တောင်ကြီးတွင် မီးပုံးပျံယမ်း မတော်တဆ ဖြစ်ပွားမှုကြောင့် မီးသတ်တပ်ဖွဲ့ကို ကူညီသူတစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြောက်လုံး မီးလောင်

တောင်ကြီးတွင် မီးပုံးပျံယမ်း မတော်တဆ ဖြစ်ပွားမှုကြောင့် မီးသတ်တပ်ဖွဲ့ကို ကူညီသူတစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြောက်လုံး မီးလောင်
Published 30 October 2017

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနော်ရထာလမ်း နေအိမ်အမှတ် (၂၄၇၊ ၂၇၉) တို့တွင် ယမ်းမတော်တဆမှု ဖြစ်ပွားခဲ့သဖြင့် နေအိမ် ၆ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ကို ကူညီသူ ယာဉ်မောင်းတစ်ဦး အသက်ရှူကြပ်ကာ သေဆုံးခဲ့ကာ လေးဦးကို စဝ်စံထွန်းဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ချမ်းမြသာစည် ရပ်ကွက်၊ အနော်ရထာလမ်း၊ ဆိုင်ကယ်ပွဲစားတန်း၊ မင်းခေတ်ကြိုက် စားသောက်ဆိုင်အနီး ယမ်းလုပ်သော မီးဆရာ ဦးအောင်ငဲ အိမ်တွင် ယမ်းစမ်းသပ်ရင်း အိမ်ထဲသို့ မီးရှူးပြန်လည် ဝင်ရောက်ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကာ ယမ်းမီးများ ဆက်လက် ပေါက်ကွဲခြင်းကြောင့် နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ကို ကူညီဆောင်ရွက်ပေးသူ ယာဉ်မောင်းတစ်ဦးသည် မီးခိုးငွေ့များကြောင့် မွန်းကြပ်ပြီး နှလုံးအမောဖောက်ကာ သေဆုံးခဲ့ကြောင်းနှင့် ယမ်းထိမှန်မှုကြောင့် လူလေးဦးအား တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်မှူး ဦးတင်မင်းက အတည်ပြု ပြောကြားခဲ့သည်။

“ဖြစ်စဉ်က မီးပုံးပျံကာလလေ။ ယမ်းရိုက်တာကနေ စဖြစ်တယ်။ ဘေးကနေ ဝိုင်းအုပ်တာ လေးယောက်လုံး ထိတယ်။ ရှေ့ သုံးအိမ် နောက်သုံးအိမ်ပေါ့။ တစ်ပြိုင်နက်ထဲ ကူးသွားတာ၊ ၁၅ မိနစ် အတွင်းမှာ ဖြစ်တာ၊ ၅ နာရီ ၁၅ မှာ စဖြစ်တယ်။ ၂၀ မှာ သတင်းရပြီးတော့ ၂၅ မှာ ရောက်တယ်။ ယမ်းမီးဆိုတော့ ထိန်းရတာပေါ့။ ပေါက်ကွဲ လောင်တာဖြစ်တဲ့ အတွက်ကြောင့် တဝုန်းဝုန်းနဲ့ ကူးစက်မှုက မြန်ဆန်တယ်။ အရှေ့လည်း ပွင့်တယ်။ ဘေးကိုလည်း ပွင့်တယ်။ တစ်ပြိုင်ထဲ ၄ လုံးလောက် လောင်တယ်။ တန်ဆောင်တိုင်ကာလ ဖြစ်တဲ့အတွက် ယာဉ်အုပ်စု ၁၂ စီးရှိတာပေါ့။ အဆင့်က Level 3 ပေါ့။ အေးသာယာ ရွှေညောင် အပါအဝင်ပေါ့။ တောင်ကြီးမှာ အားသာချက်ကတော့ ရေပေးတဲ့ စနစ်ပေါ့။ မီးသတ်ကားကို အထိုင်ထားပြီးတော့ ရေပေးတယ်။ လမ်းကကျဉ်းတယ်။ ချောင်းခံသော်လည်း ကပ်နေတာပေါ့ ခက်ခက်ခဲခဲကို ထိန်းရတယ်။ ယမ်းဆိုတော့ ဆက်တိုက် ဆက်တိုက် ပေါက်နေတာပေါ့။ ဒီအိမ်မှာ အများကြီး စုလုပ်တာပေါ့။ မီးဆရာ ဆိုတော့လေ။ သူ့ကိုပဲ ဝိုင်းအပ်ကြတာပေါ့။ လုပ်ရတာများတယ်။ တောက်လျှောက်လုပ်နေတော့ မီးလုံး သုံးလေးလုံး တာဝန်ယူထား ရတာပေါ့။ ဆေးရုံမှာ ယမ်းထိတာ လေးယောက်ပေါ့။ ရွှေညောင်ကနေ မီးသတ်ကို ဝိုင်းကူညီလာတဲ့ ဝပ်ရှော့ဆရာ တစ်ယောက်က နှလုံးအမောဖောက်ပြီး ဆုံးသွားတာ ရှိတယ်။ ယမ်းထိတဲ့ သူတွေကတော့ စိုးရိမ်ရမယ် ထင်တယ်” ဟု ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့မှူး ဦးတင်မင်းက ပြောကြားသည်။

မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မီးသတ်ယာဉ်ပေါင်း ၁၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၀ ဦး၊ ပရဟိတ ရေသယ်ယာဉ်များ ရောက်ရှိမီးငြိမ်းသတ်ခဲ့ကြောင်း၊ အသေးစိတ် အချက်အလက်များကို စာရင်းပြုစုနေပြီး၊ အတိအကျ သိရှိနိုင်ရန် ချမ်းမြသာစည် ရပ်ကွက်ရုံးတွင် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက် ကြည့်ရှုခဲ့ကြပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလည်း လာရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယမ်းမီးဆရာ ဦးအောင်ငဲသည် မီးပုံးပျံများကို အော်ဒါလက်ခံထားပြီး လုပ်ပြီးသား ယမ်းပစ္စည်းများကိုလည်း ရောင်းချခြင်းဖြစ်ကာ တာဝန်ယူထားသော မီးပုံးများမှာ KBZ-Bank ကမ္ဘောဇဘဏ်မီး၊ ဂီတမီးနှင့် ရွှေတောင်ရိုးမီး တို့ဖြစ်ကြောင်း  ရွှေတောင်ရိုး မီးကျည်ခွေမှာ ရေအေးကွင်းတွင် ထားရှိသောကြောင့် လွတ်ကင်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကူးစက်လောက်ကျွမ်း ခံခဲ့ရသည့် နေအိမ်များမှာ အဝတ်အစားနှင့် ငွေကြေးများကို ရယူနိုင်ခြင်း မရှိခဲ့ဘဲ လူနှင့် ကလေးများ ချောင်းအတွင်း ခုန်ချခဲ့သဖြင့်သာ လွတ်ကင်းခဲ့ကြောင်း မီးလောင်ကျွမ်းခံရသော အိမ်ရှင်များက ပြောကြားသည်။

တောင်ကြီးမြို့တွင် တန်ဆောင်တိုင ်မီးပုံးပျံပွဲတော် မတိုင်မီ စက်တင်ဘာ ၂ ရက်တွင်လည်း ယမ်းမီး လောင်ကျွမ်းခြင်းကြောင့် နေအိမ်တစ်လုံး ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

 

 

Most Read

Most Recent