<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ကောင်းတာယူပြီး ဆိုးတာသွင်းတဲ့ ကုန်သွယ်ရေးလား

တစ်ဖက်နိုင်ငံသို့ ကုန်စည်ကူးသန်းနေသည့်ယာဉ်များကို လားရှိုးမြို့ရှောင်လမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြိုင်ကုန်းကျေးရွာမှ တောင်သူဦးအောင်ထွန်းတစ်ယောက် မြစ်သားမြို့ပေါ် ဈေးလာဝယ်စဉ် တွေ့လိုက်ရသည်မှာ ကြက်သွန်နီဥ အကြီးကြီးများကို လမ်းဘေးတွင် ချရောင်းနေခြင်းဖြစ်သည်။ ထိုကြက်သွန်များကို ဘယ်က တင်သွင်းလာသလဲဟု စပ်စုလိုက်ချိန်တွင် သိလိုက်ရသော အဖြေကြောင့် မျက်လုံးပြူး သွားသည်။ တရုတ်ပြည်က ကြက်သွန်ဥများပါတဲ့ . . .

အမှန်စင်စစ်အားဖြင့် မြင်းခြံ၊ မြစ်သားဆိုသည့် မြို့နယ်များမှာ အထက်မြန်မာပြည်တွင် ကြက်သွန်များ အဓိက စိုက်ပျိုးသည့်မြို့နယ်ကြီးများဖြစ်ပါသည်။ ကြက်သွန်အဓိက စိုက်ပျိုးသည့် မြို့နယ်များသို့ တရုတ်ကြက်သွန်များ အဘယ့်ကြောင့် လာရောက်ရောင်းချ နိုင်ပါသနည်း။

“ပြီးခဲ့တဲ့လပိုင်းတုန်းက ကျွန်တော်တို့ မြို့နယ်ထဲ မိုးတွေအဆက်မပြတ်ရွာတော့ ကြက်သွန်ခင်းတွေ အထိနာပြီး ကြက်သွန်တောင် ပြတ်သွားတယ်၊ အဲဒီအချိန်မှာ တရုတ်ကြက်သွန်တွေ အောက်လမ်းက ၀င်လာတာပဲ၊ လက်ရှိမှာ တရုတ်ကြက်သွန်ဈေးက တစ် ပိဿာကို ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပေါက်တယ်။ ဒါပေမဲ့ ဗမာကြက်သွန်နဲ့ အရည်အသွေးချင်း က တခြားစီပါ။ စားရတာ ပေါ့ရွှတ်ရွှတ်နိုင်သလို အထားလည်းမခံဘူး။ ဒါပေမဲ့ ဈေးချိုတော့ စားသောက်ဆိုင်တွေ၊ ငွေကြေးသိပ်အဆင်မပြေတဲ့သူတွေက ၀ယ်ကြတယ်” ဟု မြစ်သား ဒေသခံ ကြက်သွန်စိုက်တောင်သူ ဦးမျိုးပိုင်ထွန်းက ပြောကြားသည်။

 

■ ဈေးချိုလှသည့် တရုတ်ကုန်စည်များ အလုံးအရင်းဖြင့် ၀င်လာလျှင် ပြည်တွင်းလုပ်ငန်းရှင်များ  ယှဉ်ပြိုင်နိုင်စွမ်းရှိပြီလား

အမရပူရမြို့၊ နန်းတော်ရာကွက်သစ်ရှိ  သရေစာမုန့်လုပ်ငန်းလုပ်ကိုင်သည့် ဦးကျော်နိုင်က မိမိတို့လုပ်ငန်းများကို ရပ်နားလိုက်ရသည့်အကြောင်းရင်းမှာ တရုတ်ပြည်က တင်သွင်းလာသည့် တစ်ထုပ် ၅၀၊ ၁၀၀ တန် သရေစာမုန့်များကို မယှဉ်ပြိုင်နိုင်ခြင်းကြောင့် ဖြစ် ကြောင်းပြောကြားသည်။

ထန်းလျက်၊ သကြား၊ ဆီးမှုန့် စသည့် ကုန်ကြမ်းများအစစအရာရာ ဈေးထိုးတက်လာခဲ့ပြီး ဈေးကွက်တွင်လည်း တရုတ်မုန့်များကို ယှဉ်ပြိုင်မရောင်းနိုင်သောကြောင့် မိမိတို့လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ဦးကျော်နိုင်က ပြောကြားသည်။

“တရုတ်က ဆီးသီးဆံကအစ ကျွန်တော်တို့ဆီက တောင်သူတွေ၊ စိုက်ပျိုးရေးသမားတွေထိ ငွေအလုံးအရင်းနဲ့ ဆင်းဝယ်တယ်၊ အဲဒီမှာကုန်ကြမ်းက ဈေးတက်လာတော့ ကျွန်တော်တို့ကလည်း တက်ဈေးနဲ့ လိုက်ဝယ်ရတယ်။ ကုန်ချောကို ဈေးတက်မယ်ဆိုတော့ တရုတ်က တစ်ထုပ် ၅၀ တန် မုန့်ထုပ်တွေနဲ့  ကျောင်းမုန့်ဈေးတန်းဈေးကွက်ကို ၀င်လာပြန်တော့ ကျွန်တော်တို့မှာ ဈေးကတက်လို့ မရဘူး။ နိုင်ငံတော်ဆီက ဘာအထောက်အပံ့ ရသလဲဆိုတာ့ ဘာမှမရဘူး။ ဘဏ်ချေးငွေရဖို့အတွက် ထောက်ခံစာလုပ်ရတဲ့အဆင့်တွေက ကျွန်တော်တို့အဖို့ ဘယ်လိုမှ လက်လှမ်းမမီဘူး။ ကြာတော့ လုပ်ငန်းဆက်လုပ်လေလေ အရှုံးပေါ်လေလေဖြစ်တာကြောင့် ရပ်လိုက်ရတယ်” ဟု ဦးကျော်နိုင်က ပြောကြားသည်။ သရေစာလုပ်ငန်းရှင် အငယ်များရပ်ဆိုင်းလိုက်ရသည်မှာ ဦးကျော်နိုင်တစ်ဦးတည်းတော့ မဟုတ်ပါ၊ မိတ္တီလာ၊ ကျောက်ဆည်၊ အမရပူရ၊ မန္တလေးမြို့ရှိ အသေးစားလုပ်ငန်းရှင်အများစုသည်လည်း လုပ်ငန်းရပ်ဆိုင်းလိုက်ရပြီဖြစ်ပါသည်။

တရုတ်ကုန်စည်များ ၀င်ရောက်လာသောကြောင့် ပြည်တွင်းရှိ လုပ်ငန်းများ ရပ်နားခဲ့ရသည့် သာဓကများ အများအပြားရှိခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က မကွေး၊ရေနံချောင်းရှိ ပြည်တွင်းစက်မှုဇုန်များတွင် ဃ နံပါတ်ပြားဖြင့် ဆိုင်ကယ်များ  ထုတ်လုပ်ရောင်းချနိုင်ခဲ့သော်လည်း တရုတ်ဆိုင်ကယ်များ အလုံးအရင်းဖြင့် ၀င်လာသည့်အခါ အဆိုပါ ဆိုင်ကယ်ထုတ်လုပ်ရေးလုပ်ငန်းများလည်း ရပ်နားသွားခဲ့ရပြီဖြစ်သည်။ထို့အတူပင် မန္တလေးမြို့ရှိ သကြားစက်ရုံများ၊ ဆီစက်များ၊ ပလတ်စတစ်လုပ်ငန်းများ၊ သီတင်းကျွတ်မီးပုံးလုပ်ငန်းများ၊ သရေစာလုပ်ငန်းများစသည့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများသည်လည်း တစ်စတစ်စဖြင့် ရပ်နားသွားရပြီဖြစ်သည်။ လတ်တလောဆိုလျှင် တရုတ်ပြည်မှ ပန်းများဝင်လာခြင်းကြောင့် ပြင်ဦးလွင်ရှိ ပန်းစိုက်ပျိုးသူများ အလူးအလဲ ခံစားနေရပြီဖြစ်သည်။ အဆိုပါ တရုတ်ပန်းများ ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာမှုကို တားဆီးပေးရန် တာဝန်ရှိသူများသို့ စာတင်တောင်းဆိုထားကြသော်လည်း အရေးယူမှု တစ်စုံတစ်ရာပြုလုပ်သည်ကို မတွေ့ရှိရသေးပါ။ ထို့အတူပင် မန္တလေးမြို့ ကျောက်ဝိုင်း ထိ တရုတ်ကုန်သည်များ တိုက်ရိုက်ဆင်းလာကာ ၀ယ်ယူနေခြင်းကြောင့် မြို့ခံကျောက်ပွဲစားများ အလုပ်မဖြစ်ကြတော့သည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်ပါသည်။ ထို့အတူပင် တရုတ်ဘဏ်များဆီက အတိုးနှုန်းသက်သက်သာသာဖြင့် ချေးယူလာသည့် တရုတ်လုပ်ငန်းရှင်များက ပြည်တွင်းမြေဈေးကွက်ကို ၀င်ကစားသွားပြီး  ငွေထုပ်ပိုက်ကာ ပြန်ထွက်သွားချိန်တွင် ပြည်တွင်းရှိ လုပ်ငန်းရှင်များတွင်မူ မြေပိုက်ဘောမိကာ ကျန်နေခဲ့ပါတော့သည်။

“မြန်မာလုပ်ငန်းရှင်က ငွေရှိလို့ တရုတ်ပြည်ကို စီးပွားရေးသွားလုပ်မယ်ဆိုပါတော့။ အခု တရုတ်တွေ မန္တလေးကိုလာပြီး စီးပွားရှာသလို လွယ်မယ်ထင်သလားဗျာ။ သူတို့တွေ က အလည်အပတ်ဗီဇာနဲ့လာတယ်။ ဟိုတယ်မှာတောင် မတည်းတော့ဘူး။ လူနေအိမ်တွေကို လချီငှားပြီး စီးပွားရေးဝင်လုပ်ကြတယ်။ ဘာမှလည်း အဟန့်အတား မရှိကြဘူး။ တာဝန်ရှိသူတွေ သေချာစိစစ်နိုင်မှ တန်ကာကျမယ်” ဟု မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

မန္တလေးမြို့၊ စီးပွားရေးလုပ်ငန်းများတွင်  တရုတ်လူမျိုးများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁၉၉၅ ခုနှစ်နောက်ပိုင်း ဆက်တိုက်များပြားလာခဲ့ပြီး  သကြား၊ ပဲ၊ နှမ်း စသည့် ကုန်စည်ဒိုင်များမှအစ ဘိလပ်မြေစက်ရုံ၊ အရက်ချက်စက်ရုံနှင့် ပုလင်းသွင်းလုပ်ငန်းအထိ တရုတ်လူမျိုးများက ကျယ်ပြန့်စွာလုပ်ကိုင်နေသည်ဟု မန္တလေးမြို့ရှိ စီးပွားလုပ်ငန်းရှင်များက သုံးသပ်သည်။

“Sector (ကဏ္ဍ) အားလုံးမှာ တရုတ်က ပါဝင်နေတာပါပဲ။ မန္တလေးမှာ စီးပွားရေးလုပ်ရင် တရုတ်နဲ့ကင်းလို့မရပါဘူး။ စာရင်းဇယားကောက်ယူထားတာမရှိလို့ အတိအကျ မပြောနိုင်ပေမဲ့ မန္တလေးမြို့၊ စီးပွားရေးလုပ်ငန်းတွေရဲ့ အနိမ့်ဆုံး ရာခိုင်နှုန်း ၆၀ က တရုတ် ပဲ၊  မန္တလေးရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၁၀ ဦး(Top Ten) စာရင်းကို ပြန်ကြည့်ရင်လည်း တရုတ်လူမျိုးက ခုနစ်ဦးလောက် ရှိနေတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

တရုတ်နိုင်ငံသို့ ကုန်စည်ကူးသန်းနေသည့်ယာဉ်များကို လားရှိုးမြို့ရှောင်လမ်းတွင် ပြီးခဲ့သည့်လပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းထွန်းနေလှိုင်)

■ တရုတ် ကုန်စည်တွေထိုးဖောက်လာမှုကို ပြင်ဆင်ထားပြီးပြီလား

မြန်မာနိုင်ငံ၏ အထည်ဈေးကွက်ကို အဓိကပံ့ပိုးပေးနေသည့် အမရပူရ၊ ၀မ်းတွင်း စသည့် မြို့ကြီးများသို့ပင် တရုတ်လုပ်ငန်းရှင်များက မြေစမ်းခရမ်းပျိုးသည့်အနေဖြင့် တရုတ်ပုဆိုးများကို တစ်ထည်လျှင် လက်လီ ဈေး ကျပ် ၂၀၀၀ ၀န်းကျင်ဖြင့် ထိုးဖောက်လာ ခဲ့မှုများပြုလုပ်ခဲ့ပြီးနောက် ၀မ်းတွင်းမြို့ အခြေစိုက် ရက်ကန်းလုပ်ငန်းရှင်များက ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပြည်ထောင်စုအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“မိရိုးဖလား အ၀တ်အထည် လုပ်ငန်းထဲကို အခြားပြည်ပက အထည်တွေ ၀င်လာတဲ့အခါမှာ အနည်းငယ် အခက်အခဲ ဖြစ်နေပါတယ်။ ဈေးကွက်စီးပွားရေးစနစ်အရ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ အားလုံး ညီညီညွတ်ညွတ်ရှိကြဖို့လိုပါတယ်၊ ရေ ရှည်မှာ မခံနိုင်လောက်တော့ဘူး။ ပြီးခဲ့တဲ့ နှစ်လကျော်လောက်က အထည်ဈေးကွက်ကပျက်ခဲ့တာ၊ ဆိုးဆေးတွေက တရုတ်က ယူရတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုရင် ဆိုးဆေး တစ်မျိုးက ဈေးနှုန်းနှစ်ဆလောက် ခုန်တက်သွားတယ်၊ ၀င်လာမယ့် အထည်အတွက်ကို ဆိုးဆေးရဲ့ ဈေးကွက်က လှမ်းထိန်းလိုက်တယ်လို့ ကျွန်တော်တစ်ယောက်တည်း ယူဆတာပါ။ သူတို့က အဲဒီလို အုံလိုက်ကျင်းလိုက် တိုက်မယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုမှ မခံနိုင်ဘူး။ လဲမှာပဲ။ ကျွန်တော်တို့လဲရင် ကျွန်တော်တို့နဲ့ဆက်စပ်နေတဲ့ မိတ္ထီလာခရိုင်အတွင်း မှာရှိတဲ့ ဘဏ်လုပ်ငန်းတွေ၊ အခြားလုပ်ငန်းတွေပါ အကုန်ပြိုလဲမှာပဲ၊ ကျွန်တော်တို့က ဒီလုပ်ငန်းကိုပဲ အဓိက စီးပွားရေးလုပ်ငန်းအနေနဲ့ လုပ်ရတာကိုဗျာ။ ကျွန်တော်တို့ဆီ မှာ စိုက်ပျိုးရေးလည်း ကောင်းကောင်း မဖြစ်ဘူး၊ မဖြစ်တော့ ကျွန်တော်တို့က ရက်ကန်း လုပ်ငန်းပေါ်မှာပဲ မူတည်ပြီးတော့ အလုပ်လုပ်ရတာကိုးဗျ၊ ကျွန်တော်တို့ပြိုလဲရင် ကျွန်တော်တို့ မြို့နယ်ထဲကလည်း တော်တော်များများ ပြိုလဲမှာ” ဟု ၀မ်းတွင်းမြို့နယ် ရက်ကန်းလုပ်ကိုင်သူ ကိုမျိုးမင်းထွန်းက ပြောကြားသည်။

တရုတ်နိုင်ငံရှိ တောင်သူများစိုက်ပျိုးသော သီးနှံများဖြစ်ထွန်းအောင်မြင်ပါက ၎င်းတို့၏ ပြည်တွင်းသီးနှံဈေးကွက်အတွင်းသို့  မြန်မာပြည်က သီးနှံများကို တင်သွင်းခွင့် မပြုခြင်းဖြင့် တရုတ်ပြည်သည် ၎င်းတို့၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းသို့  တုံ့ပြန်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ယူဆကြသည်။

“သူတို့ဆီက ဖရဲသမားတွေ ပြည်တွင်းက တံတားဦးတို့၊ ကျောက်ဆည်တို့၊ မတ္တရာတို့ မှာ မြေတွေလာငှားပြီးစိုက်ကြတယ်၊ ပြီးတော့ တရုတ်ပြည်ကိုပြန်သွင်းကြတယ်၊ သူတို့ ပြည်တွင်းတရုတ်တွေ စိုက်တဲ့သီးနှံက ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့ အခြေ အနေရှိရင် တရုတ်အစိုးရက မြန်မာတောင်သူတွေရဲ့ သီးနှံကို တင်သွင်းခွင့်မပြုတော့တာ ထုံးစံပဲ၊ အဲဒီလို လုပ်လိုက်ရင် ပြည်တွင်းက သီးနှံတွေကို မူဆယ်မှာ ဒီတိုင်း အမှိုက်ပုံထဲ ထားခဲ့ရတာ အမြဲတမ်းလိုလိုပဲ၊ ကျွန်တော်တို့ဆီမှာလည်း ဒါမျိုးကိုယ့်ပြည်သူတွေရဲ့ အကျိုး စီးပွားကို ကာကွယ်ဖို့ လိုအပ်နေပါပြီ”ဟု ကျောက်ဆည်ဒေသခံတောင်သူ ဦးစစ်ငြိမ်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌဦ ဦးအောင်သန်းက “တရုတ်ဘက်မှာ တချို့ကိစ္စတွေကို အခွန်နှုန်းထားနဲ့ သူတို့နိုင်ငံရဲ့  စီးပွားရေးကို ကာကွယ်ထိန်းချုပ်ထားတာတွေရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အဲဒီလို ကာကွယ်ထားမှု နည်းပါတယ်။ ကာကွယ်ထားမှု မရှိဘူးမဟုတ်ဘူး၊ ရှိတော့ရှိတယ်။ သို့သော်လည်း ယိုပေါက်တွေ အများကြီးရှိနေတယ်၊ မှောင်ခိုလမ်းကြောင်းက တစ်ဆင့် ၀င်လာတဲ့ကုန်စည်တွေက အများကြီးဆိုတော့ နိုင်ငံတော် အခွန်အတုပ်ရရှိမှု ရသင့်သလောက် မရဘူး။ စီးပွားရေးကို ထိန်းချုပ်မှု သိပ်မရှိဘူး။ ဟိုဘက်နိုင်ငံတွေမှာကျတော့ ကျွန်တော်တို့ကို အခွန်နှုန်းနဲ့ ကန့်သတ်ထားတာတွေ အများကြီးရှိပါတယ်။ ဥပမာ-ကျွန်တော်သိသလောက် ဆန်ကို တရုတ်ဘက်ကို တင်ပို့တယ်။ ပို့ရင် သူတို့ဘက်က ရာခိုင်နှုန်း ၃၀ အခွန်ကောက်ဖို့ သတ်မှတ်ထားတယ်။ အဲဒတော့ တရားဝင်လမ်းကြောင်းကသွားရင်  ရာခိုင်နှုန်း ၃၀ အခွန်ပေးဆောင်ရတယ်။ အဲဒီတော့ အောက်လမ်းကနေသွားရင် အခွန် မပေးရဘူး။ အဲဒီမှာ နှစ်ဖက်ကုန်သည်တွေ က လက်တွေ့မှာ အဆင်ပြေတဲ့လမ်းကြောင်း အခွန်သက်သာတဲ့လမ်းကြောင်းကို ရွေးကြရတဲ့အချိန်မှာ သူတို့ဘက်က လိုချင်နေတဲ့ အချိန်မှာ လွှတ်ပေးထားပြီး သူတို့မလိုချင်တဲ့အခါ ထိန်းချုပ်ခံရတာတွေ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ဘက်က နစ်နာချက်တွေပါ။ ဒီလိုဖြစ်စဉ်တွေကို ကုန်သွယ်ရေးကိုလည်း တင် ပြထားပါတယ်။ သူတို့လည်း သိပါတယ်။ သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ကုန်သွယ်မှုမှာ အစိုးရအဖွဲ့အနေနဲ့ ညှိနှိုင်းရမယ့် အချက်တွေကို တင်ပြထားဆဲပါ။ အစိုးရအဖွဲ့အနေနဲ့လည်း သူတို့လည်း သိပါတယ်။ မလုပ်နိုင်တာလေးတွေလည်း ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးတွေဟာ အရေးကြီးတာကြောင့် အခုဆွေးနွေးပွဲ အဓိကရည်ရွယ်ချက်ကလည်း Boarder Trade တွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ဖို့ပါ။ Boarder Trade တွေဖြစ်ဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းဖို့လိုပါတယ်။ ကျွန်တော်တို့ တရုတ်နဲ့ မြန်မာလမ်းမကြီး ကောင်းသလို အိန္ဒိယမြန်မာလမ်းမကြီး ကောင်းမွန်ဖို့ လိုအပ်ပါတယ်” ဟု ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ် တွင်ကျင်းပသည့် အရှေ့မြောက် အိန္ဒိယ-မြန် မာနှစ်နိုင်ငံ စီးပွားရေး တည်ဆောက်ရေးဆိုင် ရာဆွေးနွေးပွဲတွင် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ပုဆိုးများ ပြည်တွင်းဈေးကွက်အတွင်း ၀င်ရောက်လာသောကြောင့် ၀မ်းတွင်းမြို့နယ်အတွင်းရှိ ရက်ကန်း လုပ်ကိုင်သူများ စိုးရိမ်လျက်ရှိပြီး ယင်းသို့ ၀င်ရောက်လာခြင်းကို အမျိုးသားအကျိုးစီးပွားဥပဒေဖြင့် ကာကွယ်သွားနိုင်ရန် နိုင်ငံတော်အဆင့်ထိ တက်ရောက်ဆွေးနွေးမည်ဟု ၀မ်းတွင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုးက ပြောကြားသည်။

“Textile အဖွဲ့နဲ့ ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှာ သူတို့တွေကို ကာကွယ်ပေးဖို့၊ ကာကွယ်ပေးဖို့ပြောတဲ့အခါမှာ ကျွန်တော်တို့ကလည်း မူတွေ လွှတ်တော်အနေနဲ့ ချမှတ်ထားတဲ့ ဥပဒေတွေ နည်းဥပဒေတွေရှိတယ်။ နည်းဥပဒေမှာဘာလဲဆိုတော့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းပြီးသား ရှိပါတယ်။ ဒီအကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ်။ ပြည်သူရဲ့အသံကို နားထောင်တဲ့အတွက် ပြည်သူတွေက တင်ပြလာတဲ့ အနေအထားမှာ သူတို့ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ပြည်သူလူထုရဲ့အသံတွေ စုပေါင်းပြီး ကျွန်တော်ရဲ့ ပထမဦးဆုံး မန္တလေးတိုင်း ၀န်ကြီးနဲ့ ဆွေးနွေးမယ်။ ကျွန်တော့်ရဲ့ အမြင်တွေရယ်၊ လုပ်ငန်းရှင်တွေရဲ့အမြင်တွေရယ် အားလုံးစုပေါင်းပြီးတော့ ၀န်ကြီးချုပ်နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ အဖြေတစ်ခု၊ ရလဒ်ကောင်းထွက်မလာရင် နိုင်ငံတော်အဆင့်အထိ သွားပြီးတော့ ၀င်ရောက်ဆွေးနွေးပေးမယ်လို့ ကျွန်တော် အာမလည်း ခံလိုက်တယ်၊ လုပ်လည်းလုပ်ပါမယ်။ ဒေသဆိုင်ရာ အသီးသီးမှာ လုပ်ငန်းပြဿနာမရှိဘဲ အောင်အောင်မြင်မြင် ဖြစ်နေမှာသာလျှင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ထောင့်တနေရာက ကူညီရာရောက်မယ်။ နိုင်ငံရဲ့ အကျိုးစီးပွား မြင့်မားလာမှာ ဖြစ်ပါတယ်” ဟု ၀မ်းတွင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်စိုးက ပြောကြားသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် သစ်သီးပွဲရုံသို့ ၀င်ရောက်လာသော သစ်သီးကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

■ တရုတ်ကုန်စည်များ၊ ကုန်သည်များ ပြည်တွင်း ဈေးကွက်သို့ တစိမ့်စိမ့်ဝင်ရောက်ထိုးဖောက်နေသည်မှာ ကြာမြင့်လှပါပြီ

လက်ရှိတွင် ဈေးကွက်အတွင်း သုံးစွဲလည်ပတ်လျက်ရှိသည့် စားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများမှာ တရုတ် နိုင်ငံမှ အဓိကတင်သွင်းလာသည့် ထုတ်ကုန်အများစုဖြစ်နေပြီး ယင်းသို့ တင်သွင်းလာမှုများ၌ တရားမ၀င်လမ်းကြောင်းများမှ အကောက်ခွန်မဲ့ ၀င်ရောက်လာခြင်းများ ရှိနေရာ ယင်းသို့ အခြေအနေများကို ထိရောက်စွာ ကာကွယ်ဟန့်တားရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက မျှော်လင့်လျက်ရှိသည်။

ယင်းသို့ တရားမ၀င်လမ်းကြောင်းမှ ၀င်ရောက်လာသော အေးခဲကြက်သား၊ အေးခဲ အမဲသား စသည့် စားသုံးရန် မသင့်သော စားသောက်ကုန်များကို နှစ်စဉ်ဖမ်းဆီးကာ မီးရှို့ ဖျက်ဆီးမှုများရှိနေသော်လည်း ယင်းထက်ပိုမို ထိရောက်သောဥပဒေဖြင့် ထိန်းချုပ်နိုင်ရေးမှာလည်း များစွာအရေးပါကြောင်း သုံးသပ်မှုများ ရှိနေသည်။

“ပြောရရင် တရုတ်ဘက်က ဆန်တု  ကြက်ဥ အတု စားသုံးရန်မသင့်တဲ့ စားသုံးဆီ စသဖြင့် စားသောက်ကုန်တွေ တရားမ၀င် လမ်းကြောင်းတွေကနေ ၀င်နေတယ်။ ဒါတွေကို ထိထိရောက်ရောက် မတားဆီးနိုင်သေးဘူး။ အဲဒီလို မတားဆီးနိုင်တော့ ပြည်တွင်းလုပ်ငန်းတွေ ထိခိုက်လာတယ်။ ပြီးတော့ သူတို့ဘက်က မန္တလေးကနေတစ်ဆင့် စစ်ကိုင်း ကျောက်ဆည် တံတားဦး စတဲ့နေရာတွေမှာ ကျယ်ဝန်းတဲ့မြေနေရာတွေကို ဈေးသက်သက်သာသာနဲ့ ငှားရမ်းပြီး သီးနှံစိုက်ပျိုးတာမျိုး၊ အလုပ်ရုံ လာဆောက်တာမျိုးတွေ လုပ်တယ်။ပြီးတော့ ဒေသခံတွေဆီကနေ ကာယလုပ်အားကို ဈေးသက်သက်သာနဲ့ ရယူတယ်။ အဲဒီက ရလာတဲ့ ထွက်ကုန်ကိုတော့ တရုတ်ဘက်ကို ပြန်သွင်းသွားတယ်။ ပြည်တွင်းဈေးကွက်မှာ ဘယ်တော့မှ မရောင်းဘူး။ ဥပမာ- သူတို့ လာစိုက်တဲ့ ဖရဲတို့ သခွားမွှေးတို့ဆိုတာ ကုန် တင်ကားကြီးတွေနဲ့ မူဆယ်ဘက်ကို အမြဲလိုလို သွားနေတာ။ နောက်ပြီး ဆံပင်တုလုပ်ငန်း အလုပ်ရုံတွေဆိုတာ ခေတ်တစ်ခုဖြစ်ခဲ့သေးတယ်။ ဆံပင်တုလုပ်ငန်းဆိုလည်း ကိုယ့်ဆီက ကုန်ကြမ်း၊ ကိုယ့်ဆီက လုပ်အားနဲ့ ထုတ်ယူခဲ့တာ။ နောက်ပြီး သီးနှံစိုက်ပျိုးမှုဆိုတာက လည်း ကိုယ့်မြေဆီမြေနှစ်လည်းဆုံး၊ လုပ်အားကလည်း ဒီကပဲဆိုတော့ ဒါတွေဟာ မဖြစ်သင့်တော့ဘူး။ ထိန်းချုပ်သင့်ပြီ” ဟု တံတားဦးမြို့ခံတစ်ဦးက ဆိုသည်။

“တရုတ်တွေက ဘယ်လိုနည်းတွေနဲ့ စိုက်လို့ ဒီလိုဈေးချိုချိုနဲ့ ရောင်းနိုင်သလဲ ဆိုတာတော့ သေချာမသိဘူး။ ကျွန်တော်တို့ဆီက ကြက်သွန်တွေလည်း တရုတ်ကို တင်ပို့နေတာပဲ။ အခုဖြစ်နေတာက မြန်မာနိုင်ငံက ကောင်းတာတွေယူပြီး သူတို့ဆီက မကောင်း တာတွေပြန်ပို့နေတဲ့သဘောပဲ။ ကျွန်တော်တို့ တောင်သူတွေလည်း အခု ကြက်သွန်ဈေး ကောင်းတယ်သာ ပြောနေကြတာ။ တကယ်တမ်းရှုံးတဲ့လူက ရှုံးနေတာပါပဲ။ စိုက်ပျိုးရေး သွင်းအားစုတွေ၊ အလုပ်သမားငှားရတာတွေ နဲ့ ရာသီဥတုဖျက်ရင် မကိုက်ပါဘူး။ အခုတောင် တောင်သူလုပ်မယ့်သူက ရှားနေတာ။ တရုတ်ကြက်သွန်လို ဈေးချိုတဲ့သီးနှံတွေ အောက်လမ်းကနေ အလုံးအရင်းနဲ့ဝင်လာရင်တော့ ကျွန်တော်တို့လည်း နားရမှာပဲ” ဟု မြစ်သားဒေသခံ ကြက်သွန်စိုက်တောင်သူ ဦးမျိုးပိုင်ထွန်းက တရုတ်ကြက်သွန်များ ၀် ရောက်လာသည့်ကိစ္စအပေါ် ယင်းသို့ မှတ် ချက်ပြုပြောကြားသည်။