တောင်သူတွေကို သီးနှံအာမခံစနစ် ပေးသင့်ပါပြီ

တောင်သူတွေကို သီးနှံအာမခံစနစ် ပေးသင့်ပါပြီ
Published 27 November 2017

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်တစ်ခုတွင် စပါးခြွေလှေ့နေသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ယခုနှစ် မိုးရာသီစပါးသစ်များ ပေါ်ဦးချိန်မှ စတင်ကာ စပါးသစ်ဈေးနှုန်းများမှာ တောင်သူများအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်သည်။ စပါးသစ်များ စတင်ပေါ်ထွက်လာချိန်တွင် ကောက်လျင် စပါးတင်းတစ်ရာ လျှင် ကျပ်ခြောက်သိန်းနှင့်အထက် ဈေးနှုန်းများရရှိနေပြီး ကောက်ကြီးစပါး တင်းတစ်ရာလျှင် ကျပ်ရှစ်သိန်းခွဲနှင့်အထက် ဈေးနှုန်းများ ရရှိနေမှုကြောင့် တောင်သူများ၏ အတွေးပုံ ရိပ်များမှာ လင်းလက်လျက်။ ရာသီကဖျက် သီးနှံဈေးနှုန်းက ကျနှင့် နှစ်စဉ်နီးပါး ကြုံတွေ့ခဲ့ရသည့် အကြွေးများကို ယခုနှစ်တွင်တော့ အတော်သင့် လျှော့ချနိုင်လိမ့်မည်ဟု တောင်သူများ၏စိတ်တွင် ယုံကြည်နေခဲ့ကြသည်။

စပါးရိတ်သိမ်းချိန်ဖြစ်သည့် နိုဝင်ဘာလဆန်းပိုင်းမှာစ၍ နေရာကွက်ကြားဖြင့် မိုးသည်းထန်စွာ ရွာသွန်းမှုများမှာ နေ့စဉ်ရက်ဆက်သလိုပင်ဖြစ်နေခဲ့သည်။ မိုးရွာသွန်းမှုများကြောင့် တောင်သူများ၏ ရိတ်သိမ်းတန်သင့်သည့် စပါးခင်းများမှာ လယ်ကွင်းများအတွင်း အလဲလဲအပြိုပြိုနှင့် ရိတ်သိမ်းဆဲ တောင်သူများ၏ ကောက်လှိုင်းစည်းများသည် လယ်ကန်သင်းများအထက်တွင် ရွှေရောင်စပါးနှံမှ အညိုရောင်စပါးနှံများအဖြစ်သို့ ပြောင်းလဲကာ သယ်ယူသူမဲ့ မိုးရေများစိုရွှဲခဲ့ရသည်။ ရိတ်သိမ်းပြီးသည့် တောင်သူများ၏ စပါးများမှာလည်း လှမ်းစရာနေရာကွင်းမရှိ မိုးရေများ စိုရွှဲလျက် အချို့သော တောင်သူများမှာ လယ်ကွင်းများအတွင်းရှိ ကုန်ထုတ်လမ်းများ မိုးရေကြောင့်ပျက်စီးခဲ့သောကြောင့် ကျေးလက်၏ အဓိကအားကိုးရာ နွားလှည်းထော်လာဂျီများဖြင့် သွားရောက်သယ်ယူနိုင်ခြင်းမရှိတော့ကြောင့် မိမိရင်သွေး ရေတိမ်နစ်နေရသည့် အဖြစ်ကို ထိုင်ကြည့်နေရသည့် မိဘများနှင့် မခြားဖြစ်ခဲ့ရသည်။ အခါလွန်မိုးဟာ အောက်တိုဘာလတွင်းက တောင်သူများ၏ မက်ခဲ့ရသော အိပ်မက်များကို တိုက်စားဖြစ်ခဲ့တော့သည်။ ဆုံးရှုံးနစ်နာခဲ့သမျှကို တောင်သူများ အနေဖြင့် ယခင့် ယခင်နှင့်မခြား မိမိကိုယ်တိုင် ရင်စည်းခံဖို့ရာမှတစ်ပါး အခြားမရှိခဲ့။

မိုးရွာသွန်းမှုကြောင့် တောင်သူအားလုံး ထိခိုက်ပျက်စီးသည်ဆိုသည်မှာတော့ မဟုတ်ခဲ့။ သွင်းအားစု ရိက္ခာပြည့်စုံပြီး လူအင်အားတောင့်တင်းကာ လယ်သမားဆိုပေမယ့် မိမိလယ်ယာထဲ၌ ပျိုးတစ်ဆုပ်မျှ မကြဲခဲ့ဖူးသော တောင်သူကြီးများအနေဖြင့်တော့ ထိခိုက်မှုမှာ နည်းပါးလှသည်။ မိုးဘယ်လောက်ရွာရွာ စက်ကရိယာများကလည်း ပြည့်စုံငွေကြေးကလည်း ချမ်းသာတော့ တပည့်တပန်းလုပ်သားများကလည်း ပေါများလှတော့ မိုးဘယ်လောက်ရွာရွာ အချိန်မီ ရိတ်သိမ်းနိုင်ခဲ့ကြပြီး စပါးသီးနှံများ ရေစိုအဝါဖောက်ရုံ အနည်းငယ် အညှောင့်ထွက်လာရုံလာ၍ သီးနှံဈေးနှုန်းအနည်းငယ် ဈေးမကောင်းရုံသာ သူတို့အတွက် ထိခိုက်မှုများရှိခဲ့သည်။ တောင်သူကြီးများဆိုသည်မှာ လက်ချိုးရေ၍ရနိုင်သော အရေအတွက်သာဖြစ်ပြီး လုပ်ကွက်ငယ် တောင်သူများ မိရိုးဖလာ လယ်သမားများက တော့ကောင်းကင်ကိုမော့ကြည့် အံကြိတ်နေ ရုံမှတစ်ပါး အခြားမရှိခဲ့။

ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိမိ လယ်ယာများအတွင်း ငှားရမ်းသိမ်းဆည်းလိုကြသော်လည်း လုပ်ကွက်ငယ်တောင်သူများ၏ လယ်ယာများမှာ မိရိုးဖလာ ဆယ်လံတစ်ကွက် လယ်ယာများသာဖြစ်နေတော့ စက်တွေငှားမရ ဝင်မရ သိမ်းဆည်းမရ၊ တစ်နေ့ကို နေ့စားခ ခြောက်ထောင်ခုနစ်ထောင်ကနေ ပိုမပေးနိုင်သည့် တောင်သူများမှာတော့ ဆုံးရှုံးရသည့် လယ်ယာများကို ထိုင်ကြည့်နေရုံသာ။ နိုင်ငံတော်မှ နှစ်စဉ် စနစ်ကျလယ်ယာများကို ဖော်ဆောင်ပေးနေသည်ဟုဆိုသော်လည်း မြို့နယ်တိုင်းတွင် စနစ်ကျလယ်ယာ မြေအဖြစ် ဖော်ဆောင်ပေးနိုင်သည့် အရေအတွက်မှာ တစ်မြို့နယ်လုံး၏ ဆယ်ပုံတစ်ပုံပင် မရှိသေးပေ။ အစိုးရမှ စနစ်ကျလယ်ယာ မြေများဖော်ဆောင်ရန်အတွက် တစ်ဧကကို ငါးသိန်း၊ ခြောက်သိန်းဈေးနှုန်းအသီးသီးဖြင့် ကုမ္ပဏီများကို တင်ဒါပေးကာ ဖော်ဆောင်နေစေသည်မှာ ဘတ်ဂျက်မလုံလောက်မှုကြောင့် နှစ်စဉ်တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မြို့နယ်တစ်ခုအား ဧကတစ်ရာသာ ဖော်ဆောင်ပေးလျက်သာရှိသည်။ နိုင်ငံ၏ အဓိက အရေးပါသော လယ်ယာကဏ္ဍကို ဘတ်ဂျက်မလုံလောက်မှုကြောင့် နှစ်စဉ်အနည်းသာ ထောက်ပံ့ချိန်တွင် အခြားသော မဖြစ်မနေ အရှုံးခံလုပ်ဆောင်နေပြီး လုပ်ငန်းအကောင် ထည်ဖော်မှုမရှိသည့် နိုင်ငံပိုင်လုပ်ငန်းများ တွင်တော့ အရှုံးခံလုပ်ဆောင်နေသည်ကို တောင်သူများ မသိရ၍သာ တော်ပေသည်။ တောင်သူများကိုယ်တိုင်မှာလည်း မိမိ လယ်ယာများကို တိုးတက်လာသည့် နည်းစနစ်များအတိုင်း သွင်းအားစုစရိတ် သက်သာလှသည့် စက်ကိရိယာများ ငှားရမ်းကာ စိုက်ပျိုးလိုကြသည်။ စနစ်ကျ လယ်ယာမြေတစ်ဧကကို ဖော်ဆောင်ပေးဖို့ဆိုသည်မှာ တစ်ဧကအတွက် ပျမ်းမျှကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းခန့် ဖြစ်နေသောကြောင့် တောင်သူများအတွက် လက်လှမ်းမမီလှပေ။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ဟု မိမိလယ်ကန်သင်းဘေးတွင် လာရောက်စိုက်ထူထားသည့် အရောင်မှိန်မှိန် ကြေညာဆိုင်းဘုတ်ကို ကြည့်နေရုံသာ သူတို့ တတ်နိုင်ကြသည်။

လုပ်ကွက်ငယ်တောင်သူများမှာ နှစ်စဉ် ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည့် အကြောင်းရင်းမှာ သွင်းအားစုပြဿနာမှာလည်း အဓိကပါဝင်နေသည်။ တောင်သူ ၂၀ တွင် တစ်ဦးခန့်သာ ကိုယ်ပိုင် ကိုင်းစက်ခြွေလှေ့ စက်များကို ပိုင်ဆိုင်ကြပြီး တောင်သူအများစုမှာ မရှိမဖြစ်လိုအပ်နေသည့် ကိုင်းစက်နှင့် ခြွေလှေ့စက်များကိုပင် ပိုင်ဆိုင်ခြင်းမရှိကြ နှစ်စဉ်အရှုံးနှင့် ရင်ဆိုင်နေရပြီး ကြွေးသံသရာ လည်နေသောကြောင့် မည်သို့မျှ မဝယ်နိုင်ကြ။ ကိုင်းစက်တစ်လုံးလျှင် ပျမ်းမျှ ၁၅ သိန်း ကျပ်၊ ခြွေလှေ့စက်တစ်လုံးလျှင် ပျမ်းမျှ ၁၅ သိန်းကျပ်။ တောင်သူများအနေဖြင့် ကြွေးသံသရာ လည်မည်ဆိုလျှင်လည်း လည်စရာပင်။ နိုင်ငံတော်မှ အရစ်ကျရောင်းချပေးနေသည် ဟုဆိုသည်မှာလည်း ဆင့်ပါးစပ်နှမ်းပက်သလိုပင်။

နှစ်စဉ်သီးနှံဈေးနှုန်းကျဆင်းခြင်း ရာသီ ဖျက်ခြင်းများကြောင့် ဆုံးရှုံးနစ်နာနေရသည့် တောင်သူများကို ကူညီကယ်တင်ပေးရန် တောင်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အကြိမ်ကြိမ်ပင် တောင်းဆိုဖူးကြပါလိမ့်မည်။ သီးနှံပေါ်ချိန်တွင် သီးနှံဈေးနှုန်း များကျဆင်းနေမှုကို ကာကွယ်ရန်အတွက် အခြေခံသီးနှံဈေးနှုန်း သတ်မှတ်ပေးရန်အတွက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ စီးပွါးရေးမူဝါဒမှာ ဈေးကွက်စီးပွားရေးစနစ်ဖြစ်နေသောကြောင့် သတ်မှတ်ပေး၍မရ။ မူဝါဒများ အမျိုးမျိုး ချပြဆွေးနွေးကာ အကျိုးတူ ပူးပေါင်းလယ်ယာမြေစနစ်ဟုခေါ်သည့် ကန်ထရိုက်လယ်ယာမြေစနစ် ဖော်ဆောင်ပေးရန်မှာလည်း လက်တွေ့မှာ ပေါ်ပေါက်မလာ။ မြို့နယ်တစ်ခုလျှင် ကန်ထရိုက် လယ်ယာမြေစနစ်မှာ ဧကတစ်ရာပင်လျှင် မပြည့်တတ်။ ကန်ထရိုက်လယ်ယာမြေစနစ်ကို ပူးပေါင်းဆောင်ရွက်ပေးဖို့ နိုင်ငံတကာမှ ကုမ္ပဏီများ၊ ပြည်တွင်းကုမ္ပဏီများကိုလည်း ဆွဲဆောင်ပေးနိုင်ကြခြင်းမရှိ။ တောင်သူများအနေဖြင့် ကိုယ့်အားကိုယ်ကိုး ကိုယ့်အကြွေး ကိုယ်ဆပ်၊ ကိုယ်ရှာစာ ကိုယ်မစားရတဲ့ဘဝများမှ လွတ်ရန်မမြင်ရသေး။ ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ သီးနှံအပ်ကုန်စနစ်ကို အကောင်ထည်ဖော်ဆောင်ရန်ဆိုသည်မှာလည်း အကျိုးအမြတ်တစ်ခုအတွက် လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များမှာ အနစ်နာမခံလိုကြ။ နိုင်ငံတော်မှလည်း သီးနှံအပ်ကုန်စနစ်တစ်ခုကို အတိအကျ မူဝါဒပြဋ္ဌာန်းပေးနိုင်ခဲ့ခြင်း မရှိသေးခြင်းက တောင်သူများအနေဖြင့် ရွှေပြည်တော် မျှော်တိုင်းဝေးနေလျက်။

တောင်သူလယ်သမားများအတွက် ကူညီထောက်ပံ့ရေး တောင်သူလယ်သမားအရေး ကူညီပေးရေးဆိုသည့် အဖွဲ့အစည်းများကလည်း ယခင်အစိုးရအဆက်ဆက် စီမံကိန်းများကြောင့် မြေသိမ်းပြဿနာများကိုသာ အဓိကဦးတည်နေပြီး နှစ်စဉ် အမှန်တကယ် လယ်ယာလုပ်ကိုင်နေသော တောင်သူများ၏ နိမ့်ကျလာမှုဘဝများကို ကူညီပေးနေသည်ဟု သတင်းစကားများ ပေါ်ထွက်လာခြင်းမရှိ သည်ကလည်း ထူးခြားမှုတစ်ခုဖြစ်နေသည်။ တောင်သူများကို ငွေချေးပေးမည်ဟုဆိုကာ တောင်သူများထံမှ အခကြေးငွေများ ကောက်ခံခဲ့သည့် အဖွဲ့အစည်းများသာ ပိုမိုများပြားလာနေသည်မှာ ကောင်းမွန်သော အပြောင်း အလဲတစ်ခုမဟုတ်ပါ။ တောင်သူများအတွက် အမှန်တကယ်လိုအပ်နေသည့် လယ်ယာမြေ ပြုပြင်ရေး သွင်းအားစုပြည့်စုံရေး နည်းပညာ တိုးတက်ရေးကိုမူ ယခုချိန်အထိ ပြည့်စုံစွာ မမြင်ရသေး။ နည်းပညာများ ဖြန့်ဝေပေးရန် တောင်သူများကို ကူညီပေးရန်ဟု နိုင်ငံတကာမှ ဝင်ရောက်လာပြီး ပြည်တွင်းတွင် လုပ် ဆောင်ပေးနေသည့် အဖွဲ့အစည်းအချို့က နည်းပညာဖြန့်ဝေပေးနေမှု၊ ဆေးဝါးများ ကူညီထောက်ပံ့နေမှုမှာလည်း လုပ်သား ရှားပါး သွင်းအားစုမလုံလောက်သည့် တောင်သူများအတွက် အကျိုးမထူးပေ။ ရုံးခန်းငှားခနှင့် ဝန်ထမ်းစရိတ် သိန်းခြောက်ရာ၊ တောင်သူအတွက် သိန်းလေးရာဖြစ်နေပြီး ဘယ်သူတွေ အဆင်ပြေလို့ ဘယ်သူတွေ တိုးတက်ခဲ့လဲ ဆိုတာ။

လုပ်ကွက်နည်း တောင်သူများ၏ ရိတ်သိမ်းသင့်သည့်စပါးခင်းများ မိုးရေမိ၍ ပြိုလဲနေသည်ကို တွေ့ရစဉ်

နှစ်စဉ် ရာသီကဖျက် ပိုးကဖျက် ဈေးနှုန်းကကျဆိုသည့် တောင်သူများကို မည်သို့ ကူညီမလဲဆိုတာ စဉ်းစားဖို့ လိုနေပါပြီ။ ဈေးနှုန်းကျဆင်းခြင်းမှာ တောင်သူများအတွက် အရှုံးဟုဆိုသော်လည်း သီးနှံအားလုံး ဆုံးရှုံးရခြင်း မဟုတ်သောကြောင့် ရင်းစားလေးတော့ ကာမိကြသည်။ ရာသီဖျက် ပိုးဖျက်ဆိုသည့် တံဇဉ်လွတ်အောင် ဆုံးရှုံးရသည့်နှစ်များတွင် တောင်သူများအနေဖြင့် မထောင်းသာလှ သီးနှံတစ်နှစ်ပျက်လျှင် သုံးနှစ်အကြွေးပြန် ဆပ်ရသည်ဆိုသည်ကို တောင်သူတိုင်း သိရှိပြီးသားဖြစ်သည်။ ဒါဆို တံဇဉ်လွတ်တဲ့ နှစ်တွေအတွက် တောင်သူတွေကို ဘယ်သူက  ကူညီပေးမှာလဲ။ ဘယ်လိုကူညီပေးမှာလဲဆိုတာ မေးခွန်းတစ်ခုဖြစ်လာပါပြီ။ တံဇဉ်သာ လွတ်တယ် စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေကျတော့ တောင်သူများအနေဖြင့် လွတ်ရသည် မရှိဘဝများဖြစ်နေသည်ကို ဘယ်လိုကူညီမလဲ မေးခွန်းတစ်ခုဖြစ်သည်။ မကြာခင်ရက်ပိုင်းများအတွင်းက သတင်းတစ်ပုဒ်တွင် ပါဝင်လာခဲ့သည်မှာ တောင်သူများ၏ သီးနှံများကို မြန်မာ့အာမခံဌာနတွင် အာမခံထားသည့် စနစ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အနေဖြင့် ပြင်ဆင်နေသည်ဟု ဆိုသည်။

သီးနှံအာမခံထားဖို့သည် တောင်သူများအတွက် အာမခံချက်တစ်ခုလည်းဖြစ်သည်။ ရာသီဘယ်လောက်ဖျက်ဖျက် ပိုးဘယ်လောက် ဖျက်ဖျက် ရင်းစားလေးတော့ ပြန်ရနိုင်သည့် အာမခံတစ်ခုဖြစ်နေသည်။ သို့သော် တောင်သူများအနေဖြင့် အာမခံဆိုသည်ကို မည်သည့်အရာမှန်း နားလည်ကြမည်။ အာမခံဌာနကို သွားရောက်ကာ မည်ကဲ့သို့ အာမခံထားရမည်ဆိုသည်ကို သိရှိကြသူများမဟုတ်။ နိုင်ငံတော်အနေဖြင့် သီးနှံအာမခံကို မထားမနေရစနစ်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တွင် စိုက်ပျိုးစရိတ်ချေးငွေ လာရောက် ထုတ်ယူစဉ်ကတည်းက တောင်သူများအား သီးနှံအာမခံငွေများ ကြိုတင်ပေးသွင်းစေခြင်းကို အာမခံဌာနများဖြင့်သာ ပူးပေါင်း လုပ်ဆောင်မည်ဆိုလျှင် တောင်သူများအတွက် အလွန်အကျိုးရှိမည်ဖြစ်ပြီး မိမိထားရှိထားသည့် အာမခံစနစ်အရ မည်ကဲ့သို့ ပြန်လည်ခံစားရမည်ကိုလည်း တောင်သူများအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ရှင်းလင်းပြောကြားစေမည်ဆိုလျှင် တောင်သူများမှ ဝမ်းသာအားရ ကြိုဆိုကြမည်သာပင်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးရေးကဏ္ဍတွင် ပိုမို ရင်းနှီးမြှုပ်နှံရန် လိုအပ်လျက်ရှိနေသေးသည်ကို အားလုံးအသိပင်ဖြစ်သည်။ နှစ်စဉ်စိုက်ပျိုးရေးကဏ္ဍအတွက် ဘတ်ဂျက်များစွာ သုံးစွဲ သည်ဟုဆိုသော်လည်း ချောင်းမြောင်းများ တူးဖော်ပေးခြင်း၊ ရေငန်တားတာများ ပတ်တာများ တူးဖော်ပေးခြင်းများသာ များစွာရှိနေသေးပြီး တောင်သူတစ်ဦးအလိုက် အကျိုးကျေးဇူးခံစားရမည့် စနစ်တကျ လယ်ယာ မြေဖော်ဆောင်ရေးမှာမူ အလွန့်အလွန်ကို နည်းပါးနေသေးသည်။ တောင်သူများအတွက် သွင်းအားစုစက်ကိရိယာများကို အရစ်ကျရောင်းချပေးနိုင်ခြင်းမှာလည်း အလွန်ပင် နည်းပါးနေသေးသည်။ နည်းပညာဖြန့်ဝေမှုအရ မိမိတွင်ရှိသည့် လယ်ယာမြေစနစ်နှင့် မကိုက်ညီသည့်လုပ်သားမရှိသည့် တောင်သူများလိုက်လံ လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့် နည်းပညာများသာဖြစ်နေသည်။ စက်မှုလယ်ယာကို အကောင်အထည်မဖော်နိုင်သေးခြင်းက သွင်းအားစုကြီးမြင့်သည့် ပြဿနာကို တောင်သူများအနေဖြင့် ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ၏ ဆန်စပါးဈေးနှုန်းမှာ အခြားသော နိုင်ငံများထက် ပိုမိုမြင့်မားနေဦးမည်မှာ အမှန်ပင်ဖြစ်သည်။

တောင်သူများ မိမိလယ်ယာမြေလေး၏ လုံခြုံမှီခိုရာအဖြစ် သီးနှံပျက်စီးဆုံးရှုံးမှု အာခမံစနစ်ကို အလျင်အမြန်ဖော်ဆောင်ပေးရန် လိုအပ်နေပြီး သွင်းအားစုများ လျှော့ချနိုင်ရေးအတွက်မူလည်း နိုင်ငံတော်မှ ကန်ထရိုက်လယ်ယာမြေစနစ် လုပ်ဆောင်လိုသည့် ကုမ္ပဏီ အများအပြားကို ဖိတ်ခေါ်ပေးရန်၊ တောင်သူများအား စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် စနစ်ကျလယ်ယာမြေများ ဖော်ဆောင်ပေးရန်၊ စက်ကိရိယာများကို လွယ်ကူစွာ ငှားရမ်းနိုင်ဖို့ ဆောင်ရွက်ပေးရန် လိုအပ်နေသည်။ ပြဋ္ဌာန်းပြီးဖြစ်သည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ဥပဒေများကိုလည်း အတိအကျ အသက်ဝင်အောင် လုပ်ဆောင်ပေးဖို့လိုနေသည်။ သီးနှံဈေးနှုန်းလေး ကောင်းမွန်သည့်နှစ်တွင် တောင်သူများ၏ မျှော်လင့်ချက်များ ပျက်စီးခဲ့ရသည့် ရာသီဖျက်ပိုးဖျက်များအတွက် ကာကွယ်ပေးနိုင်ရန် သီးနှံအာမခံစနစ်၊ သွင်းအားစုများ လျှော့ချနိုင်ရေးအတွက် စနစ်ကျသော စက်မှုလယ်ယာများ ပိုမိုဖြစ်ထွန်းရေး ဦးစားပေးဆောင်ရွက်စေလိုသည်မှာ တောင်သူများ၏ မျှော်လင့်ချက်များပင် ဖြစ်နေမည်မှာ သေချာလှပေသည်။

 

 

Most Read

Most Recent