ဗြိတိန်နှင့် ပြင်သစ်က အဆိုပြုထားသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်သည် မြန်မာအာဏာပိုင်များကို လွန်လွန်ကဲကဲ ပြစ်တင်ဝေဖန်ပါက မော်စကို အနေဖြင့် တားဆီးမည်

ဗြိတိန်နှင့် ပြင်သစ်က အဆိုပြုထားသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်သည် မြန်မာအာဏာပိုင်များကို လွန်လွန်ကဲကဲ ပြစ်တင်ဝေဖန်ပါက မော်စကို အနေဖြင့် တားဆီးမည်
Published 28 October 2017

ဗြိတိန်နှင့် ပြင်သစ်က အဆိုပြုထားသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်သည် မြန်မာအာဏာပိုင်များကို လွန်လွန်ကဲကဲ ပြစ်တင်ဝေဖန်ပါက မော်စကို အနေဖြင့် တားဆီးသွားမည်ဖြစ်ကြောင်း www.tass.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ အရေးအတွက် မြန်မာနိုင်ငံအား ဖိအားပေးမည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချိန်ဆနေကြောင်း အဖွဲ့အစည်း အတွင်းရှိ သတင်းရင်းမြစ်များက Izvestia သတင်းစာကို ပြောကြားခဲ့ကြောင်း www.tass.com ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်နှင့် ပြင်သစ်က အဆိုပြုထားခြင်းဖြစ်သည်။

သို့ရာတွင် အကယ်၍ အဆိုပြုထားသည့် ဆုံးဖြတ်ချက်သည် မြန်မာအာဏာပိုင်များကို လွန်လွန်ကဲကဲ ပြစ်တင်ဝေဖန်ပါက မော်စကို အနေဖြင့် ယင်းကို တားဆီးသွားမည်ဖြစ်ကြောင်း ဒေသတွင်း အခြေအနေနှင့် ရင်းနှီးသည့် ရုရှားသံတမန် အသိုင်းအဝိုင်းမှ ရင်းမြစ်များက သတင်းစာကို ပြောကြားသည်။

ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ငါးသိန်းကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ယင်းအတွက် အမေရိကန်၊ အနောက်ဘက် ဥရောပနိုင်ငံများနှင့် အစ္စလာမ်နိုင်ငံ အချို့က မြန်မာတပ်မတော်ကို ပြစ်တင်ဝေဖန်မှုများ ရှိခဲ့ပြီး ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာအာဏာပိုင်များကို အလွန်အကြူး ဖိအားပေးမှုများ မပြုလုပ်ရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ အနေဖြင့် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆွေးနွေးမှုများ ရှိနေသော်လည်း ပြဿနာကို ထောင့်ပေါင်းစုံမှ ဖြေရှင်းနိုင်ရန် ကြိုးစားနေကြောင်း၊ ယင်းသည် ကြာရှည်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ အနည်းဆုံး အနေဖြင့် ၎င်းတို့ စတင်နေပြီဖြစ်ကြောင်း၊ ၎င်းတို့ကို အချိန်ပေးရန် လိုအပ်ပါကြောင်း၊ ယင်းသည် မိမိတို့၏ အနေအထား ဖြစ်ပါကြောင်း၊ ဝေဖန် ပြစ်တင်မှုများ အားလုံးသည် မြန်မာနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုကို ပုံမှန် ဖြစ်စေရန် ပံ့ပိုးပေးရာရောက်မည် မဟုတ်ကြောင်း ရုရှားသံတမန် အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်က Izvestia သတင်းစာကို ပြောကြားသည်။

မြန်မာအခြေအနေနှင့် ပတ်သက်၍ လူသားချင်း စာနာမှုဆိုင်ရာ ဘေးဒုက္ခအဖြစ် ပြောနေကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ လုပ်ဖော်ကိုင်ဖက်များ၏ အဆိုအရ အခြေအနေသည် စိုးရိမ်ရကြောင်း၊ ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခု လိုအပ်ကြောင်း၊ သို့ရာတွင် မော်စကို အနေဖြင့် အရေးယူပိတ်ဆို့မှုကို အမြဲတမ်း ဆန့်ကျင်ခဲ့ကြောင်း၊ အရေးယူ ပိတ်ဆို့မှုသည် အကူအညီ မဖြစ်ကြောင်း၊ ထို့ကြောင့် ပါရီနှင့် လန်ဒန်က အဆိုပြုသည့် ဆုံးဖြတ်ချက်ကို ပထမဆုံး လေ့လာရမည်ဖြစ်ကြောင်း၊ ရုရှား အနေဖြင့် နိုင်ငံတစ်နိုင်ငံအား ကန့်သတ်မှုများကို တင်သွင်းမည် မဟုတ်ကြောင်း စတိတ်ဒူးမားလွှတ်တော် နိုင်ငံတကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ အဲလက်စီချီပါက Izvestia သတင်းစာကို ပြောကြားသည်။

အဆိုပါ ဆုံးဖြတ်ချက် မူကြမ်းတွင် မြန်မာအာဏာပိုင်များအား စစ်ရေးဆောင်ရွက်မှုများ ချက်ချင်းရပ်ဆိုင်းရန်နှင့် ဘင်္ဂလားဒေ့ရှ်ရှိ ယာယီစခန်းများတွင် နေထိုင်နေရသည့် ဒုက္ခသည်များအား နေရပ်သို့ ပြန်လာခွင့်ပြုရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

စာမျက်နှာ ခြောက်မျက်နှာပါ ယင်းဆုံးဖြတ်ချက် မူကြမ်းတွင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်အတွက်မူ ခြိမ်းခြောက်မှု မပါဝင်ကြောင်း သိရသည်။

ဘင်္ဂါလီမွတ်စလင် အရေးအတွက် လုံခြုံရေးကောင်စီ၏ ပထမဆုံး တရားဝင် တုံ့ပြန်မှု ဖြစ်လာမည့် ယင်းဆုံးဖြတ်ချက် မူကြမ်းသည် တရုတ်ထံမှလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်မှု ကြုံနေရသည်။

Most Read

Most Recent