ကမ္ဘာ့ရေနံဈေး ဆက်လက်မြင့်တက်မှုကြောင့် ငါးလအတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာ ၁၁၅ ကျပ်မှ ၁၂၀ ကြား ဈေးတက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလဆန်းနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၂၀ မှ ၂၂ ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းမြင့်တက်

ကမ္ဘာ့ရေနံဈေး ဆက်လက်မြင့်တက်မှုကြောင့် ငါးလအတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာ ၁၁၅ ကျပ်မှ ၁၂၀ ကြား ဈေးတက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလဆန်းနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၂၀ မှ ၂၂ ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းမြင့်တက်
Published 3 December 2017

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် ငါးလအတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာ ၁၁၅ ကျပ်မှ ၁၂၀ ကြား ဈေးတက်ခဲ့ကာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလဆန်းနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၂၀ မှ ၂၂ ရာခိုင် နှုန်းကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

၂၀၁၇ ခုနှစ်အစောပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးအတက်အကျ နည်းပါးလျက်ရှိသော်လည်း အောက်တိုဘာ ဒုတိယပတ်မှစတင်ကာ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် အောက်တိုဘာဆန်းပိုင်းတွင် ၅၁ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာ ၂ ရက်တွင် ၅၈ ဒေါ်လာဝန်း ကျင်အထိ ဆက်လက်မြင့်တက်ခဲ့ကာ သြဂုတ်လ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့သည်။

ပြည်တွင်းဈေးကွက်၌ ဒီဇင်ဘာ ၂ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ၇၈၅ ကျပ် (တစ်ဂါလန် ၃၅၆၃ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ၈၀၅ ကျပ် (တစ်ဂါလန် ၃၆၅၄ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၇၉၀ ၊ (တစ်ဂါလန် ၃၅၈၆ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၈၃၀ (တစ်ဂါလန် ၃၇၆၈ ကျပ်) ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ် ၃ ရက်တွင်ဖြစ်ပေါ်သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ ၁၁၅ ကျပ် (၁၇ ဒသမ ၁ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၁၅ ကျပ် (၁၆ ဒသမ ၆ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၂၀ (၁၇ ဒသမ ၉ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron တစ်လီတာ ၁၁၅ ကျပ် (၁၆ ရာခိုင်နှုန်း) ငါးလအတွင်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်း စက်သုံးဆီဈေးကွက်က ပြည်ပကသွင်းလာတဲ့ ဈေးနှုန်း၊ ဒေါ်လာဈေးနှုန်း၊ သိုလှောင်သယ်ပို့စရိတ်တွေအပေါ် အဓိက မူတည်နေပါတယ်။ အခုဒေါ်လာဈေးက အမြင့်ဈေးနဲ့ငြိမ်နေပေမယ့် ရေနံဈေးက  အောက်တိုဘာလလယ်လောက်စပြီး ဆက်တိုက်မြင့်လာတော့ ပြည်တွင်းစက်သုံးဆီ ဈေးလည်း လိုက်တက်လာတာပါ။ ကမ္ဘာ့ ဈေးဆက်တက်ရင် စက်သုံးဆီဈေးတွေ ထပ်တက်နိုင်ပါတယ်” ဟု မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းဝင် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခင်နှစ် ဒီဇင်ဘာ ၂ ရက်တွင် ပြည်တွင်းဈေးကွက်၌ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ လက်လီ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ်  ကျပ် ၆၄၀၊ ပရီမီယံဒီဇယ် ကျပ် ၆၆၀၊ 92 Ron ကျပ် ၆၅၀၊ 95 Ron ကျပ် ၆၉၀ တို့ဖြစ်ပြီး တစ်နှစ်အတွင်း ဒီဇယ် ၂၂ ဒသမ ၆ ရာ ခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၂၁ ဒသမ ၉ ရာခိုင် နှုန်း၊ 92 Ron ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ 95 Ron ၂၀ ဒသမ ၂ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလဆန်းတွင် ကမ္ဘာ့ရေနံဈေး ၅၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၆ ဒေါ်လာခန့် ကွာဟသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အ တွင်း ပြည်ပမှ မှာယူတင်သွင်းသည့်  စက်သုံးဆီများ၏ ဆိပ်ကမ်းအရောက် ပျမ်းမျှအရင်း ဈေးသည် အောက်တိန်း 92 Ron တစ်လီတာလျှင် ၇၃၂ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၇၄၅ ကျပ်၊ ပရီမီယံဒီဇယ် ဆီတစ်လီတာလျှင် ၇၅၇ ကျပ်နှင့် အောက်တိန်း 95 Ron တစ်လီတာလျှင် ကျပ် ၇၆၀ ဖြစ်ပြီး လက်လီရောင်းဈေးသည် သိုလှောင်သယ်ယူပို့ဆောင်ရေး စရိတ်အပေါ်မူတည်၍ ကွာခြားနိုင်ကြောင်း သိရသည်။

Most Read

Most Recent