<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ကော်မတီဝင် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့အား ၂၀၁၇ ခုနှစ် ဧပြီလက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ကော်မတီဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နမ္မတူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ဒီဇင်ဘာ ၆ ရက်တွင် အတည်ပြုပြောကြားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုနှင့် ၀င်းနံကျေးရွာကြားတွင် ဒီဇင်ဘာ ၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းရင်းကြောင့် ဖြစ်ပွားသည်ကို မသိရှိကြောင်း ၎င်းက ပြောကြားသည်။

သို့ရာတွင် ယင်းတိုက်ပွဲမတိုင်မီ သုံးရက်ခန့်ကတည်းက SSPP/SSA  နှင့် TNLA တို့ကြား နှစ်ဖက်အခြေအနေ တင်းမာနေခဲ့ပြီး မိုင်းရင်နှင့် ၀င်းနံကြားရှိ နမ့်စွမ် တံတားတစ်ဖက်ဆီတွင် SSPP/SSA နှင့် TNLA နေရာယူကာ ရင်ဆိုင်နေခဲ့ကြသည်ဟု သတင်းရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောကြားသည်။

“မိုင်းရင်တို့၊ ဒီရွာတွေမှာ သူတို့က တအာင်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ စည်းကမ်းချက် သုံးချက်ကိုသူတို့ချထားတယ်ပေါ့နော်။ အဲဒါတွေကိုလိုက်နာရမယ်ဆိုပြီးတော့ သူတို့က ဆိုင်းဘုတ်တွေ လိုက်ကပ်တယ်။ ဟုတ်တယ်။ ကျွန်မလည်း တွေ့တယ်။ အဲဒီလို လိုက်ကပ်တယ်။ ကျွန်မ ကြားရသလောက်က ဆိုင်းဘုတ်က သူတို့ ဘယ်သူဖြုတ်မှန်းမသိဘူး။ တိုင်ပဲကျန်တော့တယ်။ တိုင်ပဲကျန်တဲ့အချိန်မှာ သူတို့က ရှမ်းအဖွဲ့ကို ဒါဘယ်သူလုပ်သလဲ။ ဒီရွာသားတွေကိုမေးတော့လည်း ဘယ်သူလုပ်မှန်း သူတို့ မသိဘူး။ မသိတော့ သူတို့က ရှမ်းအဖွဲ့ကို အဲဒီကိစ္စလာဖြေရှင်းဖို့ သူတို့ကခေါ်တယ်လို့တော့ပြောတယ်။ ဒါပေမဲ့ ရှမ်းအဖွဲ့က မသွားဘူး။ နောက်ပြီးတော့ သူတို့ကျေးရွာ အုပ်စုတွေမှာရှိနေတဲ့ အိမ်ထောင်စုစာရင်းကို သူတို့ဆီကို အကုန်လာပေးရမယ်လို့ပြောတယ်။ တောင်းတော့ အဲဒီမှာ ရှမ်းအဖွဲ့က မပေးနဲ့လို့ပြောတော့ အဲဒီလိုကနေစပြီးတော့ တင်းမာမှုတွေဖြစ်သွားသလား။ ဘာလားတော့ မသိဘူး။ သေချာတာကတော့ ဒီနှစ်ခုက တော့ ရွာသားတွေပြောပြလို့ သိရတာလေ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောကြားသည်။

နမ္မတူမြို့နယ်ရှိ ကျေးရွာအုပ်စုအားလုံးသည် အစိုးရထိန်းချုပ်မှုအောက်တွင်ရှိကြောင်း သိရသည်။

သို့သော် တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုင်းရင်ကျေးရွာအုပ်စုအား SSPP/SSA က ၎င်းတို့ လှုပ်ရှားနယ်မြေအဖြစ် သတ်မှတ်ထားမှုကို TNLA ၏ လှုပ်ရှားဒေသအဖြစ် လွှဲပြောင်းရယူခဲ့ကြောင်း မီဒီယာအချို့အား TNLA တာဝန်ရှိသူ၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုထံ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ဆက်သွယ်မေးမြန်းရာ ထိုကဲ့သို့ မိုင်းရင်ကျေးရွာအုပ်စုအား TNLA သို့ လွှဲပြောင်းသည့် ကိစ္စရပ်မျိုးမရှိကြောင်း ဖြေကြားခဲ့ပြီး ဖုန်းလိုင်းကောင်းမွန်ခြင်း မရှိသဖြင့် အသေးစိတ် မေးမြန်းနိုင်ခြင်း မရှိဘဲ ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဆောင်ဖြေဆိုခြင်း မရှိ၍ ထပ်မံမေးမြန်းနိုင်ခြင်း မရှိပေ။

ထို့အတူ TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်ထံ ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ဆက်သွယ်ခဲ့ရာ အစည်းအဝေး တက်ရောက်နေသဖြင့် ညနေပိုင်းမှ ပြန်လည်ဆက်သွယ်ရန် အခြားတစ်ဦးက ဖုန်းကိုင်ဆောင်ဖြေကြားသည်။

ထို့ပြင် တပ်မတော်နှင့် TNLA တို့သည် နမ္မတူမြို့နယ် ဟိုနားကျေးရွာအနီးတွင် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီလိုမဖြစ်ရင်လည်း ပြောချင်တာက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လိုအပ်တယ်။ ဒီလိုဖြစ်မှမဟုတ်ဘူး။ မဖြစ်ခင်ကတည်းက ကျွန်မတို့က မှန်ကန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သမျှ ဒီလိုဖြစ်နေဦးမှာပဲ”ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောကြားသည်။

SSPP/SSA သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်အား အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး TNLA အဖွဲ့မှာ အဆိုပါ အဆင့်များ လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

NCA စာချုပ်အား လက်မခံကြောင်း ထုတ်ဖော်ပြောကြားထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင်မူ နှစ်ဖွဲ့စလုံးပါဝင်လျက်ရှိကာ နှစ်ဖွဲ့စလုံးသည် သမိုင်းကြောင်းအရ ရှည်လျားသည့် မဟာမိတ် ဆက်ဆံရေးရှိ ကြောင်း သိရသည်။