ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်၌ တွေ့ဆုံဆွေးနွေး
Published 24 November 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:MSCO)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာအဘူလ်ဟတ်ဆန် မာမွတ်အလီအား နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး ကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများနှင့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအဘူလ်ဟတ်ဆန်မာမွတ်အလီ ခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တို့သည် နှစ်နိုင်ငံဝန်ကြီးများအဆင့် အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် မစ္စတာရှာဟီဒူဟတ် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တို့အကြား နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ဆွေးနွေးထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ARSA ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ခြောက်သိန်းကျော် ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့ တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။ ထိုသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များထဲတွင် ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများလည်း ပါဝင်နေကြောင်း www.benarnews.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းဗီဒီယိုတစ်ခုအရ သိရသည်။

မြန်မာနိုင်ငံရှိ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များသည် လူမျိုးစုလိုက် သုတ်သင်မှုကြုံခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်က နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယင်းလူနည်းစု မွတ်စလင်များအား ထိတ်လန့်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ကြကြောင်း ၎င်းက စွပ်စွဲခဲ့သည်။

ရရှိခဲ့သော အချက်အလက်များအား ဂရုတစိုက်နှင့် စေ့စေ့စပ်စပ် လေ့လာသုံးသပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများသည် ဘင်္ဂါလီများအား လူမျိုးစုလိုက် သုတ်သင်မှုမြောက်သည်ဟု တေလာဆင်က ပြောကြားခဲ့သည်။ မည်သည့်ရန်စ တိုက်ခိုက်မှုမဆို ထိတ်လန့်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန်အတွက် သင့်လျော်သည့် အကြောင်းပြချက်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရက်စက်ကြမ်းကြုတ်မှုများအား ကျူးလွန်သူများသည် တာဝန်ခံရမည် ဖြစ်ကြောင်း၊ အမေရိကန်သည် ပြည့်စုံသော စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို လိုအပ်ကြောင်းနှင့် ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူနိုင်ခြေ အပါအဝင် အမေရိကန်ဥပဒေများမှ တစ်ဆင့် တရားမျှတမှုရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း တေလာဆင်က ပြောကြားခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့သော တေလာဆင်၏ မှတ်ချက်များသည် မြန်မာတပ်မတော်က ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများအား နှိမ်နင်းမှုပြုလုပ်ခဲ့ပြီး အမေရိကန်က ထုတ်ပြန်ခဲ့သမျှတွင် အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံသို့ သွားရောက်စဉ်အတွင်း တေလာဆင်က အကြမ်းဖက်မှုဖြစ်စဉ်အတွင်း တာဝန်ရှိသူဟု ယူဆရသည့် တစ်ဦးချင်းစီအား ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် အမေရိကန်က စဉ်းစားနိုင်ကြောင်း၊ သို့သော် တစ်နိုင်ငံလုံးအား လွှမ်းခြုံသော ကျယ်ပြန့်သည့် စီးပွားရေးပိတ်ဆို့အရေးယူမှုကို ထောက်ခံမည် မဟုတ်ကြောင်း ပြောကြားထားသည်။

Most Read

Most Recent