သထုံမြို့နယ် အလံတစ်ရာကျေးရွာမှ ခွန်တန် (ခ) ဇာတ်လိုက်ပါခုနစ်ဦးကို အုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှု၊ အားပေးကူညီမှုများဖြင့် အမှုဖွင့်ထားဟုဆို

သထုံမြို့နယ် အလံတစ်ရာကျေးရွာမှ ခွန်တန် (ခ) ဇာတ်လိုက်ပါခုနစ်ဦးကို အုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှု၊ အားပေးကူညီမှုများဖြင့် အမှုဖွင့်ထားဟုဆို
Published 26 October 2017

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူ၏ ဓာတ်ပုံများ

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင် ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာမှ ခွန်တန် (ခ) ဇာတ်လိုက်ပါ ခုနစ်ဦးအား အုပ်ထိန်းမှုအောက်တွင်ရှိသော အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှုနှင့် အားပေးကူညီမှုများဖြင့် အောက်တိုဘာ၂၄ ရက်က သထုံမြို့မရဲစခန်းတွင် နစ်နာသူအမျိုးသမီးတစ်ဦး၏ ဖခင်ဖြစ်သူက လာရောက်အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

“ခွန်တန် (ခ) ဇာတ်လိုက်နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရက်ကနစ်နာသူ အမျိုးသမီးတစ်ဦးရဲ့ ဖခင်က လာရောက်အမှုဖွင့် လှစ်ထားပါတယ်။ ၃၆၃/ ၃၆၆/ ၁၁၄ အရ အမှုလက်ခံထားပါတယ်။ အဓိပ္ပာယ်ကတော့ အလိုမတူဘဲ အသက်မပြည့်သေးတဲ့ မိန်းကလေးကို ခိုးယူပေါင်းသင်းတာနဲ့ အားပေးကူညီတဲ့ အဓိပ္ပာယ်ပါပဲ။ ခွန်တန်ပါအားလုံး ခုနစ်ဦးကို အမှုဖွင့်ထားပါတယ်”ဟု သထုံမြို့ မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာ၊ ဗုဒ္ဓသစ္စာရပ်ကွက်နေ ဦးဝင်းညွန့်(၅၁) နှစ် (ဘ) ဦးထွန်းမြိုင်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် တစ်ရွာတည်းနေလှထွန်း (နိဗ္ဗာန်ဆော်)၊ အောင်မြတ်စိုး (လူပျိုခေါင်း)၊ ဝင်းဗိုလ် (ခွန်တန် (ခ) ဇာတ်လိုက်၏ ညာလက်ရုံး) တို့ ရောက်ရှိလာပြီး လှထွန်းက “ခင်ဗျားထီ ပေါက်ပြီ။ ခွန်တန် (ခ) ဇာတ်လိုက်က ခင်ဗျား သမီး မ . . . . ကို လက်ချည် (လက်ထပ်) မယ်” ဟု ပြောဆိုရာသမီးမှာ ကျောင်းသူ အသက် (၁၅) နှစ်ပဲ ရှိသေးသည့်အတွက် လက်မခံနိုင်ကြောင်း ဦးဝင်းညွန့်က ပြန်လည်ပြောဆိုရာ ၎င်းတို့မှာ အိမ်ပေါ်မှ ဆင်းသွားကြပြီး နောက်နေ့နံနက်တွင် သမီး မ . . . . မှာပအိုဝ်းဗုဒ္ဓဘာသာ စာသင်ကျောင်းသို့ တက်ရန်နှင့် သူငယ်ချင်းအိမ်တွင် အိပ်ရင်း စာကျက်မည်ဟုပြောကာ ထွက်သွားခဲ့ရာ နောက်သုံးရက်အကြာတွင် သားဖြစ်သူကျော် ဇေယျက အစ်မဖြစ်သူ မ . . . . မှာ ကျောင်းမတက်ကြောင်း ပြောပြ၍ စုံစမ်းခဲ့ရာ ခွန်တန် (ခ) ဇာတ်လိုက်၏ ယခင်ဘဝမှ ဖခင်တော်စပ်သူဟု ရွာမှယုံကြည်လက်ခံထားသူ သန်းလေး၏ အိမ်တွင် မ . . . .  အား ခွန်တန် (ခ) ဇာတ်လိုက်က ခေါ်ယူထားကြောင်း သိရှိရသဖြင့် နိဗ္ဗာန်ဆော် လှထွန်း၏ နေအိမ်သို့ သွားရောက်ကာ သမီးနှင့် ခွန်တန် (ခ) ဇာတ်လိုက်အား သဘောမတူကြောင်း၊ သမီးဖြစ်သူမှာ ငယ်သေးသည့်အတွက် အိမ်ပြန်ပို့ပေးပါရန် ပြောဆိုရာ လှထွန်းက နောက်နေ့တွင် ပို့ပေးပါမည်ဟုပြော၍ နေအိမ်သို့ပြန်လာခဲ့သော်လည်း ပြန်လည်ပို့အပ်ခြင်းမရှိ၍ ဇရစ်ချောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထံ သွားရောက်အကြောင်းကြားခဲ့ပြီး ဦးဝင်းညွန့်က အဖြစ်အပျက်အား သွားရောက်ရှင်းပြခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ယခင်နှစ်ကလည်း ၎င်းထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေစဉ် သမီးကြီးဖြစ်သူ မ . . . .  အား ခွန်တန် (ခ) ဇာတ်လိုက်မှ လက်ချည်ခဲ့ပြီးပြီ ယခုလည်း အငယ်မကို လက်ချည်ပြန်ပြီဟု ပြောပြမှသာ သိရှိရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန့်ဇင်က ဦးဝင်းညွန့်ရှေ့တွင် လှထွန်းအားခေါ်ယူကာ မိဘသဘော မတူ၊   အရွယ်မရောက်သေးသည့် မိန်းကလေးအား အဓမ္မဘာ့ကြောင့် ဆောင်ရွက်သလဲဟု မေမြန်းရာ လှထွန်းက ခွန်တန် (ခ) ဇာတ်လိုက်၏ ယခင်ဘဝမှ ဖခင်တော်စပ်သည့် သန်းလေးမှခိုင်းလို့ လုပ်ရကြောင်း ပြောသဖြင့် အုပ်ချုပ်ရေးမှူးက သန်းလေးထံ ချက်ချင်းဖုန်းဆက်၍ ခေါ်သဖြင့် ရောက်ရှိလာခဲ့ရာ ဦးသန့်ဇင်က ဖခင်သဘောမတူကြောင်း၊ ချက်ချင်းပြန်ပို့ပေးရန် ပြေဆိုရာမှ ယင်းနေ့ည ၉ နာရီ ၁၅ မိနစ်တွင် သန်းလေး၊ ခွန်တန် (ခ) ဇာတ်လိုက်၏ ယာဉ်မောင်း မောင်ခင်၊ လှထွန်း၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီးဆိုသူတို့က နေအိမ်သို့ လာရောက်ပို့အပ်ချိန်တွင် သန်းလေးက ဦးဝင်းညွန့်အား ဘုရားဝင်းအတွင်း နေထိုင်ပြီး ဘုရားစိတ်ဓာတ်  မရှိဘူးဟု ပြောဆိုသည့်အပြင် သမီးဖြစ်သူ မ . . . . နှင့် ဇနီးဖြစ်သူ ဒေါ်အေးဝင်းတို့က သဘောတူပါက ခင်ဗျားအနေနဲ့ သဘောတူရမယ်။ မနက်ဖြန် ၈နာရီ အကြောင်းပြန်ကြား ရန်ပြောဆိုလာသဖြင့် ဦးဝင်းညွန့်က မနက် မဟုတ်ဘူး။ အခုပဲ အကြောင်းပြန်မယ်။ လုံး၀ (လုံးဝ) သဘောမတူဘူး။ လက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသားပြောဆိုကာ ခင်ဗျားတို့ ပြန်တော့ဟု မောင်းထုတ်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

နောက်နေ့နံနက် ၇ နာရီခန့်တွင် သမီးဖြစ်သူ မ . . . . မှာ ဗုဒ္ဓဘာသာစာပေ သင်ကြားရန် ကျောင်းသို့ ထွက်သွားခဲ့ရာမှ နောက်နေ့အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာခွန်တန် (ခ) ဇာတ်လိုက်က     မ . . . . အား ၎င်း၏ ယာဉ်မောင်းမောင်ခင် မောင်းနှင်သည့် ယာဉ်ဖြင့် တောင်ကြီးမြို့သို့ ခေါ်သွားကြောင်း၊ ရက် ၂၀ ခန့်အကြာတွင် ခွန်တန် (ခ) ဇာတ်လိုက်နှင့်သမီးဖြစ်သူ   မ . . .  . တို့ ရွာသို့ ပြန်လည်ရောက်ရှိလာကာ လှထွန်းနှင့် ရွာသား ၁၀ ဦးခန့်က နေအိမ်သို့ ရောက်ရှိလာပြီး လက်ချည်ပွဲပြုလုပ်ရန် ပြောဆိုလာသဖြင့် ဦးဝင်းညွန့်က ခွင့်မပြုလိုသော်လည်း မတတ်သာ၍ လက်ထပ်ပွဲခွင့်ပြုပေးခဲ့ရပြီး လက်ထပ်ပြီးနောက် တစ်လခန့်အကြာတွင် သမီးဖြစ်သူ မ . . . . အား နေအိမ်တွင် မရှိခိုက် ပြန်ပို့ပေးခဲ့သဖြင့် အရွယ်မရောက်သေးသူ မ . . . . အား ခိုးယူသွားသူ ခွန်တန် (ခ) ဇာတ်လိုက်နှင့် လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီးနှင့် မောင်ခင်တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးပါရန် ဦးဝင်းညွန့်က တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး ခွန်တန် (ခ) ဇာတ်လိုက်ပါ ခုနစ်ဦးအပေါ် သထုံမြို့မရဲစခန်းက (ပ) ၈၈၉/ ၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၆၃/ ၃၆၆/ ၁၁၄ အရအမှု ဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent