တရုတ်၏ ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် ချမှတ်မည့် ဆုံးဖြတ်ချက်အစား အလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ချက်သာ ထွက်လာ

တရုတ်၏ ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် ချမှတ်မည့် ဆုံးဖြတ်ချက်အစား အလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ချက်သာ ထွက်လာ
Published 8 November 2017

နိုဝင်ဘာ ၆ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီယာခရိုင်ရှိ ဒုက္ခသည်စခန်း တစ်ခုရှိ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များအား တွေ့ရစဉ် (Photo : AFP)

ဘင်္ဂါလီမွတ်စလင် ၆၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရသည့် အကြမ်းဖက်မှုကို ပြင်းထန်စွာ အပြစ်တင်ထားသည့် ထုတ်ပြန်ချက် တစ်စောင်ကို နိုဝင်ဘာ ၆ ရက်က လုံခြုံရေးကောင်စီတွင် တညီတညွတ်တည်း သဘောတူခဲ့ကြောင်း သိရသည်။ အနောက်နိုင်ငံများက ပိုမိုပြင်းထန်သော ဆုံးဖြတ်ချက်တစ်ရပ် ထွက်လာရန် လိုလားခဲ့သော်လည်း တရုတ်၏ ကန့်ကွက်မှုကြောင့် ချမှတ်နိုင်ခဲ့ခြင်း မရှိပေ။

အလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၌ အလွန်အကျွံ စစ်အင်အား အသုံးပြုမှု နောက်ထပ် မပြုလုပ်ရေး သေချာစေရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ခြေလှမ်းများကို ချက်ချင်းဆောင်ရွက်ရန် မြန်မာအစိုးရအား တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမွတ်စလင်များအပေါ် မြန်မာလုံခြုံရေးတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်သော အစီရင်ခံစာများအား အကြီးအကျယ် စိုးရိမ်မိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းလူ့အခွင့်အရေး ချိုးဖောက်မှုများတွင် “အင်အားနှင့် ခြိမ်းခြောက်မှုများကို စနစ်တကျသုံးစွဲခြင်း၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို သတ်ဖြတ်ခြင်း၊ လိင်ဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် နေအိမ်များနှင့် ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်းတို့ ပါဝင်သည်” ဟု ဆိုသည်။

ဗြိတိန်သည် တူညီသည့် စာသားများ ပါဝင်သော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် တစ်ရပ်ကို တင်သွင်းခဲ့ပြီး အမေရိကန်၊ ပြင်သစ်နှင့် အခြားလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက ထောက်ခံခဲ့ကြသည်။ ဆုံးဖြတ်ချက်များဟူသည် ဥပဒေအရ တရားဝင် ဆောင်ရွက်ရမည် ဖြစ်သော်လည်း မြန်မာ၏ အိမ်နီးချင်းနှင့် မဟာမိတ်ဖြစ်သော တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ တရုတ်သည် လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသည့် နိုင်ငံငါးနိုင်ငံအနက် တစ်နိုင်ငံဖြစ်သည်။

ထို့ကြောင့် ဗြိတိန်နှင့် ပြင်သစ်တို့သည် ဆုံးဖြတ်ချက်အား အလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အဖြစ်သို့သာ ပြောင်းလဲပေးခဲ့ရသည်။ ယင်းထုတ်ပြန်ချက်ဟူသည် လုံခြုံရေးကောင်စီ၏ မှတ်တမ်းတစ်စိတ်တစ်ပိုင်းသာ ဖြစ်လာမည်ဖြစ်ပြီး ဆုံးဖြတ်ချက်ကဲ့သို့ ဥပဒေအရ ထိုးနှက်ချက်မျိုး မရှိပေ။

သို့သော် ယခုထုတ်ပြန်ချက်သည် ၁၀ နှစ်နီးပါးအတွင်း လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် အပြင်းထန်ဆုံး ထုတ်ပြန်ခဲ့သည့် ကြေညာချက်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာနိုင်ငံတွင် တရားဝင်မှုအရနှင့် လူမှုရေးအရ ခွဲခြားဆက်ဆံခံနေရသော ဘင်္ဂါလီမွတ်စလင်တို့၏ ဒုက္ခများအပေါ် နိုင်ငံတကာ၏ အကြီးအကျယ် စိုးရိမ်မှုကို ထင်ဟပ်ပြထားသည်။

“လုံခြုံရေးကောင်စီက မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ မျက်စိရှေ့ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုလိုက် သုတ်သင်မှုကို အဆုံးသတ်ဖို့နဲ့ နိုင်ငံအတွင်းမှာ နိုင်ငံရေး အရှိန်အဟုန်ကို ပြန်လည်ဖန်တီးဖို့ ပြင်းထန်ပြီး တညီတညွတ်တည်း သဘောတူတဲ့ မက်ဆေ့ချ်ကို ပေးလိုက်ပါတယ်” ဟု ပြင်သစ်သံအမတ်ကြီး ဖရန်ဆွာ ဒီလက်တာက ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်လက်ထောက်သံအမတ်ကြီး ဂျိုနသန်အယ်လင်က ယခုထုတ်ပြန်ချက်ကို ပထမဆုံး ခြေလှမ်းဟု ခေါ်ဆိုခဲ့ပြီး လုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံအား ၎င်းတို့ ပြုမူဆောင်ရွက်ပုံနှင့် ပတ်သက်၍ အကဲဖြတ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref : AP

Most Read

Most Recent