<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ထိုင်းနိုင်ငံ မဟာချိုင်က ဒုက္ခသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် နားခိုရာ

နိုဝင်ဘာ ၂၆ ရက်က ထိုင်းနိုင်ငံ မဟာချိုင် ထာ့ဆိုင်ရပ်ကွက်တွင် AAC ဂေဟာဖွင့်ပွဲအခမ်းအနား ပြုလုပ်နေစဉ်

ထိုင်းနိုင်ငံ မဟာချိုင် ထာ့ဆိုင်ရပ်ကွက်၊ ခေါခုင်လမ်းမှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ AAC ဂေဟာဖွင့်ပွဲကို နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက အခမ်းအနားနဲ့တကွ ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီဖွင့်ပွဲကို ထိုင်းရောက်မြန်မာလုပ်သားတွေ အပါအ၀င် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားရေးရာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ထိုင်းတော်ဝင်စစ်တပ်က ဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးက ရဲမှူးတစ်ဦးလည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရွှေ့ပြောင်းမြန်မာလုပ်သား သန်းနဲ့ ချီရှိတဲ့ ထိုင်းနိုင်ငံမှာ နေ့စဉ်နဲ့အမျှ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေ၊ လူကုန်ကူးခံခဲ့ရတဲ့ အလုပ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်လာတဲ့ အလုပ်သမားတွေ အကူအညီအများဆုံးတောင်းခံတဲ့ နေရာကတော့ ထိုင်းနိုင်ငံမဟာချိုင် ဝေလ ၁၀ လမ်း မှာရှိတဲ့ မြန်မာအလုပ်သမား ကူညီစောင့် ရှောက်ရေးမဟာမိတ်အဖွဲ့ AAC ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်တဲ့ တရားဝင်အလုပ်သမား၊ တရားမ၀င် အလုပ်သမားမရွေး အကူအညီတွေပေးနေတဲ့ AAC အဖွဲ့ရုံးခန်းမှာဆိုရင် အကူအညီတောင်းခံပြီး ခိုလှုံနေတဲ့ အလုပ်သမားတွေ မပြတ်ရှိနေပါတယ်။ ဒီလို နိုင်ငံရပ်ခြားမှာဒုက္ခ ရောက်နေတဲ့ အလုပ်သမားတွေ ယာယီနေထိုင် ခိုလှုံခွင့်ရရှိဖို့အတွက်  ဂေဟာတစ်ခုကို ဆောက်လုပ်ဖို့အတွက် စိတ်ကူးရရှိခဲ့တာဖြစ်တယ်လို့ AAC အဖွဲ့ဒါရိုက်တာဖြစ်သူ ဦးခိုင်က ဆိုပါတယ်။ ဂေဟာတစ်ခုအဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာဖို့အတွက် မြေနေရာ၊ အဆောက်အအုံအတွက် လိုအပ်တဲ့ အုတ်သဲ ကျောက်၊ သစ်၊ ၀ါး စတာတွေကို ထိုင်းနိုင်ငံအတွင်းက အလှူရှင်တွေ၊ မြန်မာနိုင်ငံအတွင်းက အလှူရှင်တွေ၊ ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ တစ်နိုင်တစ်ပိုင်အလှူတွေ၊ လုပ်အားအလှူတွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်မှာ တရားဝင်ဖွင့်ပွဲကို အခမ်းအနားနဲ့ ပြုလုပ်ခဲ့ပါတယ်။

ဂေဟာမဖွင့်လှစ်ခင် တည်ဆောက်ဆဲကာလမှာပဲ အလုပ်ပြုတ်လာတဲ့ MoU လုပ်သားရာနဲ့ချီက ဈေးဦးပေါက် ခိုလှုံနေထိုင်ခဲ့ရတယ်လို့ AAC အဖွဲ့တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။

“အမှန်ဆိုရင် ပြီးခဲ့တဲ့လတွေက ဂေဟာက ပြီးတောင်မပြီးသေးဘူး။ အလုပ်ပြုတ်လာတဲ့ MoU လုပ်သား ၁၀၀ ကျော် သွားစရာ လာစရာမရှိတဲ့အတွက် ဆောက်လက်စမှာပဲ ဈေးဦးပေါက် ခိုလှုံသွားတယ်။ ထိုင်းမှာက အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခရောက်လာတဲ့ မြန်မာလုပ် သားတွေက သွားစရာမရှိနေစရာမရှိတဲ့အတွက် လမ်းဘေးမှာ နေနေရတာတွေကိုမြင်ရရင် စိတ်မကောင်းဘူး။ ဘာပဲပြောပြော အလှူရှင်တွေ အလုပ်သမားတွေကြောင့်တော့ ဂေဟာတစ်ခုကို ဆောက်လုပ်နိုင်ခဲ့တဲ့အတွက် ၀မ်းသာကျေနပ်ပါတယ်” လို့ ကိုရဲမင်းက ပြော ကြားပါတယ်။

လက်ရှိဂေဟာမှာ ဒုက္ခရောက်ပြီး အကူညီတောင်းပြီး နေထိုင်ခိုလှုံနေရတဲ့အလုပ်သမား ၁၀၀ ကျော်ရှိနေပါတယ်။ သူတို့ထဲမှာ လုပ်ငန်းခွင်အတွင်းမှာ မတော်တဆမှုဖြစ်ခဲ့တဲ့အတွက် မွေးရာပါလက်တွေ ဆုံးရှုံးသွားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း ပါပါတယ်။

“ကျွန်တော့်နာမည်က ကိုအောင်သိုက်ပါ။ မွန်ပြည်နယ် ဘီးလင်းဇာတိပါ။ ဒီရောက်တာကြာပြီ။ အလုပ်ရုံမှာ စက်နဲ့ညပ်ပြီး လက်ပြတ်သွားတယ်။ အလုပ်ရှင်ဘက်က ဘာမှ တာဝန်ယူမှုမရှိသလို ဘာမှလည်း မပြောဘူး။ ကျွန်တော်က အလုပ်မလုပ်နိုင်တော့တဲ့အ တွက် ရွာပြန်မယ်ပြောတော့ ဘတ်တစ်သောင်းခွဲပဲပေးမယ်လို့ပြောတယ်။ အလုပ်လုပ်တာ နှစ်နှစ်ကျော်ရှိပြီ အဲဒီအလုပ်ရုံမှာ။ အဲဒါ အခုအထိ ခန္ဓာကိုယ်ထိခိုက်နစ်နာကြေးကို အလုပ်ရှင်ဘက်က မလျော်သေးလို့ စောင့်နေရပါတယ်။ အလုပ်မလုပ်ရတာ ရှစ်လလောက်ရှိသွားပြီ။ အခုလို စားသောက်နေထိုင်နေနိုင်တာက ဒီ AAC ဂေဟာမှာနေလို့။ ရွာကို ပိုက်ဆံပို့ဖို့မပြောနဲ့ ဒီမှာစားဖို့သောက်ဖို့တောင် မရှိဘူး။ လက်ပြတ်သွားတော့ အလုပ်မလုပ် နိုင်တော့ဘူးလေ” လို့ ညာလက်မောင်းကနေ တိတိရိရိပြတ်သွားတဲ့အတွက် လက်တစ်ဖက်ဆုံးရှုံးခဲ့ရသူ ကိုအောင်သိုက်က ဖွင့်ဟပါတယ်။

ကိုအောင်သိုက်လိုပဲ  အလုပ်လုပ်နေတဲ့အတွင်းမှာ လက်ကောက်ဝတ်ကနေပြတ်ပြီး လက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီး လက်ရှိ AAC ဂေဟာမှာ ခိုလှုံနေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုမြင့်စိုးက “ကျွန်တော် က ၂၀၁၄ ခုနှစ် သုံးလပိုင်းလောက်က ထိုင်း ကိုရောက်လာတယ်။ နေရပ်ဇာတိက မကွေးတိုင်း သရက်မြို့ပါ။ ထိုင်းမှာ ချွန်ပူရီမြို့နယ်က ကားတာယာရုံမှာ အလုပ်လုပ်တယ်။ အလုပ်ခွင်ထဲမှာ လက်ပြတ်သွားတော့ အခုဘာမှ ဆက်လုပ်လို့မရတော့ဘူး။ အလုပ်ရှင်က ကျွန်တော်တို့ကို နေ့စားနဲ့ပြန်ခိုင်းမယ်ပြောတယ်။ တစ်ရက်ဘတ် ၃၀၀ နဲ့။ ဒါပေမဲ့ ကျွန်တော်တို့က မလုပ်ချင်တော့ဘူးပြောတော့ မဲဆောက် ပြန်ပို့မယ်ပြောလို့ ထွက်လာတာ။ ဒီ AAC  ဂေဟာမှာ ရောက်နေတာ သုံးလပိုင်း ၁၄ ရက်ကတည်းက။ ကျွန်တော်တို့ရဲ့ နစ်နာကြေးကို အလုပ်ရှင်ကပေးမယ့်အချိန်ကို စောင့်နေတာပါ။ အခြေအနေက ဘာမှကိုမသိဘူး။လျော်ကြေးအခြေအနေက ဘာမှန်းကိုမသိရသေးဘူး။  တခြားအလုပ်ကလည်း ဆက်လုပ်လို့မရတော့ဘူး။ ဒီမှာပဲ နေထိုင်ခိုလှုံနေရတာ ပါ” လို့ ဖွင့်ဟပါတယ်။

ထိုင်းနိုင်ငံတစ်ဝန်းလုံးမှာ နေထိုင် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လူကုန်ကူးခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရတာတွေဟာလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဒီလိုမျိုးတွေ့ကြုံလာရင် ထိုင်းနိုင်ငံအာဏာပိုင်တွေအနေနဲ့ တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့လည်း ထိုင်းနိုင်ငံဥပဒေအတိုင်း နေထိုင် အလုပ်လုပ်ကိုင်ဖို့ မိမိပတ်ဝန်းကျင်အနေအထား၊ စာရွက်စာတမ်း စတဲ့ အရာတွေကို အမြဲမပြတ် သတိချပ်ပြီး ထူးခြားမှုကြုံတွေ့လာရင် သတင်းပို့ တိုင်ကြားနိုင်ပါတယ်လို့ ဂေဟာဖွင့်ပွဲအခမ်းအနားမှာ ထိုင်းတော်ဝင်စစ်တပ်က ဗိုလ်ချုပ်ကြီးအဆင့် ရာထူးရှိတဲ့ ဖွန်သရီထာနာကောက ထည့်သွင်းပြောကြားခဲ့ပါတယ်။

“လူကုန်ကူးမှုကို ထိုင်းနိုင်ငံအနေနဲ့ တိုက်ဖျက်နေပါတယ်။ အလုပ်သမားတွေအနေနဲ့ အခုဆိုရင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းတွေရှိနေပါပြီ။ကိုယ်နေတဲ့နေရာကို ကိုယ်သိနိုင်ဖို့အတွက် မခဲယဉ်းတော့ပါဘူး။ ဂျီပီအက်စ်ကိုဖွင့်ပြီးကြည့်လိုက်မယ်ဆိုရင် ကိုယ်ရောက်နေတဲ့နေရာ အတိအကျကို သိရှိနိုင်ပါတယ်။ တကယ်လို့ လူကုန်ကူးခံရတာတွေ လိင်ပိုင်းဆိုင်ရာစော်ကားခံရပြီး ပြည့်တန်ဆာတွေအဖြစ် ရောင်းစားခံရတာတွေရှိလာရင် အချိန်မရွေး ဆက်သွယ်အကြောင်းကြား အကူအညီ တောင်းခံနိုင်ပါတယ်။ နောက်တစ်ခုက ပွဲစားတွေကိုတတ်နိုင်သမျှ ရှောင်ကြဉ်ကြပါ။တကယ်လို့ လူကုန်ကူးခံရတာတွေဖြစ်လာရင် အချက်အလက်တွေကိုစုဆောင်းပြီး ဒီ AAC အဖွဲ့တို့လို အလုပ်သမားအရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကတစ်ဆင့် ကျွန်တော်တို့ဆီကို အချိန်မရွေး အကူအညီတောင်းခံနိုင် ပါတယ်” လို့ ထိုင်းနန်းတွင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့ ဖွန်သရီထာနာကောက နိုဝင်ဘာ ၂၆ ရက်က မြန်မာလုပ်သားတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ နယ်စပ်ဂိတ်ပေါက်တွေကတစ်ဆင့် နေ့စဉ် ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် ထွက်ခွာနေကြတဲ့ အလုပ်သမားတွေဟာ ရာနဲ့ချီရှိနေပါတယ်။ ပျမ်းမျှအားဖြင့် တစ်လမှာ တစ်သောင်းခွဲလောက် ထိုင်းကိုထွက်ခွာအလုပ် လုပ်ကိုင်နေကြောင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရဲ့ လအလိုက် ထုတ်ပြန်တဲ့ အလုပ်အကိုင် ရရှိမှုအခြေအနေပြစာရင်းအရ သိရပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်တဲ့ အလုပ်သမားတိုင်းဟာအဆင်ပြေချောမွေ့တာမျိုး မဟုတ်ဘူး။ မသမာတဲ့ ပွဲစားတွေက တစ်ဆင့် သွားရောက်တဲ့ အလုပ်သမားတွေကတော့ ဒုက္ခရောက်ကြပါတယ်။ တရားဝင် စနစ်ဖြစ်တဲ့ MoU စနစ်နဲ့သွားတဲ့ အလုပ်သမားတွေတောင် မသမာတဲ့ပွဲစားတွေ၊ အေဂျင်စီတွေကြောင့်  တကယ်တမ်း ထိုင်းနိုင်ငံဘက်မှာ အလုပ်အကိုင်ရရှိခြင်းမရှိဘဲ ဒုက္ခရောက်လေ့ ရှိပါတယ်။ ဒီလိုဒုက္ခရောက်လာတဲ့ ရာနဲ့ချီရှိတဲ့ အလုပ်သမားတွေကို ကူညီ စောင့်ရှောက်ပေးနိုင်ဖို့ကလည်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးအနေနဲ့ အကုန်လုံးကို လက်ခံပြီးကျွေးမွေးထားဖို့က မလွယ်ကူပါဘူး။ AAC မဟာမိတ်အဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံတဲ့ အကြိမ်အရေအတွက်က တစ်နေ့မှာ အနည်းဆုံး ၁၀ ကြိမ်ကနေ အကြိမ် ၂၀ ကြားရှိတယ်လို့လည်း သိရပါတယ်။ လူကုန်ကူးခံရတဲ့ အလုပ်သမားတွေကို ထိုင်းလူကုန်ကူး တိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ကယ်တင်ခဲ့တာတွေ အကြောင်းမဲ့ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေကို နစ်နာကြေးရရှိအောင် တရားစွဲဆိုပေးတာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအမျိုးသမီးတွေကို ဥပဒေအရ တရားစွဲဆိုနိုင်အောင်ကူညီ ဆောင်ရွက်ပေးတာတွေလုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒီလိုအလုပ်တွေကို အတိုက်အခိုက်တွေကြောင့် မလုပ်ရဲတာတွေဖြစ်လာတယ်လို့ AAC မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းက ဆိုပါတယ်။

“တိုက်ခိုက်မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ပဲ ပြောရမှာပဲ။ ကျွန်တော်တို့ လုပ်နေတာတွေက ကိုယ်ကျိုးတစ်ခုမှမပါဘဲ တိုင်းတစ်ပါးမှာ အကူအညီမဲ့ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကို ကူညီ ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် မသမာတဲ့ပွဲစားအချို့နဲ့ ထိုင်းအာဏာပိုင်တွေက ကျွန်တော်တို့ကို မျက်မုန်းကျိုးတယ်။ အခုဆိုရင် ကျွန်တော်တို့ကိုယ်တိုင် တရားစွဲဆိုခံရတာတွေ နောက်ဆုံး အသက်အန္တရာယ် ခြိမ်းခြောက် ခံလာရတာတွေအထိဖြစ်လာပြီ။ တစ်ခါတလေကျရင် ဒီအလုပ်ကို ဆက်လုပ်ဖို့ အားအင်မရှိသလိုတောင် ဖြစ်လာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရည်မှန်းချက်အတိုင်းပဲ ဆက်လုပ်ဆောင်သွားမယ်” လို့ ကိုရဲမင်းက ပြောပါတယ်။

ထိုင်းရောက် အလုပ်သမားတွေအနေနဲ့ တစ်စုံတစ်ရာအကြောင်းရှိလို့ ဒုက္ခရောက်လာရင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးထက် AAC မဟာမိတ်အဖွဲ့ကို ဖုန်းဆက်အကူအညီ တောင်းခံတာများတယ်လို့လည်း မဟာချိုင်မှာနေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား တစ်ဦးဖြစ်တဲ့ လင်းထက်က ပြောပါတယ်။

“သံရုံးဖုန်းကိုဆက်ရင် မရတာများတယ်လေ။ ကိုယ်တိုင်ကိုယ်ကျသွားဖို့ကျတော့လည်း ဝေးတာမျိုးတွေ၊ သွားလာခွင့်မရတာတွေကြောင့် အလုပ်သမားတွေက AAC ကို ပဲ ဖုန်းဆက်ကြတာများတယ်။ သူတို့စိတ်ထဲမှာ AAC က အစိုးရက ဖွဲ့ပေးထားတာမျိုးကို ထင်နေတာ” လို့ ၎င်းင်းက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံမဟာချိုင် ထာ့ဆိုင်ရပ်ကွက်၊ ခေါခုင်လမ်းမှာ ဆောက်လုပ်ထားတဲ့ ဒုက္ခရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ခေတ္တခိုလှုံရာ ဂေဟာတစ်ခုကတော့ ရှိလာပါပြီ။ ဒုက္ခရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သားတွေအတွက် စားဝတ်နေရေးအတွက် ယာယီကူညီဆောင်ရွက်ပေးနိုင်တဲ့အဖွဲ့အစည်းတွေ ထိုင်းနိုင်ငံမှာ အမြောက်အမြား ပေါ်ပေါက်လာမယ်ဆိုရင်တော့ မြန်မာလုပ်သားတွေအတွက် အားကိုးရာနေရာတွေ ထပ်တိုးလာနိုင်မှာဖြစ်ပါတယ်။