ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနံဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ရောက်စဉ် ငါးဖမ်းဆီးခွင့် ပိတ်ပင်မှုကြောင့် ရေလုပ်သားများ အခက်ကြုံ

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနံဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ရောက်စဉ် ငါးဖမ်းဆီးခွင့် ပိတ်ပင်မှုကြောင့် ရေလုပ်သားများ အခက်ကြုံ
Published 2 November 2017

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနက်ဆိပ်ကမ်းသို့ ဝင်ရောက်လာသည့် ရေနံတင်သင်္ဘောတစ်စင်းအား တွေ့ရစဉ်

ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနံတင်ဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ရောက်လာစဉ် သံစစ်မြစ်ကြောင်းတစ်လျှောက် ငါးဖမ်းဆီးခွင့်ပိတ်ပင်ခံရမှုကြောင့် ဒေသတွင်းရေလုပ်သားများ ထိခိုက်နစ်နာမှုများ ရှိကြောင်း သိရသည်။

ရေနံစိမ်းတင်ဆောင်လာသည့် သင်္ဘောကြီးများ ဝင်ထွက်ချိန်နှင့် ဆိပ်ကမ်းကပ်ပြီး ရေနံတင်ချိန်တွင် သံစစ်မြစ်ကြောင်းတစ်လျှောက် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ရေလုပ်သားများအား ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားရခြင်းမှာ ရေနံ စိမ်းတင်သင်္ဘောများ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ရန်နှင့် ငါးဖမ်းလှေများအပေါ် တစ်စုံတစ်ရာ အန္တရာယ် မကျရောက်စေရန် ရေကြောင်း ရဲတပ်ဖွဲ့က ကြိုတင်ရှင်းလင်း ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“တရုတ် ရေနံတင်သင်္ဘောဝင်ရောက်မှုက တစ်လမှာ နှစ်ကြိမ်သုံးကြိမ်လောက် ဝင်ရောက်မှုများလာတယ်။ တစ်ခါဝင်ရင် အနည်းဆုံးသုံးရက်ကနေ ငါးရက်အထိ ကြာတယ်။ သင်္ဘောဝင်ချိန်၊ ဆိပ်ကပ်ချိန်၊ ပြန်ထွက်ခွာချိန်တွေအထိ ရေကြောင်းရဲက အ မြန်ရေယာဉ်ငယ်တွေနဲ့ ရေကြောင်းရှင်းလင်းနေတယ်။ ဆီသင်္ဘောကြီး ဝင်ထွက်ချိန်မှာ ဒီရေကြီးတဲ့ရက်နဲ့ ငါးအထိအမိများတဲ့ ရက်နဲ့ တိုက်ဆိုင်သွားရင် ရေလုပ်သားတွေအတွက် အများကြီး နစ်နာကြတာပေါ့”ဟု ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ရေလုပ်သား ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနက်ဆိပ်ကမ်းသို့ ဝင်ရောက်လာသည့် ရေနံတင်သင်္ဘောတစ်စင်းအား တွေ့ရစဉ်

ကျောက်ဖြူမြို့ သံစစ်မြစ်ကို အမှီပြုပြီး မိသားစုစားဝတ်နေရေးအတွက် ရေလုပ်ငန်းဖြင့် အဓိကလုပ်ကိုင်နေသည့် မဒေးကျွန်း ဒေသခံများ အပါအဝင် ကပိုင်ချောင်း၊ စစ်တော၊ ပြင်ဖြူမော်၊ ဆားပြင်ကွင်း စသည့် နယ်ဘက်ကျေးရွာများမှလည်း စက်မဲ့လှေ၊ စက်တပ်လှေကြီး လှေငယ်အစင်းရေ ၇၀၀ ကျော်ရှိပြီး ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားချိန် လှေကြီးတစ်စင်းတွင် ငါးဖမ်းဆီးရရှိမှုအလျှောက် တစ်နေ့ဝင်ငွေ လေးသိန်းဝန်းကျင်မှ ခြောက်သိန်းဝန်းကျင်အထိ၊ လှေငယ်များ နှင့် စက်မဲ့လှေများမှာလည်း တစ်သိန်းမှ သုံး သိန်းဝန်းကျင်အထိ ဝင်ငွေထိခိုက် နစ်နာနေကြရကြောင်း ရေလုပ်သားများက ပြောကြားသည်။

“သင်္ဘောဝင်လာချိန်နဲ့ ဆိပ်ကပ်ချိန်၊ ပြန်လည်ထွက်ခွာချိန်တွေမှာ မြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ငါးဖမ်းလှေတွေကို အကန့်အသတ်နဲ့ တားမြစ်ထားတယ်ဆိုတာက လှေသားတွေအပေါ် ထိခိုက်မှုအန္တရာယ် တစ်စုံတစ်ရာ မကျရောက်အောင် တားမြစ် ထားရတာပါ” ဟု ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ သံစစ်မြစ်ကြောင်းအတွင်း  တရုတ်ရေနံတင် သင်္ဘောဝင်ထွက် ဆိပ်ကပ်မှုများကြောင့် ငါးဖမ်းဆီးခွင့် ပိတ်ပင်ခံရသည့် ရေလုပ်သားများ၏ ထိခိုက်နစ်နာမှုများအတွက် ဖြေရှင်းပေးရန်နှင့် သင်္ဘော ဝင် ထွက်သွားလာချိန် ဗဟိုရေလမ်းကြောင်း ပြင် ပနေရာများတွင် ငါးဖမ်းဆီးခွင့်ရရှိရေးအတွက် ယခုနှစ်မေလအတွင်းက ငါးဖမ်းလှေအစင်းရေ ၂၀၀ ကျော်ဖြင့် ရေလုပ်သား ၁၀၀၀ ကျော် သံစစ်မြစ်ကြောင်းတစ်လျှောက် ရေပေါ်တွင်ဆန္ဒဖော်ထုတ်ပြီး မဒေးကျွန်းရှိ တရုတ် CNPC ရုံးသို့ ချီတက်ဆန္ဒဖော်ထုတ်မှု တစ်ကြိမ်ပြုလုပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံအတွင်းသုံးစွဲရန် အာရပ်ကမ္ဘာနှင့် အာဖရိကတိုက်မှ ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ ရေနံစိမ်း သိုလှောင်ကန်မှတစ်ဆင့် မြေအောက် ပိုက်လိုင်းများဖြင့် ၂၀၁၆ ခုနှစ်မှစပြီး တင်ပို့ ခြင်းလုပ်ငန်း ဆောင်ရွက်လာခဲ့ခြင်းဖြစ်ရာ အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီခန့်က ဝင်ရောက်လာသည့် သင်္ဘော အပါအဝင် အစင်းရေ ၂၂ စင်း ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent