နှစ်ပေါင်း ၂၀ ကျော် ပိတ်ထားသည့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (ယခင် RC - 2 ) ၌ ရန်ကုန်တက္ကသိုလ်မှ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြား

နှစ်ပေါင်း ၂၀ ကျော် ပိတ်ထားသည့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (ယခင် RC - 2 ) ၌ ရန်ကုန်တက္ကသိုလ်မှ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြား
Published 5 December 2017

ရန်ကုန်တက္ကသိုလ်၊လှိုင်နယ်မြေ (ယခင် RC - 2) ၌ ပထမနှစ်သင်တန်းများ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရန်ကုန်တက္ကသိုလ်မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို  နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်ထားခဲ့သည့် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ (ယခင် RC-2 ) ၌ ဒီဇင်ဘာ ၄ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းများတွင် သင်တန်းသားဦးရေ ၁၀၀၀ ကျော် လက်ခံသင်ကြားသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခုမှ သင်တန်းတွေပြန်လည်ဖွင့်လှစ်ပြီး လက်ခံတာဆိုတော့ စစချင်းမှာတော့ လိုအပ်ချက်တွေ၊ အခက်အခဲတွေ အများကြီးရှိပါတယ်။ သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်ချက်တွေ ရှိပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လိုအပ်ချက်တွေ အကုန်လုံးကို ဖြည့်စွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာလည်း ကျောင်းသားဦးရေတွေက များပြားလာတော့ ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ၊ သိပ္ပံ ပထမနှစ်ကျောင်းသားတွေကို အခုလိုမျိုး လှိုင်နယ်မြေမှာ ဖွင့်လှစ်သင်ကြားရတာ ဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ  TTC ကမာရွတ်၏ KG တန်းမှ ပဉ္စမတန်းအထိ ကျောင်းသားကျောင်းသူများအား ပြည်လမ်းရှိ TTC သို့ ပြောင်းရွှေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီး၏ ဒုတိယနှစ်နှင့်အထက် သင်တန်းများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်၌လည်းကောင်း၊ ပထမနှစ် သင်တန်းများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်၌လည်းကောင်း အသီးသီးစတင်ဖွင့်လှစ် သင်ကြားခြင်း ဖြစ်သည်။

“RC - 2 ထဲမှာ တက်ရတာတော့ အရမ်းပျော်ပါတယ်။ အကြာကြီးပိတ်ထားပြီးမှ ပြန်ဖွင့်တဲ့တက္ကသိုလ်ကြီးထဲမှာ တက်ရတာ အရမ်းပျော်ပါတယ်။ ဒီနေ့ကတော့  ကျောင်းစဖွင့်တဲ့ရက်မို့ ထင်ပါတယ်။ ကျောင်းသားတွေ သိပ်မများပါဘူး။ စာလည်း မသင်ရသေးပါဘူး” ဟု နိုင်ငံတကာ ဆက်ဆံရေးပညာဘာသာရပ် ပထမနှစ်တက်ရောက်နေသူ ကျောင်းသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်း၊ ကျောင်းဆောင်ဝင်ခွင့်ကိစ္စများစသည့် ကျောင်းကိစ္စများဆောင်ရွက်ရာတွင် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်ထားသော ကျောင်းလခ၊ ကျောင်းဆောင်လခနှင့် အခြားအခကြေးငွေများကို ရန်ကုန်တက္ကသိုလ်၊ ငွေလက်ခံဌာနတွင် မိမိတို့ကိုယ်တိုင် ငွေကြေးပေးသွင်းကြရန်၊ ကျောင်းဝင်ခွင့်ကိစ္စရပ်များနှင့် ကျောင်းဆောင်ဝင်ခွင့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်းကောင်းကျောင်း လခ၊ ကျောင်းဆောင်လခနှင့် အခြားအခကြေးငွေများ ပေးသွင်းရာတွင်လည်းကောင်း၊ အခြားကျောင်းနှင့် သက်ဆိုင်သောကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း အခကြေးငွေပေး၍ လုပ်ဆောင်ခြင်းမျိုးကို လုံးဝခွင့်ပြုမည်မဟုတ်သည့်အတွက် ရုံးဝန်ထမ်းများသည် သင်တန်းဝင်ခွင့်လျှောက်ထားသူများ သို့မဟုတ် ကျောင်းသားကျောင်းသူများထံမှ အခကြေးငွေရယူ၍ လုပ်ငန်းကိစ္စများ ဆောင်ရွက်ပေးခြင်း သို့မဟုတ် ဆက်ဆံရေးပြေပြစ်မှုမရှိပါက ကျောင်းသား ကျောင်းသူများသည် မော်ကွန်းထိန်း၊ ဌာနမှူး (သင်တန်း) ရုံးခန်း၊ ဒုတိယပါမောက္ခချုပ်ရုံးခန်းနှင့် ပါမောက္ခချုပ် ရုံးခန်းတို့တွင် တိုင်ကြားနိုင်ကြောင်း ရန်ကုန်တက္ကသိုလ်၌ ကျောင်းသားများ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာထားသည်။

Most Read

Most Recent