ချောက်မြို့တွင် ရေနံပိုက်လိုင်းမှရေနံစိမ်းများ ကားလမ်းပေါ်သို့ လျှံကျသဖြင့် ဒေသခံများ ဝိုင်းဝန်းခပ်ယူခဲ့

ချောက်မြို့တွင် ရေနံပိုက်လိုင်းမှရေနံစိမ်းများ ကားလမ်းပေါ်သို့ လျှံကျသဖြင့် ဒေသခံများ ဝိုင်းဝန်းခပ်ယူခဲ့
Published 6 December 2017

ချောက်မြို့တွင် ရေနံပိုက်လိုင်းမှ ရေနံစိမ်းများ ကားလမ်းပေါ်သို့ လျှံကျခဲ့သည့် နေရာအားတွေ့ရစဉ်

မကွေးတိုင်းဒေသကြီး ချောက်မြို့ လွတ်လပ်ရေးရပ်ကွက် ချောက်- ပုဂံညောင်ဦးကား လမ်းယာဘက် ရေနံချက်စက်ရုံအနီးတွင် ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်က ရေနံပိုက်လိုင်းဘား အဆက်ပြုတ်ရာမှ ရေနံစိမ်းများကား လမ်းပေါ်သို့လျှံကျပြီး ဒေသခံများဝိုင်းဝန်းခပ်ယူခဲ့ကာ မီးဘေးလုံခြုံရေးအတွက် သန့်ရှင်းရေးများ အရေးပေါ်ဆောင်ရွက်ခဲ့ရကြောင်း ဒေသခံများနှင့် ချောက်ရေနံမြေတာဝန်ရှိသူများထံမှ သိရသည်။

ချောက်ရေနံမြေမှထွက်ရှိသည့် ရေနံစိမ်းများကို သိုလှောင်ထားသည့် ပင်မသိုလှောင်ကန်မှ ဧရာဝတီမြစ်ကမ်းသင်္ဘောဆိပ်သို့ သွယ်တန်းထားသည့် ပိုက်လိုင်း၏ဘား အဆက်ပြုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေနံစိမ်းများ ကားလမ်းပေါ်လျှံကျစဉ် ဒေသခံများက ခပ်ယူမှုများရှိခဲ့သော်လည်း ရေနံမြေတာဝန်ရှိသူများက ပြန်လည်သိမ်းဆည်းခဲ့ကြောင်း အခင်းဖြစ်နေရာသို့ ချောက်ရေနံမြေတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးများဆောင်ရွက်ခဲ့ပြီး ညပိုင်းအထိ ရေနံမြေရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ကားနှင့်အတူ လုံခြုံရေးအတွက် စောင့်ကြည့်ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ချောက်ရေနံမြေ ပင်မသိုလှောင်ကန်ကနေ သင်္ဘောဆိပ်ကို ပို့လွှတ်တဲ့ပိုက်လိုင်းက ဘားအဆက်ပြုတ်သွားခဲ့တာပါ။ ဒီလိုဖြစ်စဉ်က လုပ်ငန်းသဘာဝအရ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အများပြည်သူတွေ မစိုးရိမ်ရအောင် သန့်ရှင်းရေးတွေ အားချင်းဆောင်ရွက်ခဲ့ပြီး အခုညပိုင်းအထိ ရေနံမြေရဲတပ်ဖွဲ့ဝင်တွေအပါအဝင် မီးသတ်ကားတစ်စီးနဲ့ အစောင့်ချထားပါတယ်” ဟု ချောက်ရေနံမြေမှ မန်နေဂျာတစ်ဦးက The Daily Eleven သတင်းစာသို့ အခင်းဖြစ်သည့်နေ့ည ၆ နာရီခွဲက ပြောကြားသည်။

ရေနံယိုဖိတ်မှုဖြစ်ခဲ့သည့်နေရာအနီး နေထိုင်သူတစ်ဦးက “ရေနံတွေလမ်းပေါ်မှာ ရောက်နေချိန်ကတော့ အနီးဝန်းကျင်ကလူတွေ ခပ်ကြပါသေးတယ်။ ပြီးတော့ ရေနံကလူတွေလာတော့ ပြန်သိမ်းယူသွားကြပါတယ်။ အခုကားလမ်းပေါ်မှာ ရေနံတွေလုံးဝမရှိတော့ဘဲ ဘေးမှာဖိတ်ခဲ့တဲ့နေရာတွေကိုလည်း သဲတွေနဲ့တားထားပြီး သန့်ရှင်းရေးတွေလုပ်နေပါတယ်” ဟုပြောကြားသည်။

အခင်းဖြစ် ည ၇ နာရီအထိ အဆိုပါဖြစ်စဉ်ကြောင့် ဖိတ်လျှံခဲ့သည့် ရေနံစိမ်းပမာဏကို စိစစ်တွက်ချက်ဆဲဖြစ်ကြောင်း ချောက်ရေနံမြေနှင့် ရေနံချောင်းရေနံမြေတို့ကို Gold Petro ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်လျက်ရှိကြောင်း ချောက်ရေနံမြေမန်နေဂျာတစ်ဦးထံမှ သိရသည်။

Most Read

Most Recent