စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု ညွှန်းကိန်းတွင် လျှပ်စစ်အညွှန်းကိန်း တိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မီးပြတ်တောက်မှုမရှိစေရန် အဓိကထားကြိုးစားမည်ဟု ဆို

စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု ညွှန်းကိန်းတွင် လျှပ်စစ်အညွှန်းကိန်း တိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မီးပြတ်တောက်မှုမရှိစေရန် အဓိကထားကြိုးစားမည်ဟု ဆို
Published 1 December 2017

နေပြည်တော်တွင် ပြုလုပ်သော ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့ (Ease of Doing Business) ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ်

စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု ညွှန်းကိန်း (Ease of Doing Business Index) တွင် လျှပ်စစ်အညွှန်းကိန်း တိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအား မီးပြတ်တောက်မှုမရှိစေရန် အဓိကထား ကြိုးစားသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးသာစိုးက ပြောကြားသည်။

နိုဝင်ဘာ ၃၀ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့ (Ease of Doing Business) ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးတွင် ဦးသာစိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်အုပ်စုက ရန်ကုန်တိုင်းဒေသကြီးအား အဓိကထားကောက်ယူသည့် လျှပ်စစ်ညွှန်းကိန်းမှာ ယခင်နှစ်က ၁၄၉ အဆင့်ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၅၁ အဆင့် ကျဆင်းသွားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအား မီးပြတ်တောက်မှုမရှိစေရန် အဓိကထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးသာစိုးက “အခုတိုင်းတာတဲ့ အညွှန်းကိန်းတွေအရ ရန်ကုန်တိုင်းဒေသကြီးဧရိယာကို အဓိကထားပြီး တိုင်းထားတဲ့ အညွှန်းကိန်းဖြစ်တယ်။ ရန်ကုန်တိုင်းကိုလည်းပဲ အဓိက အားစိုက်ပြီးတော့ ကျွန်တော်တို့ ဓာတ်အားပြတ်တောက်မှုတစ်ကြိမ်မျှ မပျက်အောင်ကြိုးစားနေတယ်။ အရင်တုန်းကထက်တော့ လျော့သွားပြီ။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်အသီးသီးမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးဆိုပြီးတော့ အဲဒီအချက်ကိုသွားပြီးတော့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အား Power Outage အရေအတွက် လျော့နည်းသွားပြီဆိုလို့ရှိရင် ကျွန်တော်တို့အမှတ်က တိုးတက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံးရှိမြို့နယ်အားလုံးနှင့် ရပ်ကွက်၊ ကျေးရွာများတွင် မီးပြတ်တောက်မှု အနည်းငယ်သာရှိပြီး ဓာတ်အားပြတ်တောက်မှု လုံးဝမရှိစေရန်အတွက် လုပ်ဆောင်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဓာတ်အားစနစ် ပြတ်တောက်မှုသည် ၂၀၀၆ ခုနှစ်က ၁၂ ကြိမ်ရှိခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်သာ ပြတ်တောက်မှုရှိကြောင်း  ဦးသာစိုးက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ထရန်စဖော်မာအသစ် တပ်ဆင်ရန်အတွက် လျှောက်ထားမှုအပေါ် ယခင်ကနှစ်လ အချိန်သတ်မှတ်ထားသော်လည်း လက်ရှိတွင် တစ်လအတွင်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဦးသာစိုးက ဆိုသည်။

၎င်းက “လျှောက်တဲ့အချိန်ကနေစပြီး ဓာတ်အားရရှိတဲ့အချိန်အထိ ထက်ဝက်လောက်လျှော့ချတယ်။ အဲဒါကတော့ ထူးခြားချက်ပဲ။ အရင်နှစ်နဲ့မတူဘူး။ ဒါ့ထက်မကမြန်အောင်လည်း လိုင်းတိုရင်တိုသလိုပေ ၃၀၀ လောက်ဆိုရင်တော့ ချက်ချင်းတောင်လုပ်ရင် လုပ်မယ်။ တစ်ပတ်အတွင်းတောင် ပြီးနိုင်မယ်။ သုံးမိုင်၊ လေးမိုင်လောက် လိုင်းရှည်ရင်တော့ နည်းနည်းကြာတာပေါ့။ ထရန်စဖော်မာ တပ်ဆင်တည်ဆောက်တဲ့ဟာကို ကျွန်တော်တို့ ဖြေလျှော့ပေးတာပါ” ဟု ပြောကြားသည်။

Most Read

Most Recent