ဖားကန့်ဒေသရှိ လုပ်ကွက်တစ်ခုအတွင်း ရေမဆေးကျောက် ရှာဖွေသူများအား ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ရာမှ ပဋိပက္ခဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရေမဆေးကျောက်ရှာသူနှစ်ဦး သေဆုံး

ဖားကန့်ဒေသရှိ လုပ်ကွက်တစ်ခုအတွင်း ရေမဆေးကျောက် ရှာဖွေသူများအား ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ရာမှ ပဋိပက္ခဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရေမဆေးကျောက်ရှာသူနှစ်ဦး သေဆုံး
Published 8 November 2017

ဖားကန့်ဒေသ လုပ်ကွက်တစ်ခုအတွင်း ပဋိပက္ခဖြစ်ပွားပြီး သေဆုံးခဲ့သူတို့အား တွေ့ရစဉ် (ဓာတ်ပုံ - ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး)

ဖားကန့်ဒေသရှိ လုပ်ကွက်တစ်ခုအတွင်း ရေမဆေးကျောက် ရှာဖွေသူများအား ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ရာမှ ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရေမဆေးကျောက်ရှာဖွေသူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်က ဖားကန့်မြို့၊ နမ့်မှော်ကျေးရွာအနီးရှိ နိုင်ငံတော်နှင့်အကျိုးတူ ပတ္တမြားနဂါး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက် အတွင်းရဲတပ်ရင်းအမှတ် (၃၀)၊ တပ်ခွဲ (၂) မှ ရဲအုပ် ကျော်တေဇဦးစီးသည့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးသည် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် သတ်မှတ်ချိန်မတိုင်မီ ရေမဆေးကျောက်ရှာဖွေသူ အင်အား ၅၀၀ ခန့်သည် လုပ်ကွက်အတွင်းသို့ ဝင်ရောက်လာသဖြင့် ရဲအုပ်ကျော်တေဇက ရဲတပ်ဖွဲ့ဝင်များအား နောက်ဆုတ်ခိုင်းပြီး သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ခိုင်းရာ ရှေ့သို့ကျွံထွက်နေသည့် ရဲဒုတပ်ကြပ်အောင်ခိုင်မှ ၎င်းကိုင်ဆောင်ထားသည့် ဘီအေ-၆၃ မောင်းပြန်ရိုင်ဖယ်ဖြင့် ကမ်းပါးယံဘက်သို့ ခြောက်လှန့်ပစ်ခတ်စဉ် ကမ်းပါးယံမှ ကျောက်ခဲစသည်ရေမဆေးသမား အောင်ပိုင်စိုး၏ ဦးခေါင်းနောက်စေ့သို့ ကျောက်ခဲစထိမှန်ခဲ့၍ လဲကျသွားပြီး အောက်တွင်ရှိသည့် ကျောက်တုံးနှင့်ဦးခေါင်း ပြန်လည်ထိခိုက်မိရာ အောင်ပိုင်စိုးမှာ အဆိုပါနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အောင်ပိုင်စိုး သေဆုံးသွားသောကြောင့် ကျန်ရှိရေမဆေးသမားများမှာ မကျေနပ်သဖြင့် ခြောက်လှန့်ပစ်ခတ်သူ ရဲဒုတပ်ကြပ် အောင်ခိုင်အား ဝင်ရောက်လုံးထွေးရန်ကြိုးစားရာ ထပ်မံခြောက်လှန့်ပစ်ခတ်ခဲ့သည့်အတွက် ရေမဆေးကျောက်ရှာဖွေသူ ခင်ဝင်းမောင်၏ ယာဘက်ပေါင်ရင်းရှေ့ဘက် သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဘက်တင်ပါးနှစ်လက်မခန့် သေနတ်ကျည်ထိမှန် ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ရေမဆေးကျောက် ရှာဖွေသူများမှာ ငြာသံပေးကာစိန်တူများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်မှုများပြုလုပ်ခဲ့ပြီး ရေမဆေးသမားများ၏ စိန်တူများဖြင့် ရိုက်နှက်မှုကြောင့် ရဲဒုတပ်ကြပ်အောင်ခိုင်တွင် ယာဘက်ပါးနှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာဘက်နဖူးနှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာဘက်ချိုစောင်း နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဦးခေါင်းနောက်စေ့ တစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာဘက်နားထင် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက်တို့ ရရှိခဲ့သဖြင့် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်စဉ်အတွင်း ပါဝင်သည့် သိန်းလွင်၊ ကျော်ကျော်မြင့်၊ ဦးသာဇံ၊ ဦးအေးသိန်းမောင်၊ အောင်ပိုင်စိုး (သေဆုံး)၊ ခင်ဝင်းမောင် (သေဆုံး) တို့အား ဖားကန့်မြို့မရဲစခန်းတွင် (ပ) ၁၇၈/၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့်အမှုဖွင့်ခဲ့ပြီး အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ် အရေးယူလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး သူရမျိုးတင်က “လုပ်ကွက်ထဲမှာ တရားမဝင်,ဝင်ပြီး ကျောက်လုရှာတာပေါ့။ ပြည်နယ်အစိုးရအဖွဲ့ကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်မှာပါ။ တချို့သောလုပ်ကွက်တွေက အစိုးရနဲ့အကျိုးတူဆိုတော့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားဆိုတော့ တားဆီးရတာပေါ့။ ကျောက်မျက်ဥပဒေရေးဆွဲပြီးရင်တော့ သာမန်လက်လုပ်လက်စားတွေပါတဲ့ ဥပဒေထွက်ရင် အဆင်ပြေနိုင်တယ်။ အခုက နိုင်ငံတော်နဲ့အကျိုးတူရှိတယ်။ ပုဂ္ဂလိကရှိတယ်။ ပုဒ်မ ၁၄၄ လိုဟာမျိုးလည်းထုတ်ဖို့ တပ်မတော်က တင်ပြဖူးတယ်။ ဖားကန့်ဒေသက လုပ်ကွက်နဲ့ မြို့ဧရိယာက ဆက်စပ်နေတာ။ ခွဲပြီးလုပ်ဖို့လည်း အစိုးရကိုတင်သေးတယ်။ အစိုးရဘက်က မလိုအပ်သေးဘူးဆိုပြီး ပယ်လိုက်တာ။ အခုအောက်ခြေမှာ နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကွက်တွေမှာ လုံခြုံရေးလုပ်ကြရတာပေါ့။ တရားမဝင် ကျောက်ရှာဖွေသူတွေကို စနစ်တကျကိုင်တွယ်ဖို့ကောင်းတာပေါ့။ နည်းလမ်းတွေလည်း ရှာနေတယ်။ ဥပဒေအသစ်ထွက်ရင်တော့ ဖြစ်လာနိုင်မယ်ထင်တယ်” ဟုပြောကြားသည်။

ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဦးက “အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်မှုတွေ လုပ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် တရားဥပဒေကိုသိတဲ့လူရှိတယ်။ မသိတဲ့လူရှိတယ်။ ဥပဒေထဲမှာက ကျောက်မျက်လုပ်ကွက်ထဲကို တရားဝင် ,ဝင်ရောက်ရှာဖွေခြင်း၊ တူးဖော်ခြင်း၊ စမ်းသပ်တိုင်းတာခြင်း မပြုရဆိုတဲ့ဟာက ရှိပြီးသားလေ။ အဲ့ဒါကိုသူတို့ကမသိဘူး။ သိရင်လည်း မသိချင်ယောင်ဆောင်နေတယ်။ လုံခြုံရေးဆောင်ရွက်တဲ့သူတွေကလည်း နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကွက်တွေကိုပဲ လုံခြုံရေးယူပေးရတာပါ။ ဒါကိုသူတို့မြင်တာက ပုဂ္ဂလိကကို ရဲကလုံခြုံရေးလုပ်ပေးတယ်လို့ပဲမြင်တယ်။ နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကွက်တွေကိုပဲ လုံခြုံရေးလုပ်ပေးရတယ်ဆိုတာမသိဘဲ တရုတ်ကုမ္ပဏီကြီးတွေကိုပဲ လုပ်ပေးတယ်ဆိုပြီး တလွဲမြင်ကြတယ်ပေါ့ဗျာ။ ဒီလိုဖြစ်စဉ်တွေ လျော့နည်းသွားအောင်ကတော့ ဥပဒေကိုနားလည်အောင် အားလုံးကဝိုင်းပြောဖို့လိုတယ်။ ရှေ့ဆက်မဖြစ်ဖို့ ကျွန်တော်တို့လည်း ပညာပေးဟောပြောမှုတွေ လုပ်နေပါတယ်” ဟုပြောကြားသည်။

လုပ်ကွက်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများ မကြာခဏပဋိပက္ခဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ ဖားကန့်ဒေသခံတစ်ဦးဖြစ်သူ ဦးတင်လှိုင်က “နှစ်ဦးနှစ်ဖက်စလုံးက အလွန်တွေပဲ။ ဒီလိုရဲနဲ့ ရေမဆေးပြဿနာမျိုးက စနစ်တကျမကိုင်တွယ်ရင်တော့ မရဘူး။ အစိုးရအနေနဲ့ လေးလေးနက်နက်စဉ်းစားပြီး လုပ်သင့်တယ်။ ဒါမှမဟုတ်ရင် သေကုန်ပျောက်ကုန်တော့မှာ။ ဒါမျိုးကထပ်ဖြစ်ဦးမှာ။ အခုမှ ရာသီအစပဲရှိသေးတယ်။ နောက်ကိုပိုဆိုးမှာ။ ပညာရှင်နည်းနဲ့စဉ်းစားပြီး လုပ်သင့်တယ်” ဟုပြောကြားသည်။

အောက်တိုဘာ ၁၈ ရက်ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန်ကျေးရွာအနီးရှိ တစ်သုံးလုံးကျောက်မျက် ကုမ္ပဏီလုပ်ကွက်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများ ပြဿနာဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂၀ ခန့်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent