ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား တန်ဆောင်တိုင်ပွဲတော် (၁၃) ကြိမ်မြောက် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား တန်ဆောင်တိုင်ပွဲတော် (၁၃) ကြိမ်မြောက် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Published 1 November 2017

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား တန်ဆောင်တိုင်ပွဲတော် ၁၃ ကြိမ်မြောက် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက် ညပိုင်းက ဘုရားကုန်းတော်၏ တောင်ဘက် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲသို့ ပြိုင်ပွဲဝင်မည့် မီးပုံးပျံအဖွဲ့များနှင့် ကျောင်းသူလေးများမှ ပြင်ဦးလွင်မီးပုံးပျံပွဲတော်ကိုယ်စားပြုသီချင်းဖြင့် သရုပ်ဖော်ကပြခြင်း၊ မီးရူးမီးပန်းများ ပစ်ဖောက်ခြင်း၊ မီးပုံးပျံပြိုင်ပွဲ အစီအစဉ်အတိုင်း စတင်၍ ဖွင့်ပွဲအထိမ်းအမှတ် စိန်နားပန် မီးပုံးဖြင့် ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"မီးပုံးပျံပြိုင်ပွဲ ထည့်သွင်းကျင်းပရတဲ့ ရည်ရွယ်ချက်က ဆုတောင်းပြည့်ဘုရား ဘုန်းကျက်သရေ တိုးတက်စေဖို့နဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ စည်းစည်းလုံးလုံး ပါဝင်ပြီး ရိုးရာဓလေ့ မပျောက်ကွယ်ဖို့ အတွက်ပါ။ မီးပုံးပျံပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြရင်း တစ်ဦးနဲ့တစ်ဦး အပေးအယူ နားလည်မူ၊ စည်းလုံးညီညွှတ်စွာနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထတွေ ရသွားစေချင်တယ်။ အဲလိုအလေ့အထတွေကို ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ မြင်တွေ့သွားပြီး ဂုဏ်ယူတန်ဖိုးထား လာမယ်ဆိုရင် အားလုံးအတွက် ကျေနပ်စရာ ဖြစ်လာမှာပါ" ဟု မီးပုံးပျံပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ယခုနှစ်ပြင်ဦးလွင် မီးပုံပျံပြိုင်ပွဲကို အောက်တိုဘာ ၃၁ ရက်မှစတင်၍ နိုဝင်ဘာ ၄ ရက်အထိ ၅ ရက်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ယခုနှစ်၌ နေ့ရုပ်အလှမီးပုံးပျံ အလုံး (၅၀)၊ စိန်နားပန်မီးပုံးပျံ (၁၇)လုံးနှင့် ညမီးကျည် မီးပုံးပျံ(၁၁)လုံး စုစုပေါင်းမီးပုံးပျံအလုံးရေ ၇၈ လုံး ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ပြင်ဦးလွင် မီးပုံးပျံပြိုင်ပွဲတွင် နေ့၊ ည မီးပုံးပျံ အလုံးရေ စုစုပေါင်း ၁၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ၂၀၀၅ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် ၁၁ ဦးသာ ရှိခဲ့ပြီး ညပြိုင်ပွဲ တစ်ခုတည်းသာ ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ်မှစတင်၍ နေ့အလှ မီးပုံးပျံပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပ လာနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် စည်ကားလာခဲ့ရာ ယခုနှစ်တွင် ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက် ထက်ဝက်နီးပါး လျော့နည်းခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင် မီးပုံပျံပွဲတော်သို့ ဒေသခံများအပြင် မန္တလေးမြို့ အနီးဝန်းကျင် ဒေသများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လာရိူး စသည့်တိုင်းရင်းသားများလည်း လာရောက် ဆင်နွှဲလေ့ ရှိသောကြောင့် နှစ်စဉ်စည်ကားလျက်ရှိသည်။

မီးပုံးပျံ လွှတ်တင်ပြိုင်ပွဲအပြင် လေယာဉ်ပျံငယ်များ ပျံသန်းမူပြိုင်ပွဲနှင့် နေ့ခင်းပိုင်း၌ အားကစားပြိုင်ပွဲများ ဖြစ်သည့် ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများလည်း ပါဝင်ကြောင်း၊ ညပိုင်းအချိန်တွင် ဇာတ်ပွဲများလည်း ပါဝင်ပြီး မဟာအံထူးကံသာ ဆုတောင်းပြည့် ဂေါပကအဖွဲ့ အနေဖြင့်လည်း မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းမူများ၊ ဆွမ်းလောင်းလှူမူများ၊ ဆီမီးတစ်ထောင် ပူဇော်မူများလည်း ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent