မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ ကြားသာကျန်ရှိပြီး တစ်ပတ်လျှင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရဟု သိရ

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ ကြားသာကျန်ရှိပြီး တစ်ပတ်လျှင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရဟု သိရ
Published 2 November 2017

 

သြဂုတ်လအတွင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် သတ်ဖြတ်ခံခဲ့ရသည့် တောဆင်ရိုင်းတစ်ကောင်ကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာစိုး)

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ ကြားသာ ကျန်ရှိတော့ပြီး တစ်ပတ်လျှင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရကြောင်း နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ ဗိုလ်ကလေးလမ်းရှိ ပန်သူရိယ စားသောက်ဆိုင်တွင်ပြုလုပ်သည့် တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှုများနှင့် ပတ်သက်၍  VOICES FOR MOMOS လှုပ်ရှားမှု စတင်မည့် အခမ်းအနားမှ သိရသည်။

တောဆင်ရိုင်းများ၏ အရေခွံခွာယူရန်အတွက် တစ်ပတ်လျှင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရပြီး ဒေသတွင်း လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏တွက်ချက်မှုများအရ ယခုနှစ်သြဂုတ်လတွင် သတ်ဖြတ်ခံခဲ့ရသည့် တောဆင်ရိုင်းကောင်ရေ အနည်းဆုံး ၃၀ ခန့်ရှိကြောင်း သိရသည်။

ဆင်သားရေများကို တရားမဝင်ကုန် သွယ်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း ယခုနှစ်ပိုင်းတွင် များစွာမြင့်တက်လာခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) ၏ တရားဝင် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း တောဆင်ရိုင်းကောင်ရေ ၁၈ ကောင်အထိ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ယခုအချိန်၌ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ ကြားတွင်သာ ကျန်ရှိတော့သည်ဟု တရားဝင် ခန့်မှန်းထားသော်လည်း ယင်းပမာဏအောက် များစွာလျော့နည်းနေနိုင်ကြောင်း သိရသည်။

ဆင်၏အရေပြားအပါအဝင် ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ဈေးကွက်တွင် ဝယ်လိုအား မြင့်မားနေခြင်းကြောင့် မြန်မာ နိုင်ငံသည် ဆင်များကို အမဲလိုက်သတ်ဖြတ်ရာ အဓိကနေရာ တစ်နေရာဖြစ်လာနေပြီး ပုံမှန်အားဖြင့် ဆင်များကို အဆိပ်လူးမြား (သို့မဟုတ်) အားပြင်းသည့် ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ် သတ်ဖြတ်ကြခြင်းဖြစ်သည်။ ဆင်များသည် ၎င်းတို့၏ သားရေကိုခွာယူခြင်းမခံရမီ မချိမဆန့်ဝေဒနာကို တမြေ့မြေ့ခံစားရင်း သေဆုံးကြရပြီး သားရေများ၊ အစွယ်များ  နှင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

တောဆင်ရိုင်းများ တစ်ပတ်တစ်ကောင် နှုန်း သတ်ဖြတ်ခံရသည့်နှုန်းအတိုင်း ဆက်သွားနေပါက နှစ်အနည်းငယ်အတွင်း မြန်မာ နိုင်ငံမှ တောရိုင်းဆင်များ ပျောက်ကွယ်သွား နိုင်ပြီး ထိုသို့တောရိုင်းဆင်အရေအတွက် လျော့နည်းလာသည့် အခြေအနေကို ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း ခြောက်ခုသည် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မြန်မာ့ဆင် ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ် (MECA) ကို အထောက်အပံ့ ဖြစ်စေရန် VOICES FOR MOMOS        (မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ) လှုပ်ရှားမှုကို စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများကို ရာဇဝတ်အဖွဲ့အစည်းများက ဒေါ်လာဘီလျံပေါင်းများစွာ အသုံးပြုပြီး ဆောင်ရွက်နေကြောင်း၊ တောရိုင်း တိရစ္ဆာန်ပေါများနေဆဲဖြစ်ခြင်းကြောင့် လည်းကောင်း၊ မြန်မာအပါအဝင် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့၏ နယ်စပ်များတွင် မှောင်ခိုပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရောင်းဝယ် ဖောက်ကားမှုပြုကြရာ ရွှေတြိဂံဒေသကဲ့သို့သော နယ်မြေ တည်ရှိနေခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံသည် ယင်းတရားမဝင် ကုန်သွယ်မှုဒဏ်ကို ထိခိုက်ခံစားနေရခြင်း ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဦးစီးဌာနမှဦးဆောင်၍ မြန်မာနိုင်ငံတွင် လုပ်သား ဆင်အများအပြား ပိုင်ဆိုင်ထားသော အကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း အပါအဝင် အစိုးရဌာန ရှစ်ခုနှင့် အေဂျင်စီများပူးပေါင်းကာ မြန်မာ့ ဆင်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်ကို ရေးဆွဲခဲ့ကြောင်း သိရသည်။

Most Recent