<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

MICA ဇာတ်သိမ်း

အမျိုးသားလွှတ်တော်အပြီး နိုဝင်ဘာ ၁၅ ရက်တွင် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေအား MICA ကိစ္စ သတင်းထောက်များ မေးမြန်းစဉ် (ဓာတ်ပုံ-စည်သူ)

မိတ်ဆွေတို့အနေနဲ့ မြန်မာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (MICA ) ကို ကြားဖူးကြပါသလား။ MICA ထက်စာရင် ဂျပန်အင်တာနေရှင်နယ် ကော်ပရေးရှင်းအေဂျင်စီ (JICA) ကို ပိုပြီး သိကျွမ်းမှု ရှိကြပါလိမ့်မယ်။

ဘာကြောင့် မြန်မာပြည်သူတွေက ကိုယ့်နိုင်ငံရဲ့ MICA ကို မသိဘဲ ဂျပန်နိုင်ငံရဲ့ JICA ကို သိနေရပါသလဲ။ JICA လို အဖွဲ့အစည်းပုံသဏ္ဌာန်မျိုးကို တုပပြီး MICA ကို ပုံဖော်ထားပေမယ့် အနှစ်သာရချင်း ကွဲပြားခြားနားလို့ ဖြစ်ပါတယ်။

JICA နဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေ သိကြတဲ့ တစ်ခုကတော့ ဂျပန်ဆေးရုံကြီးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ JICA ရဲ့ အထောက်အပံ့ အကူအညီလုပ်ဆောင်ပေးခဲ့တာတွေက အများအပြား ရှိခဲ့ပါတယ်။ ဥပမာ သီလ၀ါစီမံကိန်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်း၊ ရန်ကုန်မြို့ ရေပေးဝေရေးစီမံကိန်းနဲ့ လျှပ်စစ်ဓာတ်အားပေး စီမံကိန်း စတဲ့ JICA ရဲ့ စီမံကိန်းတွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။

ဒီ JICA လိုမျိုး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အသွင်ကို ယူထားတဲ့ မြန်မာပြည်က MICA ကတော့ မြန်မာ-နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီဆိုပြီး နာမည်ခံသာထားပေမယ့် ဘယ်နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရတဲ့အပြင် မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိဖြစ်ထွန်းအောင် ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူတွေအနေနဲ့ ကွဲကွဲပြားပြား မသိရပါဘူး။

ဒါ့အပြင် MICA ဆိုတာ နိုင်ငံ ပိုင်အဖွဲ့အစည်းလား၊ အစိုးရတစ် စိတ်တစ်ပိုင်းအဖွဲ့အစည်းလား။ သီခြားလွတ်လပ်တဲ့အဖွဲ့အစည်းလား ဆိုတာကိုလည်း ပြည်သူလူထုကို မချပြခဲ့ပါဘူး။

 

MICA ရဲ့ ရည်ရွယ်ချက်က ဘာလဲ

နေပြည်တော်မှာ ၂၀၁၆ ခုနှစ် မတ် ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ အရင်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲ (၃/ ၂၀၁၆)ကျမှ MICA  ရဲ့ ဖွဲ့စည်းလုပ်ဆောင်ထားတဲ့ အပိုင်းတွေကို သိခွင့်ရခဲ့ပါတယ်။

MICA ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်ရှစ်ရပ် အပါအ၀င် ကောင်းမွန်တဲ့ ရည်ရွယ်ချက် ကိုးရပ်နဲ့ ဖွဲ့စည်းထားပါတယ်။

ရည်ရွယ်ချက်တွေကတော့

(၁) သားငါးကဏ္ဍ လုပ်ငန်းများကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန် အောင်မြင်စွာ ဆောင်ရွက်ရန်။

(၂) ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်နှင့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုးတက်ရေးဆောင်ရွက်ရန်။

(၃) ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှု အဆင်ပြေချောမွေ့အောင် ဖန်တီးရန်။

(၄) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ် ရှစ်ရပ်ကို အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သည့် ပုံစံ PPP အသွင်ဖြင့် ဆောင်ရွက်ရန်အတွက် အေဂျင်စီတစ်ခုဖွဲ့စည်းရန်။

(၅) သားငါးကဏ္ဍ၊ စားနပ်ရိက္ခာ ဖူလုံပြည့်ဝရန်နှင့် လူမှုစီးပွား အစဉ်မပြတ် တိုးတက်စေရန်။

(၆) နိုင်ငံပိုင် စီးပွားရေးအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်။

(၇) ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍကြား မညီမျှမှုအချိုးကို လျှော့ချ၍ ဖွံ့ဖြိုးတိုးတက်စေရန်။

(၈) အလုပ်အကိုင် အခွင့်အလမ်းများတိုးချဲ့ရန်။

(၉) နိုင်ငံပိုင်စီပွားရေး အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

 

MICA ကို ဘယ်လို ဖွဲ့စည်းထားလဲ

MICA အနေနဲ့ ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်စတဲ့ မိတ်ဖက် အဖွဲ့အစည်းများနဲ့ အစည်းအဝေးပြုလုပ်ပြီး အကြံဉာဏ်ရယူခဲ့တယ်လို့ ဆိုပါတယ်။

မိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ NGO ၊ INGO ၊ CSO တို့နဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ သမ၀ါယမ၊ ဖက်စပ်ကော်ပိုရေးရှင်းများ၊ အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းများ၊ အေဂျင်စီများ ပူးပါဝင်ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်ရဲ့ အပိုဒ် ၂၂  မှာ မိတ်ဖက်အဖွဲ့အစည်းဆိုတာ လုပ်ငန်းအကောင်အထည်ဖော်ဖို့ လိုအပ်ချက်အရ  ပြည်ထောင်စုဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့၊ ပြည်နယ်နဲ့ တိုင်းဒေသအဆင့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့၊ ဦးစားပေး မြို့နယ်နဲ့ ခရိုင်ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ဆိုပြီး အဆင့်သုံးဆင့်နဲ့ ဖွဲ့စည်းရမှာ ဖြစ်တယ်လို့ သတ်မှတ်ထားတာကြောင့် MICA  ရဲ့ ဖွဲ့စည်းပုံဟာ ကိုက်ညီမှုမရှိတာ တွေ့ရပါတယ်။

မြန်မာ-နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (MICA )ကို၂၀၁၂ ခုနှစ်မှာကတည်းက အခြေတည်ခဲ့ပြီးတဲ့နောက် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် ဇူလိုင် ၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ ၁၃/ ၂၀၁၄ ဆုံးဖြတ်ချက်နဲ့ ၂၀၁၄ ခုနှစ် သြဂုတ် ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ ၁၆/ ၂၀၁၄ ရဲ့ ဆုံးဖြတ်ချက်မှတ်တမ်းအရ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုဖို့မူအရ သဘော တူခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံတော်ဘဏ္ဍာငွေကနေ သုံးစွဲမှုမရှိဘဲ သားငါးကဏ္ဍအပါအ၀င် ဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး Product Sharing / Profit Sharing စနစ်နဲ့ ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။

MICA ရဲ့ ဖွဲ့စည်းပုံမှာလည်း အရာထမ်း ၃၄ ဦး၊ အမှုထမ်း ၇၀ စုစုပေါင်း ၁၀၄ ဦး ရှိပြီး ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့၊ အကြံပေးပညာရှင် အဖွဲ့တွေမှာ နိုင်ငံ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့သူတွေ ရောထွေးပါဝင်နေပါတယ်။

ဒီလို ဖွဲ့စည်းတဲ့နေရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်နဲ့ ထုတ်ပြန်ဖွဲ့စည်းရမှာ ဖြစ်သလိုတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ညွှန်ကြားရမှာ ဖြစ်ပါတယ်။ ဒါမှ                မဟုတ်ရင်တော့ ဥပဒေတစ်ရပ်ရပ် ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပေမယ့် MICA ကတော့ အဲဒီလို မလုပ်ခဲ့ပါဘူး။ MICA အ ဖွဲ့ရဲ့ရုံးကို ကမာရွတ်မြို့နယ်၊ ဥယျာဉ်လမ်းမှာ ဖွင့်ထားပါတယ်။

 

MICA က ဘာတွေဆောင်ရွက်ခဲ့သလဲ                       

MICA အဖွဲ့မှာ မြေကွက်တွေ အများကြီး ရှိပါတယ်။ MICA အနေနဲ့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနပိုင်ခြံ၊ စက်ရုံပေါင်း ၄၈ ခု၊ အုတ်စက်ရုံနဲ့ ဒညင်းကုန်းမြေဧရိယာ  ၆၄ ဒသမ ၅၄ ဧက၊ ငါးလုပ်ငန်းဦးစီးပိုင်တဲ့ လုပ်ငန်း ၁၇ ခု ကို လွှဲပြောင်းရယူခဲ့ပါတယ်။

ဒါ့အပြင် အင်းစိန်မွေးမြူရေးနှင့် ကုသရေးဦးစီဌာနပိုင်မြေ ၁၃၄ ဒသမ  ၇၃၈ ဧကထဲမှာ အနုပညာ ဗဟိုဌာနကို ၈ ဒသမ ၄၁ ဧက အပ်နှံပြီး မွေးမြူရေးနဲ့ ဆေးကုသရေး တက္ကသိုလ် ၃၂ ဒသမ ၃၂၁ ဧကကို ချန်လှပ်ပြီးတဲ့နောက် ကျန်မြေအားလုံးကို လွှဲပြောင်းယူခဲ့ပါတယ်။

ဒီထဲမှာ လုပ်ငန်းပေါင်းများစွာကို အကျိုးတူပူးပေါင်း လုပ်ကိုင်တာတွေ၊ မြေငှားရမ်းတာတွေကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ MICA အနေနဲ့ အကျိုးအမြတ်နဲ့ ငှားရမ်းခ သန်းပေါင်းများစွာ ရရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့လည်း MICA ဟာ နိုင်ငံပိုင် အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ပြည်ထောင်စုလွှတ်တော်က ထည့်သွင်းရေးဆွဲထားတဲ့ ၀န်ကြီးဌာနများရဲ့ ရသုံးခန့်မှန်းခြေစာရင်းမှာ မပါရှိခဲ့သလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာထဲမှာလည်း မပါရှိခဲ့တာကို တွေ့ရပါတယ်။

ပြည်ထောင်စု ရန်ပုံငွေ ပြင်ပကနေ ဥပဒေတစ်ရပ်ရပ်နဲ့ ပြဋ္ဌာန်းသုံးစွဲခဲ့တာ မတွေ့ရတဲ့အပြင် အကျိုးမြတ်တွေကို Product Sharing/ Profit Sharing စနစ်နဲ့ ဆောင်ရွက်ပြီး UFAOA အကောင့်နဲ့  ထည့်သွင်းသွားမယ်ဆိုပေမယ့် ပွင့်လင်းမြင်သာစွာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ မရှိခဲ့ပါဘူး။

ဒီလိုမျိုး မြန်မာ- နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီလို နိုင်ငံပိုင်အဖွဲ့အစည်းလိုဖွဲ့မယ် ဆိုရင်သူ့မှာ ခေါင်းဆောင်တဲ့ အုပ်ချုပ်ရေးကဏ္ဍဆိုတာ ရှိရမှာ ဖြစ်သလို လုပ်ငန်းစဉ်ဆိုတာ ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးလွှဲပြောင်းယူတာကို ဘယ်လိုပုံစံနဲ့ လွှဲပြောင်းယူခဲ့သလဲ။ ဘယ်သူတွေက တာဝန်ယူခဲ့သလဲ။ ဘယ်လို လုပ်ငန်းအစီအစဉ်တွေ ချမှတ်ခဲ့သလဲ။ ဘယ်လို ငွေကြေးအရင်းအနှီးတွေနဲ့ လုပ်ခဲ့သလဲဆိုတာကို မေးခွန်းထုတ်စရာ ရှိလာပါတယ်။

ဒါ့အပြင် MICA က လွှဲပြောင်းယူသွားတဲ့ မွေးမြူရေးနဲ့ သားငါးကဏ္ဍ လုပ်ငန်းတွေမှာ မူလရည်ရွယ်ချက်နဲ့ လွဲချော်နေတဲ့ လုပ်ငန်းများစွာကို လုပ်ဆောင်နေတာကို တွေ့ ရှိရပါတယ်။

အဲဒါတွေကတော့ အိုးအိမ်တိုက်တာ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ ဆိပ်ကမ်းဆောက်လုပ်မှုတွေ၊ ဆီဆိုင်တွေ၊ ရှော့ပင်းမောတွေစတဲ့ လုပ်ငန်းများစွာပြောင်းလဲ လုပ်ဆောင်ခဲ့တဲ့အတွက် မွေးမြူရေးနဲ့ သားငါးကဏ္ဍ မှေးမှိန်ပျောက်ကွယ်သွားရ သလိုရောဂါရှာဖွေရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ ကာကွယ်ကုသရေး၊ စားနပ်ရိက္ခာဖြည့်တင်းရေး၊ အသေးစားအလတ်စား တစ်ပိုင်တစ်နိုင် သားငါးကဏ္ဍဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေမှာလည်း လိုအပ်ချက်များစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးကိုချည့်နဲ့ အားနည်းစေတဲ့အပြင်  ပြည်သူ့ဘဏ္ဍာ ပျောက်ဆုံးမှုများလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

အခု MICA နဲ့ ပတ်သက်လို့ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၇ မှ နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုးက အဆိုတင်သွင်းခဲ့တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

MICA နဲ့ ပတ်သက်ပြီး နော် ခရစ္စထွန်း (ခေါ်) ဒေါက်တာ အားကာမိုးက “နိုင်ငံတော်၏ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်ဆိုသော MICA (Myanmar International Cooperation Agency) သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးပြုမှုမရှိဘဲ လူတစ်စုမှ လက်ဝါးကြီးအုပ် ခြယ်လှယ်လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆိုပါ MICA အဖွဲ့ကို ဖျက်သိမ်းပြီးလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုမိန့်မရရှိဘဲ ဆောင်ရွက်ခဲ့သည့် သိမ်းဆည်းရယူထားသော စက်ရုံများ၊ လုပ်ငန်းများ၊ မြေယာများကို မည်သို့ စီမံထားကြောင်းနှင့် ရရှိခဲ့သည့် ငွေကြေးစီမံခန့်ခွဲထားမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးပါရန် တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့တာပါ။

ဒီအဆိုကို ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာလေးက ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို လက်ခံဆွေးနွေးဖို့ သဘောမတူသူ မရှိတဲ့အတွက် ဒေါက်တာအားကာမိုးရဲ့ အဆိုကို လွှတ်တော်က ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

 

အဆိုကို ဆွေးနွေးရာဝယ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုးရဲ့ အဆိုကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်တွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

ဒီလို ဆွေးနွေးရာမှာ MICA အဖွဲ့ကို ဖျက်သိမ်းဖို့နဲ့ ဥပဒေလုပ် ထုံးလုပ်နည်းအရ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ကို လွှတ်တော်ကိုယ်စားလှယ် အားလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ MICA အနေနဲ့  နိုင်ငံရပ်ခြား အကူအညီပေးရေးဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိပါဘူးလို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းမြင့်က ဆွေးနွေးပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးက “MICA ရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ အပြည့်အ၀ အသုံးမချနိုင်တဲ့ ၀န်ကြီးဌာနပိုင်မြေတွေကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန်ဖြစ်တယ်လို့ သိရပါတယ်။ သို့ပေမဲ့လည်း ဒီပိုင်ဆိုင်မှု၊ ဒါရိုက်တာဘုတ်အဖွဲ့များမှာ အစိုးရအရာရှိကြီးများ၊ ပြင်ပပုဂ္ဂိုလ်များ ရောထွေးပါဝင်နေပြီးတော့  နိုင်ငံတော်ပိုင်လား။ ပုဂ္ဂလိက ပိုင်လား။ နိုင်ငံတော်နဲ့ ပုဂ္ဂလိက ဖက်စပ်ပိုင်လားဆိုတာတွေကို တိတိကျကျ ခွဲခြားသတ်မှတ်ထားတာမျိုးတွေ မတွေ့ရပါဘူး။  နိုင်ငံတော်ဖြစ်ရင်လည်း နိုင်ငံတော်ပိုင်အလျောက်၊ ဖက်စပ်ဆိုရင်လည်း ဖက်စပ်အလျှောက် သက်ဆိုင်ရာ ဘဏ္ဍာနှစ် အလိုက်စာရင်းစစ်ဆေးတာ၊ အရှုံးအမြတ်ပြတာတွေ၊ နိုင်ငံတော်ကို ပေးသွင်းရတဲ့ကိစ္စများကိုလည်း ပွင့်လင်းမြင်သာစွာ ပြထားခြင်း မရှိပါဘူး။ ၂၀၁၆ ခုနှစ် မတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာလည်း အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်တို့နဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပေမယ့် အဲဒီသက်ဆိုင်ရာဘဏ်တွေက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို မေးမြန်းတဲ့အခါမှာတော့ ဘယ်လိုမှ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒါကြောင့် အစိုးရရဲ့ လုပ်ငန်းများအဖြစ် စွန့်လွှတ်တာတွေ၊ ပြန်လည်အပ်နှံတာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လိုပါတယ်” လို့ ဆိုပါတယ်။

MICA ရဲ့ လုပ်ငန်းစတင် ဆောင် ရွက်ချိန်က ၂၀၁၂ ခုနှစ် သြဂုတ် ၇ ရက်မှာ ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ် သြဂုတ် ၂၈ ရက်မှာ တရားဝင်ဖြစ်တာကြောင့် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံပိုင်မြေတွေ၊ အဆောက်အအုံတွေအပေါ်မှာ ချုပ်ကိုင်ပြီးတော့ တရားမ၀င် စီးပွားရေးလုပ်ခဲ့တယ်ဆိုတဲ့ အချက်က ကနဦး ပေါ်ပေါက်လာတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက ဆွေးနွေးပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ် မတ် ၂၂ ရက်မှာ သက်ဆိုင်ရာဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဦးဇော်မင်းက အချက်လေးချက်နဲ့ ထောက်ပြပြီး ဆက်လက်ဆွေးနွေးခဲ့ပါတယ်။

“အခု တစ်ခုတည်းသော အထောက်အထားဖြစ်တဲ့ ၃/ ၂၀၁၆ အပေါ်မှာ ကိုးကားပြီးတော့ ဆက်လက်တင်ပြသွားပါ့မယ်။ သတင်းထုတ်ပြန်ချက်မှာ အဓိကအချက် လေးချက်ရှိပါတယ်။ သတင်းထုတ်ပြန်ချက်ရဲ့ အပိုဒ် ၃ မှာ ပါပါတယ်။ တစ်အချက်က MICA သည် ရင်းနှီးမြှုပ်နှံမှုအပေါ်မှ ရရှိသော ငွေကြေးများကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အခြားစာရင်းရှင် UFAOA အကောင့်ဖွင့်လှစ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဒီစာပိုဒ်ကို သုံးသပ်ကြည့်ရင် ဆောင်ရွက်သွားမည် ဖြစ်ပါသည် ဆိုတဲ့အတွက် အခုမှ ဆောင်ရွက်မှာ ဖြစ်ပြီးတော့ အရင်ကာလတွေက မဆောင်ရွက်ခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ စာသားဖြစ်ပါတယ်။ အမှန်တော့ ဒီ UFAOA ဆိုတဲ့ အကောင့်ကိုလည်း ဖွင့်ချိန်မရခဲ့တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၂.၃.၂၀၁၆ ရက်မှာ သတင်းထုတ်ပြန်တယ်။ ရှစ်ရက်အကြာ ၃၀.၃.၂၀၁၆ ရက်မှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်တယ်။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးလည်း အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် MICA အနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။ နံပါတ်နှစ်အချက်က MICA သည် နိုင်ငံပိုင်မြေကွက်များ ငှားရမ်းခြင်းမှ ရရှိငွေများကိုလည်း နိုင်ငံတော်၏ ရငွေဖြစ်သဖြင့် သက်ဆိုင်ရာဦးစီးဌာန၏ ငွေထုတ်စာရင်းအကောင့်သို့ ပေးသွင်းသွားမည် ဖြစ်ပါသည်။ အဓိပ္ပာယ်ကတော့ အရင်ကာလတွေက မပေးသွင်းရသေးဘူး။ ဒီကြေညာချက်ထုတ်ပြီး ပေးသွင်းမယ်လို့ ကတိက၀တ်ပေးတဲ့ သဘောမျိုးကို ဆိုလိုတာပါ။ နံပါတ်သုံးအချက်ကတော့  MICA သည် လချုပ်စာရင်းများအားလည်း အေဂျင်စီ၏ တရားဝင်စာရင်းစစ်အဖွဲ့နှင့် နှစ်စဉ်ရငွေ၊ သုံးငွေစာရင်းများအား လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အဖွဲ့နှင့်  စစ်ဆေးသွားမည် ဖြစ်ပါသည်။ ဒီအချက်ကလည်းပဲ MICA ဟာ စတင်တည်ထောင်စဉ်ကတည်းက မည်သည့်စာရင်းဇယားကိုမှ မည်သည့်စာရင်းစစ်အဖွဲ့နှင့်မှ မစစ်ဆေးရသေးဘူးဆိုတဲ့အချက်က ဒီအချက်မှာ ပါနေပါတယ်။ နံပါတ်လေးအချက်မှာလည်း MICA ရဲ့ လချုပ်စာရင်းများဟာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကိုခံယူပြီး စာရင်းစစ်အစီရင်ခံစာအား ဘဏ္ဍာရေးနှစ်ကုန်၍ ခြောက်လအတွင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသို့ ပေးပို့သွားမည်ဖြစ်ပါသည်။ ဒီအချက်ကလည်း MICA ဟာ ဘယ်တုန်းကမှ မဆောင်ရွက်သေးတဲ့ အလုပ်တွေကို နောင်အနာ ဂတ်ကာလမှာ သူဆောင်ရွက်မယ်လို့ ကတိက၀တ်ပေးတဲ့ သဘောပဲဖြစ်တယ်။ အခု အချက်လေးချက်ကို ခြုံငုံပြီး ကောက်ချက်ချရရင် MICA ဟာ သက်ဆိုင်ရာဝန်ကြီးဌာနက ဒီလိုကတိက၀တ်တွေ ပေးပြီးတော့ ရှစ် ရက်အကြာမှာ အစိုးရအပြောင်းအလဲ ဖြစ်သွားတဲ့အတွက် ဒီကတိက၀တ်တွေကို အကောင်အထည် မဖော်နိုင်ခဲ့တော့တာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်” လို့ သူက ထောက်ပြပါတယ်။

MICA ကို ပေါင်းသတ်ဆေးရည်နဲ့ နှိုင်းပြီး ဝေဖန်ဆွေးနွေးခဲ့သူကတော့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း ဖြစ်ပါတယ်။

ဦးလှဆန်းက “ဂျိုက်ကာ၊ မိုက်ကာ၊ မီဂါတို့ရဲ့ ဆင်တူယိုးမှား ဖြစ်နိုင်တဲ့အကြောင်း လေ့လာကြည့်မိတော့ မီဂါဆိုတာ ပေါင်းသတ်ဆေး တံဆိပ်တစ်မျိုး၊ မိုက်ကာကလည်း ပေါင်းသတ်ဆေးရည်လိုပါပဲလားလို့ တွေးဆမိပါတယ်။ ဘာဖြစ်လို့ တွေးဆရလဲဆိုရင် မိုက်ကာကိုလည်း အပြင်လူနဲ့ အတွင်းလူများ ပေါင်းစပ်ပြီး မွေးမြူရေးကဏ္ဍကြီးတစ်ခုလုံးကို သတ်ပစ်လိုက်သလို ခံစားမိလို့ပါပဲ” လို့ ဝေဖန်ခဲ့ပါတယ်။

MICA အနေနဲ့ မူလရည်ရွယ်ချက်ကို သွေဖည်ပြီး လုပ်ဆောင်ခဲ့မှုတွေအပေါ် ကိုယ်စားလှယ်တချို့ကလည်း ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်ကတော့ “အဖွဲ့အစည်း စတင်ချိန်ရည်ရွယ်ချက်များ တရားဝင်ထုတ်ဖော်ကြေညာထားပြီး အမှန်တကယ် လုပ်ငန်းဆောင်ရွက်ချိန်မှာ ရှော့ပင်းစင်တာတွေ ဆောက်၊ စက်သုံးဆီအရောင်းဆိုင်တွေဖွင့်၊ အိုးအိမ်တိုက်တာတွေ ဆောက်၊ အဆမတန်မြတ်မယ့် ဆောက်လုပ်ရေးစီမံကိန်းများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး မူလတာဝန်ယူထားတဲ့ နိုင်ငံတော် မွေးမြူရေးနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို လုံးဝဥပေက္ခာပြုခဲ့ပါတယ်။ လွှဲပြောင်းယူလိုက်တဲ့ဝန်ကြီး ဌာနမှဝန်ထမ်းတွေ၊ ပညာရှင်တွေဟာ မွေးမြူရေးခြံတွေမှာ ငုတ်တုတ်ထိုင် ခြံစောင့်ဖြစ်နေရပြီး လစဉ်လစာ စရိတ်ငွေကျပ် သိန်း ၁၂၀ ကုန် ကျတာမို့ နိုင်ငံတော်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် MICA ကနေ ကန်ထ ရိုက်ချပေးတဲ့စနစ်နဲ့ တင်ဒါခေါ်ယူတဲ့ အပေါ်ရာမှာ အလုပ်သဘောအရ သာခေါ်ပြီး VIP ပုဂ္ဂိုလ်တွေနဲ့ ၀င်ညှိပြီးသားပုဂ္ဂိုလ်တွေပဲ တင်ဒါရကြတယ်လို့ သူက ဆက်ပြောပါတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ် မတ် ၂၂ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

MICA အနေနဲ့ လွှဲပြောင်းယူခဲ့တဲ့ ခြံလုပ်ငန်းတွေ၊ စက်ရုံလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် စနစ်နဲ့ လုပ်ငန်းစဉ်ရှစ်ရပ် အကောင်အထည် ဖော်ဖို့ဆိုပြီး ၂၀၁၄ ခုနှစ်က ပြည်တွင်း ပြည်ပလုပ်ငန်းရှင် ကုမ္ပဏီတွေကို အဆိုပြုလွှာတွေ ခေါ်ခဲ့ပါတယ်။ ဒီအဆိုပြုလွှာတွေနဲ့ ပတ်သက်ပြီး MICA ရဲ့ ဘုတ်အဖွဲ့အစည်းအဝေးတွေကို ၂၀၁၅ ခုနှစ်မှာ ၁၀ ကြိမ်နဲ့ ၂၀၁၆ ခုနှစ်မှာ ခုနစ်ကြိမ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အဆိုပြုလွှာတွေထဲကမှ မွေးမြူရေးဌာနပိုင် ခြံ၊ စက်ရုံ ၁၄ ခု၊အုတ်စက်ရုံ တစ်ခုနဲ့ ငါးလုပ်ငန်းဦးစီးဌာနပိုင် ကိုးခုကိုပဲ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စာချုပ်ချုပ်ဆိုဖို့ ခွင့်ပြုချက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က “EOI အောင်မြင်ခဲ့တာ ၂၁ ခုရှိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအားလုံးက လွှဲပြောင်းယူခဲ့တဲ့ လုပ်ငန်းတွေနဲ့ စာရင်အများကြီး နည်းနေပါတယ်။ မအောင်မြင်ဘဲနဲ့ ခွင့်ပြုချက်မကျတဲ့ စက်ရုံ၊ မြေဧက ၃၄ ခုနဲ့ ငါးလုပ်ငန်းခြောက်ခုကို MICA အနေနဲ့သော် လည်းကောင်း၊ စိုက်ပျိုးရေး၊ ဆည်မြောင်းနဲ့ မွေးမြူရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်ခဲ့သလဲ။ မည်ကဲ့သို့ ဆောင်ရွက်နေပါသလဲ။ နောက်ပြီး အဲဒီလုပ်ငန်းတွေကိုလည်း ဘယ်လိုမျိုး တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဆောင်ရွက်နေပါသလဲဆိုတာကိုလည်း သိချင်ပါတယ်” လို့ မေးခွန်းထုတ်လိုက်ပါတယ်။

EIO အောင်မြင်ခဲ့တဲ့ လုပ်ငန်းတွေထဲက လက်ရှိအချိန်မှာ မွေးမြူရေးဌာနပိုင် ခြံ၊ စက်ရုံခြောက်ခုနဲ့ ငါးလုပ်ငန်းပိုင် ခြောက်ခုကိုပဲ စာချုပ် ချုပ်လုပ်ငန်းအကောင်အထည်ဖော်နေတာတွေ့ရပြီး အဲဒီအထဲက သုံးခုကို အောင်ဖြိုးမြတ် (APN) ကုမ္ပဏီတစ်ခုထဲက ကန်ထရိုက်အောင်မြင်ထားတယ်လို့ သူကဆက်ပြောပါတယ်။

“ကုမ္ပဏီတစ်ခုတည်းကို လုပ်ငန်းသုံးခု ပေးထားတာဟာ ပွင့်လင်းမြင်သာမှုရှိပါရဲ့လား။ ယခင် EIO အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေ မဟုတ်ဘဲနဲ့ ဒီကုမ္ပဏီက အသစ်ဖြစ်နေတာလားဆိုတဲ့ မေးခွန်းကိုလည်း မေးချင်ပါတယ်” လို့  ဒေါ်ရွှေရွှေစိန်လတ်က ဆိုပါတယ်။

ပွင့်လင်းမြင်သာမှု အားနည်းလှတဲ့ MICA အဖွဲ့အနေနဲ့ နိုင်ငံပိုင် အဖိုးတန်စက်ရုံ၊ အဆောက်အအုံ၊ မြေခြံပေါင်း မြောက်မြားစွာကို လွှဲပြောင်းရယူပြီးတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပုဂ္ဂလိကလက်ဝယ်ကို နည်းမျိုးစုံနဲ့ လွှဲပြောင်းခဲ့ခြင်းက တိုင်းပြည်အတွက် မဖြစ်မနေအရေးတကြီး ပြန်လည်ဆန်းစစ်သုံးသပ်သင့်တဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဦးကျော်ထွေးက မှတ်ချက်ပြု ဆွေးနွေးပါတယ်။

ဒါ့အပြင် MICA ကနေ ခြံမြေ၊ စက်ရုံ၊ အဆောက်အအုံတွေကို လွှဲပြောင်းရောင်းချ ငှားရမ်းခြင်းဆိုင်ရာ အခွန်အခတွေနဲ့ ထိုက်သင့်တဲ့ ငှားရမ်းရောင်းချခတွေကို နိုင်ငံတော်အနေနဲ့ မှန်မှန်ကန်ကန်ရပါရဲ့လား ဆိုတာကိုလည်း သူကမေးခွန်းထုတ်လိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ NLD အစိုးရရဲ့ နိုင်ငံတော် စီးပွားရေးမူဝါဒ အပိုဒ် ၁၀ မှာ “နိုင်ငံတော်၏ ၀င်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသော အခွန်စနစ်ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရမည်” လို့ ဖော်ပြထားလို့ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးကျော်ထွေးက “ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် ဘတ်ဂျက် Review ကို ကြည့်ရင်မည်သည့် အစိုးရအဖွဲ့အစည်းမဆို တည်ဆဲဥပဒေနဲ့ လျော်ညီစွာ ငါးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်းပေါင်းများစွာကို နောက်ကြောင်းပြန်ပေးဆောင်ခဲ့တာ သိနိုင်တာမို့ MICA အနေနဲ့လည်း အခွင့်ထူးခံအဖြစ် အခွန်အခကင်းလွတ်နေစရာ ဘယ်လိုအကြောင်းမှ ရှိမနေတာ အသေအချာပါ။ ဒါ့အပြင် အစိုးရဌာနအဖွဲ့အစည်း အချင်းချင်းအကြား နိုင်ငံပိုင်ပစ္စည်းများ လွှဲပြောင်းရယူရာမှာလည်း အခွန်အခလွတ် လက်လွတ်စပယ် လွှဲပြောင်းလို့ မရပါဘူး။ မြေငှားရမ်းရင် မြေလွှဲပြောင်းရယူသူက ပရီမီယံကြေးကို ပေးဆောင်ရလေ့ရှိပြီး သင့်တင့်တဲ့ မြေငှားရမ်းခကိုလည်း မူလပိုင်ရှင်ဌာန အဖွဲ့အစည်းကိုပေးချေရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနအနေနဲ့ နိုင်ငံပိုင် မြေဧရိယာပေါင်း မြောက်မြားစွာကို MICA ဆီက လွှဲပြောင်းရယူခြင်းအတွက် မည်ကဲ့သို့ သဘောတူညီမှုများဖြင့် နိုင်ငံတော်ဘဏ္ဍာ မည်ရွေ့မည်မျှရရှိခဲ့သည်ကို ရှင်းရှင်းလင်းလင်း မတွေ့ရသလို MICA မှ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့တစ်ဆင့် ပြန်လည်လွှဲပြောင်းရောင်းချခြင်း အတွက်လည်း နိုင်ငံတော်အတွက် မည်မျှအကျိုးကျေးဇူး ဖြစ်ထွန်းခဲ့တယ်ဆိုတာ အခုထိကွဲကွဲပြားပြား မသိရသေးပါဘူ” လို့ ဆိုပါတယ်။

အမျိုးသား လွှတ်တော်မှာ နှစ်ရက်တိုင်တိုင် ကိုယ်စားလှယ် ၁၄ ဦးက လွှတ်တော်ကိုယ်စားလှယ် နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာ အားကာမိုးရဲ့ အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြပေမယ့် အဆိုရှင်ရဲ့ ပြောကြားချက်တွေကို ပြန်လည်ကိုးကားပြီး MICA အဖွဲ့ကို ဖျက်သိမ်းဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုအတည်ပြု

အမျိုးသားလွှတ်တော်မှာ နှစ်ရက်တိုင်တိုင် ကိုယ်စားလှယ် ၁၄ ဦးက ဒေါက်တာအားကာမိုးရဲ့ အဆိုကို ထောက်ခံဆွေးနွေးပြီးချိန်မှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

ဒုတိယ၀န်ကြီး ဦးလှကျော်က “လက်ရှိ  MICA ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်နည်းစနစ်အပေါ်မှာ မိမိတို့ အစိုးရလက်ထက်မှာ ပြန်လည်သုံးသပ်ပြီးတော့ ဒီလုပ်ငန်းရဲ့ စွမ်းဆောင်ရည် အနေအထားနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအပိုင်း အားနည်းချက်များ ရှိတဲ့အတွက်ကြောင့်လည်း နိုင်ငံတော်သမ္မတရုံးကို အဲဒီအဖွဲ့ကို ဖျက်သိမ်းပေးဖို့အတွက် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်မှာ နိုင်ငံတော်သမ္မတရုံးကနေ ပြီးတော့ ဖျက်သိမ်းဖို့ကိစ္စကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို့ သဘောတူခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ ဖျက်သိမ်းမှုအတွက် ပရောဆက်အရ ဖျက်သိမ်းရာမှာ လုပ်ထုံးလုပ်နည်းအညီဖြစ်ဖို့ အတွက်လည်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ ဥပဒေရေးရာ ရှုထောင့်မှ သဘောထားမှတ်ချက်များ တောင်းခံခဲ့ပြီး ဖြစ်ပါတယ်” လို့ ပြောကြားပါတယ်။

အဲဒီ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အကြံပြုသုံးသပ်ချက် ခြောက်ချက်ကတော့

(က) MICA ဟာ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ ခုနှစ်အရ  ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မှတ်ပုံတင်ထားပါက  ယင်းဥပဒေနဲ့ အညီ စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်မည် ဖြစ်ပါသည်။

(ခ) MICA အား မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ အရ ဖွဲ့စည်းတည်ထောင်ခဲ့သော်လည်းပဲ မှတ်ပုံတင်ထားခြင်း မရှိလို့ရှိရင် တရားဝင် အဖွဲ့အစည်းဖြစ်တယ်လို့ ယူဆနိုင်မည် မဟုတ်ပါသောကြောင့် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ ခုနှစ်နဲ့အညီ စာရင်းရှင်းလင်းဖျက်သိမ်းနိုင်မည် မဟုတ်ပါကြောင်း။

(ဂ) သို့သော် MICA ဖွဲ့စည်း ခြင်း၊ ဒါရိုက်တာ အဖွဲ့ဝင်များဖွဲ့စည်းခြင်း၊ ဒါရိုက်တာအဖွဲ့ပြင်ဆင်သတ် မှတ်ခြင်းတို့ကို ပြည်ထောင်စုအစိုးရ အဖွဲ့က သဘောတူခွင့်ပြုခဲ့တာကြောင့် MICA ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ သဘောတူခွင့်ပြုချက်ရရှိမှု လိုအပ်မည်ဖြစ်ပါကြောင်း။

(ဃ) MICA အားဖျက်သိမ်းခြင်း မပြုမီ MICA မှ ချုပ်ဆိုဆောင်ရွက်ထားတဲ့ စာချုပ်များနဲ့ စပ်လျဉ်းပြီး MICA နဲ့ ယင်းစာချုပ်များ ချုပ်ဆိုခဲ့တဲ့ ကုမ္ပဏီ လုပ်ငန်းရှင်တို့အကြားပေးရန်၊ ရရန်ကိစ္စများ ရှင်းလင်းပြီးဖြစ်ဖို့ လိုအပ်ပါကြောင်း။

(င) ထို့ပြင် MICA အား ပြည်ထောင်စုအစိုးရအဖွဲ့က ဖျက်သိမ်းရန် သဘောတူခွင့်ပြုခဲ့ပါက MICA အားဖျက်သိမ်းခြင်း မပြုမီ MICA က ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ ယင်း၏ တာဝန်နှင့် ၀တ္တရားအားလုံးကို လွှဲပြောင်းလက်ခံမည့်ဌာနများသို့ လုပ်ငန်းတာဝန်နှင့် ၀တ္တရားများ လွှဲပြောင်းသည့် သဘောတူစာချုပ်များ ချုပ်ဆိုပြီး လွှဲပြောင်းရန်လိုအပ်မည် ဖြစ်ပါကြောင်း။

(စ) သက်ဆိုင်ရာဝန်ကြီးဌာနမှ MICA အား ဖွဲ့စည်းတည်ထောင်ပြီးတဲ့နောက် စာချုပ်များ ချုပ်ဆိုဆောင်ရွက်ရေး၊ လုပ်ပိုင်ခွင့်အခွင့်အရေး အာဏာများ အပ်နှင်းခဲ့သည့်ကိစ္စများ ရှိခဲ့လျှင်လည်း အဆိုပါကိစ္စအား ရှင်းလင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စတဲ့အချက်တွေဖြစ်တယ်လို့ ဒုဝန်ကြီးက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ဒါ့အပြင် ဒီသဘောထားနဲ့ အညီ MICA ကို ဖျက်သိမ်းနိုင်ဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခွင့်ပြုချက် ရယူဆောင် ရွက်သွားမှာဖြစ်ပြီး MICA အဖွဲ့ကို ဖျက်သိမ်းပြီးပါက ခြံ၊ စက်ရုံ၊ မြေယာများကို သက်ဆိုင်ရာဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဒုဝန်ကြီးက ဆက်ပြောပါတယ်။

အဲဒီနောက်မှာတော့ လွှတ်တော်အဆုံးအဖြတ်ရယူဖို့ စက်ခ လုတ်အသုံးပြုပြီး လျှို့ဝှက်ဆန္ဒမဲပေးရာမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၁၉၇ ဦး အနက် ထောက်ခံမဲ ၁၄၀၊ ကန့်ကွက်မဲ ၅၀ ရရှိတာကြောင့် ထောက်ခံမဲများတဲ့အတွက် အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ MICA ဖျက်သိမ်းရေးအဆိုကို အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်က MICA ကို အရင်အ စိုးရလက်ထက်ဖွဲ့ စည်းရာမှာ ပါဝင်ခဲ့တဲ့ သမ္မရုံးဝန်ကြီးဟောင်း လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ခွင့်ယူခဲ့ပါတယ်။ ဒါ့အပြင် ဦးစိုးသိန်းအနေနဲ့ MICA ဖျက်သိမ်းရေးအဆို တင်သွင်းတဲ့ ၂၀၁၆ ဒီဇင်ဘာ ၁၄ ရက်၊ အဆိုစတင်ဆွေးနွေးတဲ့ ၂၀၁၇ ဖေဖော်ဝါရီ ၆ ရက်နဲ့ အဆိုအတည်ပြုခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်တွေမှာ လွှတ်တော်ကနေ ခွင့်ယူခဲ့တာက တိုက်ဆိုင်မှုလားဆိုတာ တွေးစရာပါ။

ဘာပဲဖြစ်ဖြစ် အမျိုးသားလွှတ်တော်ကတော့ ကိုယ်စားလှယ် နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုးရဲ့  MICA ဖျက်သိမ်းပေးရေး အဆိုကို အတည်ပြုခဲ့တာကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ အဲဒီအဆိုကို မဖြစ်မနေအကောင် အထည်ဖော်လုပ်ဆောင်ပေးဖို့ တာဝန်ရှိသွားပြီ ဖြစ်ပါတယ်။

ဒါကြောင့် NLD အစိုးရလက်ထက်မှာ မြန်မာ-နိုင်ငံတကာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (MICA) ကို ဖျက်သိမ်းပြီး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ စာရင်းဇယားတွေကို ဖော်ထုတ်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူတွေဆီ ချပြနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

MICA ဖျက်သိမ်းရေးနဲ့ ပတ်သက်လို့ အဆိုတင်သွင်းခဲ့သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုးက အစိုးရရဲ့ လုပ်ဆောင်ချက်ကို စောင့်ကြည့်နေမယ်လို့ အဆိုကို အတည်ပြုလိုက်တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။