MICA ဖျက်သိမ်းရေးနှင့် စာရင်းရှင်းလင်းရေးကို သက်ဆိုင်ရာဌာန အနေဖြင့် အတိအကျ လိုက်နာရန်နှင့် လိုအပ်သလို အရေးယူဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ်အချို့ တိုက်တွန်းခဲ့ပြီး ရန်ကုန်နှင့် ဧရာဝတီသို့ ကွင်းဆင်းလေ့လာ စိစစ်ခဲ့သည့် လွှတ်တော်ကော်မတီ၏ ကြားဖြတ်အစီရင်ခံစာ အမျိုးသားလွှတ်တော် အတည်ပြု

MICA ဖျက်သိမ်းရေးနှင့် စာရင်းရှင်းလင်းရေးကို သက်ဆိုင်ရာဌာန အနေဖြင့် အတိအကျ လိုက်နာရန်နှင့် လိုအပ်သလို အရေးယူဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ်အချို့ တိုက်တွန်းခဲ့ပြီး ရန်ကုန်နှင့် ဧရာဝတီသို့ ကွင်းဆင်းလေ့လာ စိစစ်ခဲ့သည့် လွှတ်တော်ကော်မတီ၏ ကြားဖြတ်အစီရင်ခံစာ အမျိုးသားလွှတ်တော် အတည်ပြု
Published 23 November 2017

နေပြည်တော်၌ ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး လွှတ်တော်ဥက္ကဋ္ဌကို တွေ့ရစဉ်

MICA (Myanmar International Cooperation Agency) ဖျက်သိမ်းရေးနှင့် စာရင်းရှင်းလင်းရေးကို သက်ဆိုင်ရာဌာနအနေဖြင့် အတိအကျ လိုက်နာရန်နှင့် လိုအပ်သလို အရေးယူဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ်အချို့က တိုက်တွန်းခဲ့ပြီး  ရန်ကုန်နှင့် ဧရာဝတီသို့ ကွင်းဆင်းလေ့လာ စိစစ်ခဲ့သည့် လွှတ်တော်ကော်မတီ၏ ကြားဖြတ်အစီရင်ခံစာကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၌ နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက် အစီအစဉ်တွင် အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး တင်သွင်းခဲ့သည့် MICA (Myanmar International Cooperation Agency) အဆိုနှင့်စပ်လျဉ်း၍  ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကွင်းဆင်းလေ့လာ စိစစ်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရှစ်ဦးက ဆွေးနွေးခဲ့ပြီး သဘောတူ လက်ခံရန် အဆိုတင်သွင်းကာ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ဒီအဆိုဟာ အမျိုးသားလွှတ်တော်က အတည်ပြုပြီးပြီ။ ကော်မတီကလည်း စိစစ်တွေ့ရှိချက်တွေဟာ မြေပြင်နဲ့ ကိုက်ညီတဲ့အတွက် သက်ဆိုင်ရာဌာန အနေနဲ့ လုပ်ထုံးလုပ်နည်းများ ဥပဒေများအရ MICA  ဖျက်သိမ်းရေးနဲ့ စာရင်းရှင်းလင်းရေးကို အတိအကျ လိုက်နာဆောင်ရွက်ပြီးတော့မှ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးဖို့ ကော်မတီကရော လွှတ်တော်ကနေရော တိုက်တွန်းပြီးတော့ ထိန်းကျောင်းပေးပါလို့ တိုက်တွန်းလိုက်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ကြားဖြတ်အစီရင်ခံစာကို ဆွေးနွေးရာတွင် ပြောကြားသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး တင်သွင်းခဲ့သည့် MICA (Myanmar International Cooperation Agency) အဆိုနှင့် စပ်လျဉ်း၍  ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကွင်းဆင်းလေ့လာ စိစစ်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာကို အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကော်မတီ၏ အစီရင်ခံစာတွင် MICA  စတင်ဖွဲ့စည်းရာတွင် ပါဝင်ကြသူများသည် ဌာနမှ ပုဂ္ဂိုလ်အများစု ပါဝင်ခဲ့ကြပြီး MICA  ဖျက်သိမ်းရာတွင်လည်း ဌာနမှ ထိုပုဂ္ဂိုလ်များကပင် ပါဝင်နေကြသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၇ ဖြင့် ဖွဲ့စည်းခဲ့သည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေး ကြီးကြပ်မှုကော်မတီကို ပြန်လည်သုံးသပ် ဖွဲ့စည်းသင့်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနပိုင်များရှိ ခြံ/စက်ရုံ/လုပ်ငန်း/စခန်းများ ၁၉ ခု အကျိုးတူ ပူးပေါင်းဆောင်ရွက် ငှားရမ်းခြင်းအတွက် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၇ ခုနှစ် မေ ၃၁ ရက်အထိ ပြင်ပစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာအရ စုစုပေါင်း ၅၀၃ ဒသမ ၄၁ သန်း နိုင်ငံတော်မှ ငှားရမ်းခ ရရှိသော်လည်း တည်ဆဲဥပဒေများနှင့်အညီ ပြဋ္ဌာန်းထားသည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အမြတ်ခွန် စသည့် အခွန်အခများအား နိုင်ငံတော်သို့ စနစ်တကျ ပေးသွင်းထားခြင်း မရှိသည်ကို စိစစ်တွေ့ရှိရသဖြင့် အခွန်အခများကို လုပ်ငန်းလုပ်ကိုင်သူ ဆောင်ရွက်သူများမှ ဥပဒေနှင့်အညီ စနစ်တကျ ပေးသွင်းနိုင်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သင့်ကြောင်းနှင့် MICA  ၏ မူလရည်ရွက်ချက်သည် မြန်မာနိုင်ငံ၏ သားငါးကဏ္ဍ တိုးတက်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းခဲ့သော်လည်း အမှန်မြေပြင်တွင် ဆောင်ရွက်နေသော လုပ်ငန်းများသည် မူလရည်ရွယ်ချက်များနှင့် ကွဲလွဲနေပါသဖြင့် ပြန်လည်သုံးသပ် ဆောင်ရွက်သင့်ပါကြောင်း စသည့် အကြံပြုချက်များပါဝင်သည့် အကြံပြုချက်အချက် ၃၀ ပါရှိသည်။

MICA  သို့ လွဲှပြောင်း လုပ်ငန်းလုပ်ကိုင်စေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခြံ/စက်ရုံ ၄၉ ခုရှိပြီး MICA  နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့သော ခြံ/စက်ရုံ ခြောက်ခုအနက် ငါးခုအား ကော်မတီမှ ကွင်းဆင်း စိစစ်ခဲ့ခြင်းဖြစ်ပြီး MICA  နှင့် စာချုပ် မချုပ်ဆိုဖြစ်ဘဲ ဌာနနှင့်သာ ချုပ်ဆိုခဲ့သော ခြံ/စက်ရုံ ခုနစ်ခုရှိပြီး ငှားရမ်းစာချုပ် ချုပ်ဆိုပြီး ခြံ/စက်ရုံပေါင်း ၁၃ ခုနှင့် ငှားရန် ခြံ/ စက်ရုံ ၃၆ ခု ကျန်ရှိကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ ထို့ပြင် ငါးလုပ်ငန်းဦးစီးဌာနပိုင် MICA  နှင့် စာချုပ် ချုပ်ဆိုထားသည့် လုပ်ငန်း ခြောက်ခုကို ကော်မတီမှ ကွင်းဆင်း စိစစ်ခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ MICA သို့လွှဲပြီး  မလုပ်နိုင်သေးသည့် လုပ်ငန်း ၁၀ ခုအား မြေပြင်အခြေအနေအရ ကွင်းဆင်း စိစစ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ကတိကဝတ် ဖြစ်ပေါ်ခဲ့သော မေးခွန်း၊ အဆိုများနှင့်အတူ ထပ်မံစိစစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ MICA (Myanmar International Cooperation Agency) နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်း စစ်ဆေးခဲ့ပြီး ကျန်ရှိသည့် လုပ်ငန်းများကို ဆက်လက် စိစစ်မည်ဖြစ်ကာ တွေ့ရှိချက်များကို လွှတ်တော်သို့ ပြန်လည်တင်ပြမည် ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပြောကြားသည်။

“ MICA နဲ့ပတ်သက်ပြီး အဆိုက လွှတ်တော်ထဲမှာ အောင်မြင်ခဲ့တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေက ဒီအဆိုကို အတည်ပြုပေးလိုက်တယ်။ ဒီအတည်ပြုပေးလိုက်တဲ့ အဆိုနဲ့ ပတ်သက်ပြီး စိစစ်တယ်။ ကွင်းဆင်းတယ်။ ဒါပေမဲ့ ဒီအဆိုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေက အများကြီးပဲ။ အဲဒီခါကျတော့ ဒီလုပ်ငန်းတွေကို အပြီးသတ်တဲ့အထိဆို အစီရင်ခံစာ တင်သွင်းဖို့က နောက်ကျသွားနိုင်တယ်။ ဒါကြောင့် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာ စိစစ်တွေ့ရှိတဲ့ တွေ့ရှိချက်တွေကို အရင်ဆုံး ကြားဖြတ်အစီရင်ခံစာကို လွှတ်တော်ကို တင်ပြခြင်းဖြစ်ပါတယ်။ စိစစ်တွေ့ရှိချက်တွေကို ရေးတယ်။ သုံးသပ်ချက်တွေကို ရေးတယ်။ ဒီအပေါ်မှာ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လွှတ်တော်ရဲ့ ကော်မတီရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေအကျိုးအတွက် နိုင်ငံတော်အတွက် ဒါတွေကို စနစ်တကျ ပြန်ကိုင်တွယ်ဖို့ လိုတယ်။ MICA နဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ပုံတွေက မရှင်းလင်းဘူး။ စာချုပ်တွေက အားနည်းချက်တွေ အများကြီး တွေ့ရတယ်။ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားမှုတွေ အပေါ်မှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ဝန်ကြီးဌာနတွေ အနေနဲ့လည်း ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်ဖို့ သင့်တယ်ဆိုတာတော့ ကော်မတီအနေနဲ့ ရှင်းရှင်း သုံးသပ်အကြံပြုချက်တွေ စိစစ်တွေ့ရှိချက်တွေကို ရေးသားထားပါတယ်။ ဒီဟာတွေကို ဘယ်လိုလုပ်မှာလဲ ဆိုတာက သက်ဆိုင်ရာဝန်ကြီးဌာနက ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က MICA နဲ့ ပတ်သက်ပြီး ကျန်နေတဲ့ လုပ်ငန်းတွေကို ဆက်ပြီး စိစစ်ဦးမှာဖြစ်ပါတယ်။ စိစစ်တွေ့ရှိချက်တွေကိုလည်း လွှတ်တော်ကို ပြန်ပြီးတင်ပြမှာ ဖြစ်ပါတယ်”ဟု ဦးသိမ်းဆွေက ပြောကြားသည်။

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်သွင်းသည့် အစီရင်ခံစာပါ အကြံပြုချက်များကို အစိုးရအနေဖြင့် တိတိကျကျ လိုက်နာဆောင်ရွက်ပေးရန် နှင့် နောင်အခါ ယခုလို အကျင့်ပျက်ခြစားမှုမျိုး အဂတိတရားများ မဖြစ်ပေါ်အောင် အစိုးရသစ်အနေဖြင့် ဖိဖိစီးစီး ကြပ်မတ်ဆောင်ရွက်ရန် အချိန်ရောက်နေပြီ ဖြစ်ကြောင်း မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ဆွေးနွေး ပြောကြားသည်။

Most Read

Most Recent