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းသည် လူပေါင်း ၆၂၀,၀၀၀ ကျော်ကို ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရစေသည့် မြန်မာတပ်မတော်၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုကို ဖြစ်စေခဲ့သည်။

ARSA သည် ပြန်လည်အုပ်ဖွဲ့လျက် ဆက်လက်ခိုင်မာနေစေရန် ဆုံးဖြတ်ထားပုံရကြောင်းနှင့် လာမည့်တိုက်ခိုက်မှုများအတွက် ဒုက္ခသည်စခန်းများတွင် ဆင်းရဲဒုက္ခရောက်နေသည့် ကြံမိကြံရာ ထင်ရာစိုင်းတော့မည့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) က အစီရင်ခံစာတစ်စောင်၌ ပြောကြားခဲ့သည်။

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူသစ်စုဆောင်းရန်နှင့် သင်တန်းပေးရန် အခြေခံစခန်းအဖြစ်အသုံးပြုကာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့ပြီး အမြဲတစေ နက်ရှိုင်းလာနေသည့် အကြမ်းဖက်မှု စက်ဝန်းဖြစ်လာနိုင်ခြေသည် လုံးဝအမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့သည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို တင်းမာလာစေပြီး ဘင်္ဂါလီမွတ်စလင်များအပေါ် အထင်သေးနှိမ့်ချမှုအား ပိုမိုဆိုးရွားလာစေနိုင်မည့် အနုတ်လက္ခဏာသဘောဆောင်သည့်  အကျိုးဆက်များကိုသာ အကြီးအကျယ် ဖြစ်လာနိုင်စေကြောင်းနှင့် ဒုက္ခသည်များ အခွင့်အခါကြုံသလို နေရပ်ပြန်နိုင်မည့် အလားအလာများကို ထပ်မံလျော့ကျစေလိမ့်မည် ဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

မကြာသေးမီကာလ၏ သမိုင်း၌ အဆိုးရွားဆုံးတစ်ခုဖြစ်သော အဆိုပါ ဒုက္ခသည် အကျပ်အတည်းနှင့်ပတ်သက်၍ ကမ္ဘာက အပြင်းအထန် ဝေဖန်ခဲ့ခြင်းသည် ARSA ပေါ်ထွက်လာပြီးနောက်ပိုင်း ဘင်္ဂါလီမွတ်စလင် ဆန့်ကျင်ရေးသဘောထားများ ပိုမိုမာကျောလာနေသည့် မြန်မာနိုင်ငံအတွင်း အကြီးအကျယ် ခုခံလိုသော တုံ့ပြန်မှုတစ်ရပ်ကို နှိုးဆော်ပေးခဲ့သည်။

မြန်မာနိုင်ငံသည် ရိုဟင်ဂျာဟုခေါ်ဆို နေသူများအား နိုင်ငံသားဖြစ်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးတစ်ရပ်ဟု အသိအမှတ်မပြုဘဲ တရားမဝင် ဝင်ရောက်လာသူများအဖြစ် ညွှန်းဆိုကာ ဘင်္ဂါလီများဟု ခေါ်ဆိုသည်။

ကျရောက်လာနိုင်သည့် ပြင်းထန်သော အခြားအန္တရာယ်များတွင် ဘင်္ဂါလီမွတ်စလင်တို့၏ ဒုက္ခတရားများက အယ်ကေးဒါး၊ IS နှင့် အခြားဂျီဟတ်အဖွဲ့များတို့ အပါအဝင် မွတ်စလင်ကမ္ဘာ၏ လှုပ်ရှားမှုများနှင့် အငြင်းပွားမှုများအတွက် အကြောင်းတရား ဖြစ်လာပြီး မြန်မာနိုင်ငံကို တိုက်ခိုက်မှုများပြုလုပ်ရန် တောင်းဆိုလိမ့်မည်ဟုလည်း ICG က သတိပေးခဲ့သည်။

Ref; AFP

Most Read

Most Recent