ရန်ကုန်မြို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၆၀၀ ကျော်၊ သေဆုံးသူ ၄၆ ဦးရှိနေပြီး ရောဂါဖြစ်ပွား၊ သေဆုံးနှုန်းစာရင်းအရ အဖြစ်အများဆုံးဒေသအဖြစ် ထိပ်ဆုံး၌ရှိနေ

ရန်ကုန်မြို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၆၀၀ ကျော်၊ သေဆုံးသူ ၄၆ ဦးရှိနေပြီး ရောဂါဖြစ်ပွား၊ သေဆုံးနှုန်းစာရင်းအရ အဖြစ်အများဆုံးဒေသအဖြစ် ထိပ်ဆုံး၌ရှိနေ
Published 10 November 2017

မြို့နယ်ရပ်ကွက်များတွင် တိုင်းပြည်သူ့ကျန်းမာရေးဌာနက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေစဉ်

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၂၁ရက်အထိ ရရှိသည့်စာရင်းအရ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၆၆၁၆ ဦး၊သေဆုံးသူ ၄၆ ဦးထိရှိနေပြီး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရောဂါဖြစ်ပွား၊ သေဆုံးနှုန်းစာရင်းအရ အဖြစ်အများဆုံးဒေသအဖြစ် ထိပ်ဆုံး၌ရှိနေကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက် ရောဂါစီမံချက်) မှသိရသည်။

“ရန်ကုန်တိုင်းရဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကတော့ မနှစ်ကထက်စာရင် ဖြစ်ပွားမှုတွေ များနေတယ်။ ဒီနှစ် ပထမလေးလမှာကတည်းက ဖြစ်ပွားမှုနှုန်းက လေးဆလောက်အထိ မြင့်တက်ခဲ့တယ်။ မနှစ်ကထက်စာရင် ဖြစ်ပွားမှုနှုန်းများပါတယ်။ ခုချိန်ထိ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူ ၆၀၀၀ ကျော်၊ သေဆုံးသူ ၄၆ ဦးအထိ ရှိပါတယ်။ လူဦးရေ ၄၀ကျော် လောက်သေဆုံးနှုန်း ရှိတယ်ဆိုတာနည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။

ဒီနှစ်အတွက်ကတော့ အဖြစ်များတဲ့ရပ်ကွက်၊ မြို့နယ်တွေကို ရွေးချယ်ပြီး သွေးလွန်တုပ်ကွေးဖြစ်နိုင်တဲ့ ရပ်ကွက်တွေကို ကြိုတင်ပြီး ပိုးလောက်လမ်းနှိမ်နှင်းရေးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်လုံးကျွတ် လုပ်ဆောင်ခဲ့တယ်။ မိုးတွင်းကာလတုန်းကလည်း ဖြစ်ပွားမှုနှုန်းက တက်လာတာဖြစ်တဲ့အတွက်  အဖြစ်များတဲ့ရပ်ကွက်တွေကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးက ဒီဘက်နှစ်တွေမှာ တစ်နှစ်ခြား သို့မဟုတ် နှစ်နှစ်ခြားတစ်ကြိမ် ကပ်အသွင်လို ဖြစ်တတ်တဲ့အလေ့ရှိလာတယ်။ ရန်ကုန်မှာ အဖြစ်များတဲ့ရပ်ကွက်တွေက လူဦးရေများတဲ့နေရာ၊ လူနေထူထပ်တဲ့ နေရာတွေပါ။ လှိုင်သာယာ၊ ဒဂုံမြို့သစ် လေးခု၊ ဒလ၊ သာကေတ၊ မရမ်းကုန်း၊ လှိုင်တို့တွင် အဖြစ်များတယ်။ နှစ်စဉ်လည်း ဒီနေရာတွေက အဖြစ်များပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင်ကအသက် ၁၅ နှစ်အောက် ကလေးများတွင် ဖြစ်ပွားမှုများပြားခဲ့သော်လည်း ယခုအခါ အသက် ၁၅ နှစ်အထက် လူငယ်များ၊ အသက် ၄၀ မှ ၈၀ ကြားလူကြီးများတွင်ပါ ဖြစ်ပွားမှုများပြားလာပြီး လူကြီးများတွင် ဖြစ်ပွားပါက နောက်ဆက်တွဲဆိုးကျိုး ပိုမိုများပြားကြောင်းနှင့် ယခင်က မြို့ပြဆန်သော နေရာဒေသများတွင်သာ အဓိကဖြစ်ပွားသော်လည်း ယခုအခါ ကျေးလက်ဒေသများ၊ ကျေးရွာများတွင်ပါ ပျံ့နှံ့ဖြစ်ပွားလာကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီတို့ ပူးပေါင်းပြီး ရန်ကုန်မြို့အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင်  သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို အခါအားလျော်စွာ လုပ်ဆောင်ထားကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ခြင်ပေါက်ပွားမည့်နေရာများ နေ့စဉ်စစ်ဆေးရှင်းလင်းရန် လုပ်ငန်းလမ်းညွှန်ကို ရေးဆွဲထားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ခြင်ကျားပေါက်ရာနေရာများ (အလွှာတိုင်းရှိ မြေပြင်နှင့် ကွန်ကရစ်ကြမ်းခင်းတွင် ရေတင်ကျန်နိုင်သော ချိုင့်ခွက်များ၊ ဘိလပ်မြေဖျော်စက်စသည့် စက်များ၊ တိုင်ကီများ၊ ရေကန်များနှင့် အခြားရေသိုလှောင်နိုင်သော ပစ္စည်းများ၊ ယာယီရေမြောင်းများ၊ အမှိုက်ပုံးများ) စသည်ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ငြမ်းအဖြစ် အသုံးပြုထားသော သစ်ချောင်းများ၊ သံတန်းများနှင့် သံပိုက်များသည် အသုံးပြုပြီးနောက် စုပုံထားတတ်ကြပြီး ထိုနေရာများမှတစ်ဆင့် ခြင်ပေါက်နိုင်ကြောင်း၊  ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မိုးရေမစိုစေရန် ဖုံးအုပ်ရာတွင်  အသုံးပြုသော မိုးရေကာဖျင်၊ တာလပတ်များသည်လည်း ထိန်းသိမ်းမှု မကောင်းလျှင် ခြင်ကျားလောက်လမ်း ပေါက်ဖွားနိုင်ကြောင်း၊ ဆောက်လက်စ အဆောက်အအုံ (အထူးသဖြင့် အထပ်မြင့်များ) ၏ ကြမ်းပြင်များပေါ်တွင် ရေတင်ကျန်နိုင်ပြီး ခြင်ကျားလောက်လမ်းများ ပေါက်ဖွားနိုင်ကြောင်းနှင့် ဆောက်လုပ်ရေးအလုပ်သမား များ၏ စားကြွင်းစားကျန်များ၊ အမှိုက်သရိုက်များကို စနစ်တကျမစွန့်ပစ်ခြင်းကြောင့်လည်း မိုးရေတင်ကျန်နိုင်သော နေရာများဖြစ်လာပြီး ခြင်ပေါက်ဖွားနိုင်ကြောင်း သိရသည်။

Most Read

Most Recent