နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကျင်းပ
Published 2 December 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ် (Photo: Myanmar State Counsellor Office)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ရန် ပြည်သူ့ခန်းမဆောင်သို့ ရောက်ရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းသည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်သူ့ခန်းမဆောင် ပထမထပ်တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင်ပင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အခြေခံပြီး ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အဆင့်မြင့် ခေါင်းဆောင်များအကြား ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားလာရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ဆောင်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းကြီးများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တရုတ်နိုင်ငံမှ အကူအညီပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ပြည်သူ့ခန်းမဆောင်ကြီးတွင် ပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများ၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံရေးပါတီများ၏ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး ပထမပိုင်းကို တက်ရောက်ခဲ့ကြောင်း၊ အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ မှတာဝန်ရှိသူတစ်ဦး ဧည်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တည့်ခင်းဧည်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံပေါင်း ၁၂၀ မှ ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်း ၂၀၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ရန် စာရင်းပေးသွင်းထားကြောင်း ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းအဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ အတိုက်အခံပါတီခေါင်းဆောင်ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖွဲ့သည်လည်း တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဆက်လက် ရပ်တည်လျက်ရှိသော်လည်း ပြည်ထောင်စုဝန်ကြီး တာဝန်များအား ထမ်းဆောင်နေသောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပါတီမှ ကျင်းပသည့် အခမ်းအနားများသို့ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

သို့ရာတွင် ယခုဆွေးနွေးပွဲတွင် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်မှုတွင် ပါရှိပြီး ခရီးစဉ်အတွင်း လိုက်ပါသွားသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှာ NLD ပါတီ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်တွင် အစိုးရတာဝန်များ တရားဝင် ထမ်းဆောင်ချိန်မှစ၍ တရုတ်နိုင်ငံသို့ ယခုတစ်ကြိမ် သွားရောက်ခြင်းသည် သုံးကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။

Most Read

Most Recent