ခွန်တန်နှင့်ပတ်သက်၍ နစ်နာသူ၏တိုင်ကြားမှုကို မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ဒေသခံခြောက်ဦး လာရောက်ထွက်ဆိုမှုအား ကြားနာ

ခွန်တန်နှင့်ပတ်သက်၍ နစ်နာသူ၏တိုင်ကြားမှုကို မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ဒေသခံခြောက်ဦး လာရောက်ထွက်ဆိုမှုအား ကြားနာ
Published 7 November 2017

ခွန်တန် (ခ) ဇာတ်လိုက်နှင့်ပတ်သက်၍ တိုင်ကြားမှုကို မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက သထုံမြိုနယ် ဇရစ်ချောင်ကျေးရွာနေသူ ခြောက်ဦးတို့၏ ထွက်ဆိုချက်များကို နိုဝင်ဘာ ၆ ရက်က မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်တွင် ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

ကြားနာမှုနှင့်ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က မိမိတို့သည် လွှတ်တော်က တာဝန်ပေးထားသည့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်အတိုင်းဆောင်သွားမည်ဖြစ်ပြီး ယနေ့တွင် တိုင်ကြားသူများ၏ နှုတ်ထွက်စကားကို နားထောင်ခြင်းဖြစ်ရာ၊ တိုင်သူက တိတိကျကျတိုင်ကြားပြီး တိုင်သည့်အပေါ် တာဝန်ယူသလို လွှတ်တော်အပိုင်းကလည်း လုပ်သင့်လုပ်ထိုက်သော စုံစမ်းစစ်ဆေးရမည့်အပိုင်းကို အစီရင်ခံစာရေးသားပြီး ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ၊ အခြားသောဝန်ကြီးဌာနများ ပေးပို့ရန်ရှိကြောင်း မီဒီယာများအား ပြောကြားသည်။

နိုဝင်ဘာ ၁၇ ရက်တွင် ရေးရာကော်မတီများ လွှတ်တော်တွင်း တင်ပြသုံးသပ်ရန်ရှိပြီး လာမည့်ပြည်နယ်လွှတ်တော်ပုံမှန် အစည်းဝေးတွင် တင်ပြပြောဆိုဆွေးနွေးသွားမည်ဟု ၎င်းကပြောကြားသည်။

ခွန်တန် (ခ) ဇာတ်လိုက် (ခ) ဓမ္မရာဇာနှင့် အကျိုးဆောင်အဖွဲ့သည် ရိုးသား၍ဘာသာတရားအပေါ် ယုံကြည်သော ဒေသခံတိုင်းရင်းသားများကို အယုံသွင်းဝါဒဖြန့် မှိုင်းတိုက်၍ အကြောက်တရား၊ ငွေကြေးဥစ္စာတို့ဖြင့် စည်းရုံးသိမ်းသွင်း လုပ်ဆောင်နေကြသော်လည်း၊ ၎င်းတို့အဖွဲ့အစည်း အရှိန်အဝါနှင့် အကြောက်တရားဖြင့် ထိန်းချုပ်မှုများကို မလွန်ဆန်နိုင်ဘဲ၊ ခေါင်းငုံ့နေကြရသူများရှိနေသကဲ့သို့၊ ယုံကြည်မှုလွန်ကဲ၍ အပြစ်မမြင်ဘဲ နှစ်သက်သဘောကျသူများ ရှိနေသည်ဖြစ်ရာ၊ ဤဖြစ်စဉ်အား ဖော်ထုတ်အရေးယူခြင်းမရှိပါက ဒေသခံတိုင်းရင်းသူအမျိုးသမီးများ၏ ဘဝရှေ့ရေးမတွေးရဲစရာပင်ဖြစ်ကြောင်း၊ ငွေရှိတိုင်းငွေပေး၍ အမျိုးသမီးငယ်များကို ဖျက်ဆီးနေခြင်းအား ထိထိရောက်ရောက် မကာကွယ်နိုင်ပါက အမျိုးသမီးများ၏လုံခြုံရေးကို ထိခိုက်လာမည်ဖြစ်ပါ၍ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးရန် တိုင်ကြားခြင်းဖြစ်ကြောင်း တိုင်ကြားသူ ဦးခင်မောင်ကြည် (အငြိမ်းစားဗိုလ်ကြီး) ဇရစ်ချောင်ကျေးရွာနေသူက ပြောကြားသည်။

Most Read

Most Recent