ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လူထုပရိသတ်နှင့် မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းပွဲ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ပြုလုပ်ခဲ့ပြီး ကက်သလစ်ဘာသာဝင် သိန်းနှင့်ချီ တက်ရောက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လူထုပရိသတ်နှင့် မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းပွဲ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ပြုလုပ်ခဲ့ပြီး ကက်သလစ်ဘာသာဝင် သိန်းနှင့်ချီ တက်ရောက်
Published 30 November 2017

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းပွဲ တက်ရောက်လာသည့် ကက်သလစ်ဘာသာဝင်တို့အကြား မော်တော်ယာဉ်ဖြင့် လှည့်လည်နှုတ်ဆက်နေသည်ကို တွေ့ရစဉ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် လူထုပရိသတ် နှင့် မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းခြင်း မစတင်မီ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြုဆုတောင်းပွဲ တက်ရောက်လာသည့် လူထုအကြား မော်တော်ယာဉ်ဖြင့် လှည့်လည်၍ နှုတ်ဆက်ခြင်း အစီအစဉ် ဦးစွာပြုလုပ်ခဲ့သည်။

“ကျွနု်ပ် ဒီတိုင်းပြည်ကို ကြွရောက်မလာမီ ဒီအချိန်အခါသမယကို အတော်ကြာအောင် စောင့်မျှော်ခဲ့ရပါတယ်။ သားသမီးတို့ထဲမှ အများစုဟာ အလွန်ဝေးကွာလှတဲ့ နေရာဒေသတွေ၊ ဝေးလံသီခေါင်လှတဲ့ တောင်ပေါ်ဒေသတွေကနေ ဒီနေရာကို ရောက်ရှိလာခဲ့ကြတာ ဖြစ်တယ်။ တချို့ဆိုရင် ခြေကျင်လာခဲ့ကြတာပါ။ ကျွနု်ပ်ကိုယ်တိုင်လည်း ဒီနေရာကို ဘုရားဖူးသူတော်စင် တစ်ပါးအနေနဲ့ လာရောက်ခဲ့ပြီး သားသမီးတို့ရဲ့အသံကို နားထောင်ဖို့၊ သားသမီးတို့ဆီက သင်ယူဖို့၊ သားသမီးတို့ကိုလည်း မျှော်လင့်ခြင်း၊ နှစ်သိမ့်ခြင်းတွေ ပေးဖို့ ရောက်ရှိလာရခြင်း ဖြစ်ပါတယ်”ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြုဆုတောင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ဘုရားရှင်၏ နက်နဲလှသည့် အချက်များကို အပြည့်အဝစုံလင်စွာ အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးနိုင်သူသည် ယေဇူးခရစ်တော် တစ်ပါးတည်းသာ ဖြစ်ကြောင်း ကက်သလစ်ဘာသာဝင်များအား ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။

“ဘုရားရှင်ရဲ့ ဉာဏ်ပညာတော်ဟာ ဘာလဲဆိုတာ ကားတိုင်ပေါ်ထက်မှာ ခရစ်တော် ကိုယ်တိုင် လူသားအားလုံးအတွက် မိမိရဲ့အသက်ကို ပေးဆပ်ခြင်းအားဖြင့် ကျွနု်ပ်တို့ကို သင်ကြားပေးခဲ့တယ်။ တစ်ခါတစ်ရံ ကျွနု်ပ်တို့ ကိုယ်တိုင်လည်း လောကီသားတွေ စံထားတဲ့ ကျွနု်ပ်တို့ရဲ့ ဉာဏ်ပညာပေါ်မှာ မှီခိုအားကိုးလွန်းတဲ့ ထောင်ချောက်ထဲမှာပဲ ကျရောက် ပိတ်မိတတ်ကြတယ်။ အဲဒီအခြေအနေမှာ ကျွနု်ပ်တို့အတွက် အမှန်တရား တစ်ခုကတော့ ကျွနု်ပ်တို့ရဲ့ ဦးတည်ချက်တွေ လွယ်လွယ်နဲ့ ပျောက်သွားနိုင်ခြင်းပဲ ဖြစ်တယ်။ အဲဒီလိုအချိန်မျိုးမှာ ကျွနု်ပ်တို့ရဲ့ ရှေ့မျက်မှောက်မှာရှိတဲ့ ကားတိုင်ပေါ်မှ ခရစ်တော်သာလျှင် ကျွနု်ပ်တို့ဘဝရဲ့ အာမခံချက်ရှိတဲ့ ဘဝလမ်းညွှန်ဆိုတာကို သတိရကြရမယ်။ ကားတိုင်တော်၌သာလျှင် စစ်မှန်သော ဉာဏ်ပညာကို တွေ့ရှိကြရမှာ ဖြစ်တယ်။ ဒီဉာဏ်ပညာသာလျှင် ဘုရားရှင်ဆီမှလာတဲ့ အလင်းတော် ဖြစ်တဲ့အတွက် ကျွနု်ပ်တို့ဘဝကို ဦးဆောင်လမ်းပြပေးနိုင်မှာ ဖြစ်တယ်”ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောကြားသည်။

ဆက်လက်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က “ကျွနု်ပ်သိထားတာကတော့ မြန်မာပြည်သူ၊ ပြည်သားအများစုက ကြမ်းတမ်း ခက်ထန်မှုရဲ့ သားကောင်တွေ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှိခံစားကြရသူတွေ ဖြစ်တယ်။ ကျွနု်ပ်တို့ခံစားခဲ့ရတဲ့ နာကျင်မှု၊ နာကြည်းမှုတွေအတွက် ပြန်လည်တုံ့ပြန်တဲ့အခါ ပထမကျမ်းစာမှာ ကြားနာခဲ့ရတဲ့ ဘုရင်မင်းကြီးလိုပဲ သိမ်ဖျင်းလှတဲ့ လောကီသားတွေရဲ့ ဉာဏ်ပညာကို အသုံးချပြီး တုံ့ပြန်ချင်ကြတယ်၊ တုံ့ပြန်တတ်ကြတယ်။ လက်စားချေခြင်း၊ ဒေါသနဲ့ အကြမ်းတုံ့ပြန်ခြင်းအားဖြင့် ကျွနု်ပ်တို့ ခံရတဲ့ဒဏ်ရာတွေကို ကုသပျောက်ကင်းမှု ရရှိမယ်လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်း လမ်းစဉ်ဟာ ယေဇူးခရစ်တော်ရဲ့ လမ်းစဉ်မဟုတ်ပါဘူး။ ယေဇူးခရစ်တော်ရဲ့လမ်းစဉ်ဟာ လုံးလုံးလျားလျား ကွာခြားလှပါတယ်။ ခရစ်တော်ဟာ မုန်းတီးမှု၊ ငြင်းပယ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ဒုက္ခဝေဒနာခံထမ်းခြင်း၊ ကားတိုင်တော်မှာတင် အသတ်ခံရခြင်းတွေကို ရင်ဆိုင်တွေ့ကြုံရတဲ့ အချိန်မှာ ခွင့်လွတ်ခြင်းနဲ့ သနားကြင်နာခြင်းကိုသာ လက်ကိုင်ထားပြီး တုံ့ပြန်ခဲ့တယ်”ဟု ပြောကြားသည်။

ထို့နောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ဘုရားသခင်၏ ငြိမ်းချမ်းခြင်း ကောင်းချီးတော်များ ဤမြေပေါ်ဝယ် သွန်းလောင်းချ ပေးတော်မူပါစေဟု လည်းကောင်း၊ ဘုရားသခင်သည် မြန်မာပြည်ကြီးကို ကောင်းချီးပေးတော်မူပါစေဟု လည်းကောင်း ကောင်းချီးပေးကာ နိဂုံးချုပ်ခဲ့သည်။

“ဒီလိုမျိုး လာဆုတောင်းရတဲ့အတွက် ပျော်တာပေါ့နော်။ ပုပ်ရဟန်းမင်းကြီးနဲ့ အတူတူ ဒီလိုမျိုး မစ္ဆားနဲ့အတူတူ ဖူးမြော်ခွင့် မရခဲ့ဘူးလေ။ အခုလိုမျိုး ဖူးမြော်ခွင့်ရတော့ တကယ့် ဘယ်လိုလဲ ကိုယ့်ရဲ့အပျော်ရွှင်ဆုံးပေါ့။ ပျော်တာထက် အပျော်ရွှင်ဆုံးပေါ့။ အကျိုးကျေးဇူးကတော့ ပြောမပြတတ်လောက်အောင်ပေါ့” ဟု မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းခြင်း အခမ်းအနားသို့ ကယားပြည်နယ် လွိုင်ကော် ကက်သလစ်သာသနာနယ်မှ တက်ရောက်လာသော ဖီကေးလယ်စူးက ပြောကြားသည်။

ထို့အတူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ ကြွရောက်လာခြင်းသည် ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းတရားကို ယူဆောင်လာသည့်အတွက် မြန်မာနိုင်ငံကြီး အေးချမ်းသာယာလာမည်ဟု ယုံကြည်ကြောင်း မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းခြင်း အခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်တွင် နေထိုင်သည့် ကက်သလစ်ဘာသာဝင် ဒေါ်နီလာမြင့်က ပြောကြားသည်။

“အခုလို တစ်သက်မှာ တစ်ခါလေး ကြုံရခဲတယ်ပေါ့နော်။ မြန်မာနိုင်ငံမှာဆိုရင် ပုပ်ရဟန်းမင်းကြီး ပထမဆုံး ကြွလာခြင်းမှာ ဒီလို ကြုံတွေ့ရတဲ့အတွက် အတိုင်းမသိအောင် ဝမ်းသာတယ်။ ဖူးမြော်ရင်းနဲ့ မစ္ဆားမှာ ပါဝင်ရရင်းနဲ့ အသက်ကုန်ဆုံးသွားရင်တောင်မှပဲ ဘဝမှာ အရမ်းကို မွန်မြတ်တဲ့ မစ္ဆားတရားတော်မြတ်ကြီးပေါ့နော်။ ပုပ်ရဟန်းမင်းကြီး ကြွလာတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ ပုပ်ရဟန်းမင်းကြီး ကြွလာတဲ့အတွက် ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းတရားကို ယူဆောင်လာတဲ့ အတွက်ပေါ့နော်။ မြန်မာနိုင်ငံကြီး အေးချမ်းသာယာမယ်။ ရှေ့ဆက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမယ်။ ချစ်ခြင်းတရားလည်း ပိုပြီး ခိုင်မြဲလာမယ်လို့ ကျွန်မတို့သာသနာအနေနဲ့ ယုံကြည်ပါတယ်”ဟု ဒေါ်နီလာမြင့်က ပြောကြားသည်။

မစ္ဆားတရားတော်မြတ် ပူဇော်ဝတ်ပြု ဆုတောင်းပွဲအစီအစဉ်ကို နံနက် ၈ နာရီခန့်တွင် စတင်ခဲ့ပြီး နံနက် ၁၁ နာရီခန့် ပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကက်သလစ် သာသနာနယ် အသီးသီးမှ ကက်သလစ်ဘာသာဝင် သိန်းနှင့်ချီ၍ တက်ရောက်ကာ ဂိုဏ်းကွဲခရစ်ယာန် ဘာသာဝင်များလည်း တက်ရောက်ခဲ့သည်။

ထို့ပြင် ဆုတောင်းပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် စသည့်နိုင်ငံအချို့မှ ကက်သလစ်ဘာသာဝင်များ တက်ရောက်ဝတ်ပြု ဆုတောင်းသည်ကိုလည်း တွေ့ရသည်။

Most Read

Most Recent