ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ဆန္ဒမထုတ်ဖော်မီ ပုဒ်မ ၅၀၅ (ခ) ဖြင့်ဖမ်းဆီးခံရသည့် မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး ချုပ်ရမန်ယူ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ဆန္ဒမထုတ်ဖော်မီ ပုဒ်မ ၅၀၅ (ခ) ဖြင့်ဖမ်းဆီးခံရသည့် မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး ချုပ်ရမန်ယူ
Published 25 October 2017

မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ်တရားရုံး ရုံးထုတ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ဆန္ဒမထုတ်ဖော်မီ ပုဒ်မ ၅၀၅ (ခ) ဖြင့်ဖမ်းဆီးခံရသည့် မိုက်ကယ်ကျော်မြင့်အား အောက်တိုဘာ ၂၄ ရက်နံနက်က တာမွေမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။

ထိုနေ့ရုံးချိန်းတွင် မိုက်ကယ်ကျော်မြင့်အား မြို့နယ်တရားသူကြီး တရားခွင်၌ ချုပ်ရမန်ယူခဲ့ပြီး ရုံးချိန်းကို နိုဝင်ဘာ ၁ ရက်သို့ ပြန်လည်ချိန်းဆိုကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်သည် ပြီးခဲ့တဲ့ ဇွန် ၂ ရက်က တာမွေမြို့နယ်ရှိ ဟစ်တိုင်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သော အကြောင်းအရာများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အများပြည်သူ အကြည်ညိုပျက်စေရန်အကြံဖြင့် မမှန်မကန် ကောလာဟလဖြန့်ဝေပြီး ပြည်သူလူထုက အစိုးရအဖွဲ့အပေါ် ပြစ်မှုကျူးလွန်ချင်လာအောင် မဟုတ်မမှန်လုပ်ကြံ ကောလာဟလဖြန့်ဝေသည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်း၏ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍ တာမွေမြို့နယ်တရားသူကြီးက ရာကြီးအမှတ် ၇၃၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့်လက်ခံခဲ့ပြီး မိုက်ကယ်ကျော်မြင့်အား ခံဝန်မဲ့ဖြင့် ဖမ်းဝရမ်းထုတ်ဆင့်ပေးခဲ့ကြောင်း တာမွေမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံရသည့် မိုက်ကယ်ကျော်မြင့်အား တရားခွင်အတွင်း ချုပ်ရက်ရမန်ရယူစဉ် မိုက်ကယ်ကျော်မြင့်ကို ဖမ်းဆီးစဉ်က ဖမ်းဝရမ်း၌ ဖခင်၏အမည်မှားယွင်းနေသည့်အတွက် မိုက်ကယ်ကျော်မြင့်က မိမိကိုမတရားဖမ်းဆီးခြင်းဖြစ်ကြောင်း၊ လက်ထိတ်ဖြုတ်လွှတ်ပေးရန် ပြောဆိုသဖြင့် တာဝန်ရှိသူများက လက်ထိတ်ဖြုတ်ပေးခဲ့ရကြောင်း သိရသည်။

ထို့နောက်တရားရုံးက ချုပ်ရက်ရမန်တွင် မိုက်ကယ်ကျော်မြင့်၏ ဖခင်အမည်မှန်ကို ပြန်လည်ပြင်ဆင်ပေးခဲ့ပြီးနောက် ပြန်လည်အဖမ်းခံခဲ့ကြောင်း သိရသည်။

“အကြိမ်ကြိမ်အချုပ်နှောင်ခံရတယ်။ ကျွန်တော်ဒီနေ့ အဖမ်းခံရတဲ့နေ့ကစပြီးတော့ ထမင်းမစားဘဲ အစာငတ်ခံဆန္ဒပြမယ်။ အမှန်တရားကို ဖော်ထုတ်ချပြပိုင်ခွင့်ကိုရအောင် တောင်းဆိုမယ်” ဟု မိုက်ကယ်ကျော်မြင့်က ပြောကြားသည်။

မိုက်ကယ်ကျော်မြင့်သည် အောက်တိုဘာ ၂၄ ရက်တွင် တာမွေမြို့နယ် ကျိုက္ကစံကွင်းအတွင်းရှိ ဟစ်တိုင်၌ အင်အား ၅၀၀ ခန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တင်ထားပြီး ယင်းသို့ ဆန္ဒထုတ်ဖော်မှု မပြုလုပ်မီတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ဆန္ဒပြပွဲကို မဖြစ်အောင်ကြိုတင်ပြီးတော့ လုပ်လိုက်တယ်လို့ထင်ပါတယ်။ သူတို့က အာဏာနဲ့လုပ်ပိုင်ခွင့်ရှိတာဆိုတော့ ပြည်သူကို အမှန်တရားချပြမယ်ဆိုတဲ့ဟာကို မူတည်ပြီးတော့ ချပြခွင့်မပေးတာပေါ့။ အစ်မတို့အနေနဲ့ကတော့ အမှန်တရားကို ပြည်သူတွေကို ချပြခွင့်မပေးချင်လို့ လိုက်ပိတ်ပင်တယ်လို့ပဲ ထင်ပါတယ်” ဟု မိုက်ကယ်ကျော်မြင့်၏ဇနီး ဒေါ်အေးအေးသင်းက ပြောကြားသည်။

မိုက်ကယ်ကျော်မြင့်သည် ပြီးခဲ့သည့် ဇွန် ၂ ရက်က တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ဟစ်တိုင်အနီးတွင် ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်းအပိုင်း (၂) အကောင်အထည်ဖော်နေသည့် မြေယာကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းဆိုသူက ငွေကြေးများ လာဘ်ယူခဲ့သည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်က သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲကို ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ရှင်းလင်းမည်ဟု ကြေညာထားသော်လည်း ရှင်းလင်းခွင့်မရရှိခဲ့ကြောင်း၊ ထို့ကြောင့် ယုဇနဟိုတယ်သို့ ပြောင်းရွှေ့၍ သတင်းစာရှင်းလင်းရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့သဖြင့် တာမွေမြို့နယ်၊ ကျိုက္ကစံကွင်းအတွင်းရှိ ဟစ်တိုင်အနီးတွင် သတင်းစာရှင်းလင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ သတင်းစာရှင်းလင်းမှုနှင့် ပတ်သက်၍ တာမွေမြို့မရဲစခန်းတွင် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရပြီးလက်ရှိတွင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် အသရေပျက်စေရန် ပြီးခဲ့သည့်မေအတွင်းက မိုက်ကယ်ကျော်မြင့်က ၎င်း၏ Facebook တွင်ရေးသားခြင်း၊ မမှန်စွပ်စွဲခြင်းများပြုလုပ်သည်ဟု မိုက်ကယ်ကျော်မြင့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုပြုလုပ်၍ ဒဂုံမြိုု့နယ်တရားရုံး၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ဇွန်လအတွင်းက တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ မိုက်ကယ်ကျော်မြင့်အား အောက်တိုဘာ ၁၁ ရက်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၂၁၁ တို့ဖြင့် စွဲချက်တင်ကြောင်း ဒဂုံမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက မိုက်ကယ်ကျော်မြင့်သည် ယခင်ကပြစ်မှုများရှိခဲ့သူတစ်ဦးဖြစ်ပြီး ထောင်မှလွတ်မြောက်လာသူတစ်ဦးဖြစ်သဖြင့် ပြင်ပတွင်ရှိနေပါက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သည့် အပြုအမူများ ဆက်လက်ကျူးလွန်နိုင်သည်ဟုဆိုကာ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁)(စ)(ဆ)ဖြင့် အရေးယူပေးရန် မြောက်ဒဂုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် မြောက်ဒဂုံမြို့မရဲစခန်းက ဖမ်းဆီးပြီး အမှုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရိုက်တာသတင်းဌာနက YBS နှင့်ပတ်သက်သည့် သတင်းဆောင်းပါးရေးသားမှုကို အရေးယူပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် သတင်းမီဒီယာကောင်စီသို့ တိုင်ကြားစာပေးပို့ခဲ့သည်။

အဆိုပါတိုင်ကြားစာတွင် ခေါင်းစဉ်လွဲနေခြင်းနှင့် မည်သည့်အကြောင်းအရာတိုင်သည်ကို ရှင်းရှင်းလင်းလင်း မဖော်ပြထားကြောင်းသိရပြီး တိုင်ကြားစာအား သတင်းမီဒီယာဥပဒေတွင်ပါသည့် တိုင်စာပုံစံ (ခ) အတိုင်း ပြန်လည်တိုင်ကြားရန် မြန်မာသတင်းမီဒီယာကောင်စီက ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ အကြောင်းပြန်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဘက်မှ ပြန်လည်အကြောင်းမပြန်သည့်အတွက် တိုင်ကြားမှုကို သတင်းမီဒီယာကောင်စီက ရပ်စဲထားကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက စက်တင်ဘာ ၃ ရက်က ပြောကြားထားသည်။

Most Read

Most Recent