မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တွင် ကျပ်သိန်းပေါင်း ၂၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၁၂ သိန်းကျော် တစ်ရက်အတွင်း ဖမ်းဆီးရမိ

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တွင် ကျပ်သိန်းပေါင်း ၂၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၁၂ သိန်းကျော် တစ်ရက်အတွင်း ဖမ်းဆီးရမိ
Published 30 November 2017

မောင်တောမြို့တွင် ဖမ်းမိသည့် စိတ်ကြွဆေးပြားများကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့တွင် ကျပ်သိန်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော် တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

နိုဝင်ဘာ ၂၉ ရက်တည်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စိတ်ကြွဆေးပြားများကို မောင်တောမြို့နယ် ဇူလကျေးရွာအနီးရှိ လယ်ကွင်းများအနီးနှင့် ဘူးသီးတောင်မြို့ပေါ်ရှိ ဓမ္မာရုံဟောင်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက် နံနက် ၅ နာရီခန့်တွင် မူးယစ်ဆေးဝါးများအား အငူမော်-မောင်တောကားလမ်းအတိုင်း သယ်ဆောင်၍ မောင်တောမြို့နယ် ဇူလရွာသို့ ပို့ဆောင်မည်ဟု သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မောင်တော - ကြိမ်ချောင်း ကားလမ်းမှ ပိတ်ဆို့စောင့်ဆိုင်းနေစဉ် နံနက် ၆ နာရီခွဲတွင် Hijet အမျိုးအစားယာဉ်ပေါ်၌ သရေကုန်ဘောင် (နတလ) ရွာနေ ယာဉ်မောင်း မောင်ဝင်းတင် (၁၈ နှစ်) နှင့် ယာဉ်ပေါ်လိုက်ပါလာသူ မောင်ကျော်ကျော်လင်း (၁၆ နှစ်)၊ ဦးမောင်သိန်း (၁၉ နှစ်) တို့ပါရှိလာပြီး အဆိုပါ ယာဉ်သည် ဇူလကျေးရွာအနီးတွင် ရပ်တန့်ကာ မသင်္ကာဖွယ်အထုပ်များအား လမ်းဘေးတွင်ချနေပြီး ဘင်္ဂါလီ ၁၅ ဦးခန့်က ယင်းအထုပ်များအား ဇူလကျေးရွာဘက်သို့ သယ်ဆောင်သွားသည်ကို တွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဘင်္ဂါလီများမှာ အထုပ်များအား လယ်ကွင်းအတွင်းသို့ချ၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အထုပ်များအား ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွဆေးပြား ၉၅၉၅၀၀၊ ကာလတန်ဖိုး တစ်ပြားလျှင် ကျပ်၂၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ် ၁၉၁၉၀၀၀၀၀၀ ခန့်အားတွေ့ရှိခဲ့ပြီး ယာဉ်ပေါ်ပါ တရားခံသုံးဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့တွင် ဖမ်းမိသည့် စိတ်ကြွမူးယစ်ဆေးပြားများ

ထို့ပြင် နိုဝင်ဘာ ၂၉ ရက် နံနက် ၇ နာရီက ပရိုဘောက် အဖြူရောင်တစ်စီးဖြင့် လူနှစ်ဦးမှ ဘူးသီးတောင်မြို့ အနောက်ရပ်ကွက် ဂန္ဓာရီပရဟိတဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ဓမ္မာရုံအနီးသို့ရောက်ရှိလာပြီး မူးယစ်ဆေးဝါးဟုယူဆရသည့် အထုပ်နှစ်ထုပ် လာရောက်ထားရှိသွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ ပရဟိတဘုန်းတော်ကြီးကျောင်း ကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံဟောင်းတွင် အဝါရောင်ဆာလာ အိတ်အတွင်း ပလတ်စတစ် အကြည်ရောင်ဖြင့် ပတ်ထားသောအထုပ် ၁၅၈ ထုပ် စုစုပေါင်း ဆေးပြား ၃၁၆၀၀၀ ပြား၊ ခန့်မှန်းတန်ဖိုး ကျပ် ၆၃၂၀၀၀၀၀၀ ရှိ WY စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ရာ နံနက် ၈ နာရီခွဲခန့်တွင် ပရိုဘောက်အဖြူရောင်ယာဉ်နှင့်အတူ ကရင်ပြည်နယ် ဘားအံမြို့ ရဲသာကျေးရွာနေခန့် အောင်ဆိုသူနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ဦးပုညလမ်း၊ (၁၄) ရပ်ကွက်နေ ယာဉ်မောင်းနေစိုးဦး ဆိုသူတို့နှစ်ဦးအား ဘူးသီးတောင်မြို့၊ မီးရထားဆိပ်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင်တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းကိုယ်တိုင် မော်တော်ယာဉ်ဖြင့် လာရောက်ထားရှိခဲ့သော ပစ္စည်းများဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခန့်အောင်နှင့် နေစိုးဦးတို့နှစ်ဦးအား ဘူးသီးတောင် မြို့မရဲစခန်းက မယ(ပ) ၉/ ၂၀၁၇ ၊ မူး/ စိတ်ပုဒ်မ ၁၅/ ၁၉(က)/ ၂၁ အရ အမှုဖွင့်လှစ်ထားကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent