ငြိမ်းချမ်းရေး အလိုချင်ဆုံးမှာ ပြည်သူလူထုဖြစ်ပြီး ပြည်သူ့မျက်နှာကြည့်ကာ ငြိမ်းချမ်းရေးရရှိရန် ကြိုးစားဆောင်ရွက်ရမည်မှာ အစည်းအဝေး တက်ရောက်လာသူများ၏ တာဝန်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ငြိမ်းချမ်းရေး အလိုချင်ဆုံးမှာ ပြည်သူလူထုဖြစ်ပြီး ပြည်သူ့မျက်နှာကြည့်ကာ ငြိမ်းချမ်းရေးရရှိရန် ကြိုးစားဆောင်ရွက်ရမည်မှာ အစည်းအဝေး တက်ရောက်လာသူများ၏ တာဝန်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 28 November 2017

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ငြိမ်းချမ်းရေးအလိုချင်ဆုံးမှာ ပြည်သူလူထုဖြစ်ပြီး ပြည်သူ့မျက်နှာကြည့်ကာ ငြိမ်းချမ်းရေးရရှိရန် ကြိုးစားဆောင်ရွက်ရမှာသည် အစည်းအဝေးတက်ရောက်လာသည့် ပုဂ္ဂိုလ်များ၏တာဝန်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပပြု လုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ငြိမ်းချမ်းရေးကို တခြားသူတွေ လိုချင်၊ မလိုချင်တာထက် အလိုချင်ဆုံးကတော့ ကျွန်မတို့ ပြည်သူလူထုပါပဲ။ ကျွန်မတို့ပြည်သူလူထုက  ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်တယ်၊ ငြိမ်းချမ်းမှလည်း တိုးတက်နိုင်မယ်၊ တိုးတက်မှလည်း  ဖွံ့ဖြိုးနိုင်မယ်ဆိုတာအားလုံးသဘောပေါက်ကြမယ်။ ကျွန်မတို့ပြည်သူတွေရဲ့မျက်နှာကို ကြည့်ပြီးတော့ ငြိမ်းချမ်းရေးရအောင် အတတ်နိုင်ဆုံးကြိုးစားရမှာက ဒီအခန်းထဲမှာထိုင်နေတဲ့ အစည်းအဝေးတက်လာတဲ့ပုဂ္ဂိုလ်တွေ အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ တာဝန်ဟာ ကြီးမားသလို ခက်ခဲပါတယ်။ ကြီးမားလို့၊ ခက်ခဲလို့ ကျေပွန်စွာမထမ်းဆောင်နိုင်ဘူးရယ် လို့ မဟုတ်ပါဘူး။ ကျွန်မတို့ ကြီးမားလေလေ ခက်ခဲလေလေ ပိုပြီးတော့ ဝီရိယ စိုက်ထုတ်ရလေလေ ဒီလိုပဲကျွန်မတို့သတ်မှတ်ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ငြိမ်းချမ်းရေးအား ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းခြင်းသည် လွယ်ကူသည့်ကိစ္စ မဟုတ်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်အစည်းအဝေးများ၌ လိုအပ်သည်မှာ စိတ်ပိုင်းဆိုင်ရာသတ္တိဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာသတ္တိသည် ရန်သူအား ရင်ဆိုင်ရဲသည့်သတ္တိဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ သတ္တိသည် မိမိကိုယ်ကိုယ်ရင်ဆိုင်ရဲသည့် သတ္တိဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဆက်လက်၍“ကျွန်မတို့အားလုံးဟာ ငြိမ်းချမ်းရေးအတွက်လိုအပ်တဲ့ မှန်ကန်တဲ့ အဖြေတွေကို ရှာရဲတဲ့သတ္တိရှိရပါမယ်။ ဒီအဖြေတွေကို ရနိုင်၊ မရနိုင်ဆိုတာလည်း မှန်မှန်ကန်ကန်သုံးသပ်နိုင်ရပါမယ်။ ဒါကြောင့်မို့လို့ အလျှော့အတင်းလုပ်တာဟာ အင်မတန်မှအရေးကြီးပါတယ်။ ကျွန်မတို့ဟာ ရင်ဆိုင်ရဲ တဲ့သတ္တိဆိုတာဟာ အမှန်တရားကိုရင်ဆိုင်ရဲတဲ့သတ္တိလည်းပါသလို ကျွန်မတို့ဟာလိုတဲ့ နေရာမှာ အလျှော့အတင်းလုပ်ဖို့ အဆင်သင့်ဖြစ်ဖို့လိုပါတယ်။ ချက်ချင်းလက်ငင်း အဖြေတွေ ရှာလို့မရသေးဘူးဆိုရင်လည်း ရှာလို့မရသေးဘူးဆိုတာကို သေသေချာချာရင်ဆိုင်ပြီးတော့ အဖြေရအောင်ရှာရမှာပါ။ ကျွန်မတို့ တကယ်ပဲဆန္ဒရှိတယ်ဆိုလို့ရှိရင် ဘာမဆို မလုပ်နိုင်စရာအကြောင်းမရှိပါဘူး။ အစည်းအဝေးကို တက်ရောက်လာတဲ့ ဧည့်သည်တော် များ အားလုံးဟာ ငြိမ်းချမ်းရေးလိုချင်ကြတယ်။ ကျွန်မ ဒီလိုပဲယုံကြည်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ အခုဒီအစည်းအဝေးကို  ကျင်းပတဲ့နေရာမှာ အဓိကမျက်ခြည်မပြတ်ရမှာကတော့ ပြည်သူရဲ့မျက်နှာပါပဲ။ ကျွန်မတို့ငြိမ်းချမ်းရေးကို လွတ်လပ်ရေးရစဉ်ကစပြီးတော့ လိုလားတောင့်တနေကြတဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးပို့ဆိုတဲ့စိတ်ဓာတ်နဲ့ ကျွန်မတို့ ဒီအစည်းအဝေးမှာ ဖြေရှင်းစရာရှိရင် ဖြေရှင်းမယ်။ တိုင်ပင်ပြီးတော့ ဆက်ပြီး နောက်တစ်လှမ်းတက်စရာရှိရင် တက်မယ်။ နောင်ကိုလည်း ပိုပြီးတော့ကောင်းမွန်တဲ့ ချောမွေ့တဲ့ လမ်းကိုခင်းသွားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ အားလုံးဝိုင်းဝန်းပြီးတော့ ဆွေးနွေးပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရပ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent