မူဆယ် ၁၀၅ မိုင်တွင် မြန်မာနိုင်ငံသားများသာ ရောင်းဝယ်ခွင့်ရှိသည့် သစ်သီးဝလံ ရောင်းဝယ်ခွင့်ကတ်များကို တရုတ်ကုန်သည်များက နိုင်ငံသားအမည်ခံများဖြင့်ရယူပြီး အရောင်းအဝယ်ဆောင်ရွက်နေဟုဆို

မူဆယ် ၁၀၅ မိုင်တွင် မြန်မာနိုင်ငံသားများသာ ရောင်းဝယ်ခွင့်ရှိသည့် သစ်သီးဝလံ ရောင်းဝယ်ခွင့်ကတ်များကို တရုတ်ကုန်သည်များက နိုင်ငံသားအမည်ခံများဖြင့်ရယူပြီး အရောင်းအဝယ်ဆောင်ရွက်နေဟုဆို
Published 9 November 2017

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း သစ်သီးဝလံ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

တရုတ်နိုင်ငံသား ကုန်သည်များက မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေး စခန်းတွင် မြန်မာနိုင်ငံသားများသာ ရောင်းဝယ်ခွင့်ရှိသည့် သစ်သီးဝလံရောင်းဝယ်ခွင့်ကတ်များကို နိုင်ငံသားအမည်ခံများဖြင့် ရယူပြီး အရောင်းအဝယ်ဆောင်ရွက်နေကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်စခန်း သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

“ရောင်းတဲ့ကတ် ဝယ်တဲ့ကတ်ရှိတယ်။ ရောင်းတဲ့ဘက်က မြန်မာနိုင်ငံသားတွေ။ တရုတ်ကုန်သည်တွေက ဝယ်တဲ့ကတ်နဲ့ပဲ ဝယ်ရတာ။ အခုတော့ တရားမဝင် လာစိုက်တဲ့အပြင် သူတို့က သူတို့အလုပ်သမားနာမည် တွေနဲ့ အမည်ခံပြီး ရောင်းတဲ့ကတ်တွေနဲ့ ရောင်းနေတယ်။ ဒါက နိုင်ငံတော်အတွက်လည်း အခွန်နစ်နာတယ်။ ကျွန်တော်တို့ဆို အခွန်ဆောင်ရတာ ဝင်ငွေခွန်၊ အမြတ်ခွန် အမျာကြီးဆောင်ရတယ်။ သူတို့က ရောင်းဝယ်ပြီးရင် တရုတ်နိုင်ငံကိုပြန်သွားရော။ ဒါတွေကိုတော့ စိစစ်ပေးစေလိုတယ်” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်စခန်း သစ်သီးဝလံ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်နေသည့် ခွာညိုသစ်သီးပွဲရုံမှ ကိုစိုင်းမင်းသူနိုင်က ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင် သစ်သီးဝလံကုန်စည်ဒိုင်မှ တာဝန်ရှိသူများက တရုတ်နိုင်ငံသို့သွားရောက်ပြီး တရုတ် ဝယ်လက်ကုန်သည်များနှင့် သွားရောက်ဆွေးနွေးခဲ့ရာ ကုန်စည်ဒိုင်တွင် အာမခံစပေါ်ငွေ တင်ထားသည့် တရုတ်ကုန်သည်များကိုသာ သစ်သီးဝလံ ဝယ်ယူခွင့်ကတ် ထုတ်ပေးထား မည်ဖြစ်ကြောင်းနှင့် ဝယ်ယူခွင့်ကတ်မရှိသူများကို ရောင်းချသည့် မြန်မာဘက်ခြမ်းမှ ကုန်သည်များကိုလည်း ကုန်စည်ဒိုင်မှ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်တွင် တရုတ်ကုန်သည်များအနေဖြင့် သစ်သီးဝလံများ လာရောက်ဝယ်ယူမည်ဆိုပါက ကုန်စည်ဒိုင်၌ အာမခံငွေဖြင့် တရုတ်ငွေ ယွမ်သုံးသိန်းတင်ထားမှသာ ဝယ် ခွင့်ပေးထားကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း သစ်သီးဝလံ ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောကြားသည်။

“ကိုယ့်ဘက်က ကုန်သည်တွေလည်း လိမ်လည်ခံရမှု မရှိတော့ဘူး။ လိမ်လည်ခံရပြီဆိုရင်လည်း ငွေက ကိုယ့်ဘက်ကို အရင်ရောက်ပြီးသားဖြစ်တဲ့အတွက် ဆုံးရှုံးမှုနည်း သွားတာပေါ့။ လောလောဆယ် Deposit ကိုတော့ တရုတ်ငွေ သုံးသိန်းလို့ သတ်မှတ်ထားတယ်” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း သစ်သီးဝလံကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောကြားသည်။

လက်ရှိတွင် သစ်သီးဝလံကုန်စည်ဒိုင်၌ တရုတ်နိုင်ငံသား ကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ကတ်များဖြင့်သာ လာရောက်ဝယ်ယူခွင့်ရှိသော်လည်း မြန်မာနိုင်ငံသားများသာ ရောင်းခွင့်ရှိသည့် သစ်သီးရောင်းခွင့်ကတ်များကို ၎င်းတို့၏ မြန်မာအလုပ်သမားအမည်ဖြင့် သစ်သီးရောင်းခွင့်ကတ်ထုတ်ကာ သစ်သီးများ ရောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်တွင် သစ်သီးအရောင်းဈေးများ မြင့်တက်နေပြီး ဖရဲသီးဈေးနှုန်းများမှာ အမြင့်ဈေးနှုန်း တစ်တန်လျှင် တရုတ်ယွမ် ၃၂၀၀ မှ ၃၅၀၀ ရှိကြောင်း ဈေးကွက်ဝင် ပုံမှန်ဈေးမှာ တရုတ်ယွမ် ၂၅၀၀မှ ၃၀၀၀ ကြား၊ ဖရဲအဖြူ သီး ၁၅ တန်စီးပြတ်မှာ ယွမ် ၃၅၀၀၀ မှ ယွမ် ၄၀၀၀၀ ကြားရှိကြောင်း မူဆယ်ရှိ ခွာညိုသစ်သီးပွဲရုံမှ သိရသည်။

Most Read

Most Recent