လွှတ်တော်က နိုင်ငံတော်၏မူဝါဒအရ လတ်တလောဆိုင်းငံ့ခဲ့သည့် နိုင်ငံပိုင်စက်ရုံ ၂၈ ရုံအနက် တစ်ရုံအပါအဝင်ဖြစ်သော စက်မှုဝန်ကြီးဌာန၏ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်ပတ်သက်၍ စက်စမ်းသပ်လည်ပတ်စရိတ် ကျပ်သန်း ၄၂၂၀ ကျော် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံလာမှုကို ငြင်းပယ်ရန် လွှတ်တော်ကိုယ်စားလှယ် တင်ပြ

လွှတ်တော်က နိုင်ငံတော်၏မူဝါဒအရ လတ်တလောဆိုင်းငံ့ခဲ့သည့် နိုင်ငံပိုင်စက်ရုံ ၂၈ ရုံအနက် တစ်ရုံအပါအဝင်ဖြစ်သော စက်မှုဝန်ကြီးဌာန၏ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်ပတ်သက်၍ စက်စမ်းသပ်လည်ပတ်စရိတ် ကျပ်သန်း ၄၂၂၀ ကျော် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံလာမှုကို ငြင်းပယ်ရန် လွှတ်တော်ကိုယ်စားလှယ် တင်ပြ
Published 8 November 2017

နိုဝင်ဘာ ၇ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ပြည်ထောင်စုလွှတ်တော်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ မူလခွင့်ပြုငွေ (BE) တောင်းခံစဉ် နိုင်ငံတော်၏မူဝါဒအရ လတ်တလောဆိုင်းငံ့ခဲ့သည့် နိုင်ငံပိုင်စက်ရုံ ၂၈ ရုံအနက် တစ်ရုံအပါအဝင်ဖြစ်သည့် စက်မှုဝန်ကြီးဌာန၏ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်ပတ်သက်၍ စက်စမ်းသပ်လည် ပတ်စရိတ် ကျပ်သန်း ၄၂၂၀ ကျော် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံလာမှုကို ငြင်းပယ်ရန် ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အဆိုပြုတင်ပြခဲ့သည်။

နေပြည်တော်တွင် နိုဝင်ဘာ ၇ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဒေါ်ခင်စန်းလှိုင်က ၂၀၁၇-၂၀၁၈ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။

စက်မှုဝန်ကြီးဌာန၏ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်ပတ်သက်၍ ဖြည့်စွက်ရန် ပုံငွေတောင်းခံမှုတွင် အဆိုပါစက်ရုံသည် ပြည်ထောင်စုလွှတ်တော်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ မူလခွင့်ပြုငွေ (BE) တောင်းဆိုကတည်းက နိုင်ငံတော်၏မူဝါဒအရ လတ်တလောဆိုင်းငံ့ခဲ့သည့် နိုင်ငံပိုင်စက်ရုံ ၂၈ ရုံထဲမှ တစ်ရုံဖြစ်ကြောင်း၊ ၎င်းစက်ရုံများနှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် လေ့လာသုံးသပ်စိစစ်ရေးအဖွဲ့ နှစ်ဖွဲ့ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်ဆဲကာလဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးပြောကြားသည်။

“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုမှာ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နဲ့ပတ်သက်ပြီး စက်စမ်းသပ်လည်ပတ်စရိတ် ကျပ် ၄၂၂၇ ဒသမ ၆၆၆ သန်းကို တောင်းခံထားတာတွေ့ရတဲ့အတွက် ကျွန်မအနေနဲ့ ဒီတောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၉၀ အရ ငြင်းပယ်ဖို့ရာ တင်ပြသွားမှာပဲဖြစ်ပါတယ်။ မူဝါဒသဘောအရ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နဲ့ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်များကို တိတိကျကျခိုင်ခိုင်မာမာ မချမှတ်နိုင်သေးခင်မှာ မလိုအပ်ဘဲ နိုင်ငံတော်ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာတွေ အဟောသိကံ လေလွင့်သွားမယ့်ကိစ္စရပ်တွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် ကျွန်မအနေနဲ့ ငြင်းပယ်ဖို့အဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားပြု လေ့လာသုံးသပ်စိစစ်ရေးအဖွဲ့များက ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ခိုင်မာစွာချပြီးသည့်အခါမှသာ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်ပတ်သက်သော ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ဘတ်ဂျက်ကို လိုအပ်ရင်လိုအပ်သလို စိစစ်ခွင့်ပြုရမည်ဖြစ်ကြောင်း၊ လတ်တလောတွင် စက်စမ်းသပ်လည်ပတ်စရိတ်ကို ငြင်းပယ်သင့်ကြောင်း ဒေါ်ခင်စန်းလှိုင်က အဆိုပြုတင်ပြခဲ့သည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံလာသည့် မြစ်သာရေလှောင်တမံ စီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၇-၂၀၁၈ အမျိုးသားစီမံကိန်းဥပဒေနှင့်စပ်လျဉ်းပြီး မြစ်သာရေလှောင်တမံစီမံကိန်း ထပ်တိုးတောင်းခံမှုငွေ ကျပ် ၃၄ ဘီလျံကိုငြင်းပယ်ရန် အဆိုတင်သွင်းခဲ့ကြောင်း၊ အဓိကအကြောင်းပြချက်အနေဖြင့် လိုငွေကျပ် ၃၄ ဘီလျံ ထပ်တိုးတင်ပြတောင်းခံမှုသည် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကိုကျော်လွန်ပြီး စည်းမဲ့ကမ်းမဲ့ တောင်းဆိုခဲ့သည့်အတွက်ကြောင့် ငြင်းပယ်ခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးတင်ပြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက အဆိုပါမြစ်သာရေလှောင်တမံ စီမံကိန်းနှင့်စပ်လျဉ်း၍ ကျပ် ၃၄ ဘီလျံ ထပ်တိုးတောင်းခံမှုသည် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ညီညွတ်မှုမရှိကြောင်း ဝန်ခံပြောဆိုခဲ့သလို လာမည့်ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ တင်ပြတောင်းခံသွားမည်ဟု အတိအလင်းပြောကြားခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံမှုမှာ မြစ်သာရေလှောင်တမံ စီမံကိန်းခေါင်းစဉ်ဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် ပထမအရစ်အဖြစ် ငွေကျပ် ၁၂ ဘီလျံကျော် တင်ပြတောင်းခံလာသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ဆွေးနွေးသည်။

“သို့သော်လည်း ဒုတိယဝန်ကြီးကိုယ်တိုင် ဝန်ခံပြောကြားသွားသလို မြစ်သာရေလှောင်တမံ စီမံကိန်းနှင့်စပ်လျဉ်းတဲ့ ငွေကျပ်ဘီလျံများ ထပ်တိုးတောင်းခံမှုကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ဖြည့်စွက်ရန်ပုံငွေမှာ လက်လွတ်စပယ် တင်ပြတောင်းခံလာတဲ့အတွက် သက်ဆိုင်ရာ စိစစ်ရေးပူးပေါင်းအဖွဲ့က အထောက်အထားတောင်းတဲ့အခါမှာ ဒီထပ်တိုးဘတ်ဂျက်တောင်းခံမှုကို ဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းသွားကြောင်းကို ကျွန်မတို့သိရပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

ဆက်လက်ပြီး ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စုလွှတ်တော်အနေဖြင့် အဆိုပါကိစ္စများနှင့် ပတ်သက်သောမူဝါဒကို တင်းတင်းရင်းရင်း သေသေချာချာစိစစ်ရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးသည်။

ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်း အသုံးစရိတ်တင်ပြတောင်းခံမှု လက်တွေ့အခြေအနေနှင့် ပတ်သက်၍လည်း ၂၀၁၇-၂၀၁၈ ပြည်ထောင်စု၏ အရအသုံးဘတ်ဂျက်တွင် အစိုးရဝန်ကြီးဌာနများသည် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ကျပ်ဘီလျံ ၄၀၀၀ နီးပါး တောင်းခံခဲ့ကြောင်း၊ BE တောင်းခံစဉ်က ဝန်ကြီးဌာနများအနေဖြင့် ၎င်းဘတ်ဂျက်မရပါက ဌာန၏လုပ်ငန်းများဆောင်ရွက်သည့်အခါ နှောင့်နှေးကြန့်ကြာကုန်မည်ဖြစ်ကြောင်း တင်ပြသည့်အတွက် စစ်ဆေးရေးအဖွဲ့များအနေဖြင့် သေချာစိစစ်ပြီးမှ ခွင့်ပြုခဲ့ကြခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ယခုဖြည့်စွက်ရန်ပုံငွေ ထပ်တိုးတောင်းခံလာသည့်အခါ မူလခွင့်ပြုငွေ BE ၏ ရာခိုင်နှုန်း ၉၀ ကျော်သည် ပထမငါးလတွင် လုံးဝသုံးစွဲမှုမရှိသေးတာကို တွေ့ရကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် မူလ BE ခွင့်ပြုငွေမှာ ပထမငါးလအတွင်းမှာ မိုးရာသီဖြစ်ခြင်း၊ တင်ဒါမခေါ်ရသေးခြင်းများကြောင့် မသုံးဖြစ်ခြင်းကို နားလည်လက်ခံလို့ရသော်လည်း ရာသီဥတုနှင့်မဆိုင်သော၊ ဘတ်ဂျက်နှစ်နှင့်လည်းမဆိုင်သော ရုံးသုံးစက်ကိရိယာပစ္စည်းများ၊ ရုံးသုံးပရိဘောဂများ ဝယ်ယူရေးကိစ္စများတွင် ယခုဖြည့်စွက်ရန်ပုံငွေ တောင်းခံသည့်အချိန်အထိ လုံးဝသုံးစွဲမှုမရှိသေးသည်ကို စိတ်ပျက်ဖွယ်တွေ့ရကြောင်း ဒေါ်ခင်စန်းလှိုင်က ထောက်ပြဆွေးနွေးသည်။

“ဒီဟာရဲ့အကျိုးဆက်အဖြစ် အချိန်မီဝယ်ယူရေးမလုပ်တဲ့အတွက် ကုန်ပစ္စည်းဈေးနှုန်းတွေတက်လာလို့ အရည်အသွေးနဲ့ အရေအတွက်တွေ လျော့ကုန်တာ၊ လိုအပ်တဲ့စက်ကိရိယာပစ္စည်းတွေ လိုအပ်တဲ့အချိန်မှာမရလို့ ရုံးတွင်းလုပ်ငန်းဆောင်တာတွေ ထင်သလို ခရီးမပေါက်တာ၊ အစိုးရအသုံးစရိတ်တွေနဲ့ ဆက်နွှယ်နေတဲ့ ပြင်ပစီးပွားရေးလုပ်ငန်းတွေဆီ ငွေကြေးစီးဝင်မှုမရှိတာ စသဖြင့် နိုင်ငံတော်အတွက်လည်း အကျိုးဆက်တွေ များစွာရှိတဲ့အတွက်ကြောင့်မို့လို့ အစိုးရဝန်ကြီးဌာနတွေအနေနဲ့ မိမိတို့တင်ပြတောင်းခံခဲ့တဲ့ ဘတ်ဂျက်ကို မူလရည်ရွယ်ချက်အတိုင်း အချိန်မီထိထိရောက်ရောက် သုံးစွဲနိုင်အောင် စီမံခန့်ခွဲနိုင်ဖို့ အလေးအနက်ထား ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးပြောကြားသည်။

Most Read

Most Recent