မြိတ်မြို့ ကန်ဖျားနယ်မြေရှိ KBZ မီနီဘဏ်တွင် လူတစ်ဦးက ဘဏ်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်ပြီး ငွေလုယက်မှုဖြစ်ပွား

မြိတ်မြို့ ကန်ဖျားနယ်မြေရှိ KBZ မီနီဘဏ်တွင် လူတစ်ဦးက ဘဏ်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်ပြီး ငွေလုယက်မှုဖြစ်ပွား
Published 24 October 2017

(ဓာတ်ပုံ - ဇော်မိုးဦး(မြိတ်))

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားနယ်မြေရှိ KBZ မီနီဘဏ်တွင် အောက်တိုဘာ ၂၄ ရက်မွန်းလွဲ ၂ နာရီမိနစ်၂၀ ခန့်တွင် သေနတ်ပြခြိမ်းခြောက်ပြီး ငွေတောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြိတ်မြို့ ကန်ဖျားနယ်မြေ ကန်ဖျားလမ်းမကြီးတွင်ရှိသော ကမ္ဘောဇမီနီဘဏ်သို့ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် အမည်မသိလူတစ်ဦး ဝင်ရောက်လာကာ ဘဏ်ဝန်ထမ်းများအား သေနတ်ပြပြီးခြိမ်းခြောက် ငွေတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ပြ ခြိမ်းခြောက်ငွေတောင်းသူမှာ ကန်ဖျားလမ်းဆုံမှ ကန်ဖျားပိတောက်ပင် လမ်းဆုံဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ဆိုင်ကယ်ဦးထုပ်ကို အလုံပိတ်ဆောင်းထားကာ ဘဏ်အတွင်းဝင်လာကာငွေများ ခြိမ်းခြောက် တောင်းယူသွားခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်မြို့ ကမ်းဖျားနယ်မြေရှိ KBZ မီနီဘဏ်တွင် သေနတ်ပြခြိမ်းခြောက်ပြီး ငွေလုယူသူအား CCTV မှတ်တမ်း၌ တွေ့ရစဉ်

“ကျွန်တော်တို့ အခုအမှုကိုစစ်ဆေးတုန်းပါ။ တရားခံကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ အမှုကတော့ ခြိမ်းခြောက်ငွေတောင်းမှုပေါ့။ တစ်ဦးတည်းလာပြီး သေနတ်အတိုတစ်လက်နဲ့ချိန်ပြီး ဘဏ်ကောင်တာမှာ ငွေတွေယူသွားတာပါ။ အခုလုံခြုံရေးကင်မရာမှာ စစ်ဆေးပြီး တရားခံဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ ဓားပြမှုမဟုတ်ပါဘူး” ဟု မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းက ပြောကြားသည်။

သေနတ်ပြ ခြိမ်းခြောက်ငွေတောင်းသူမှာ မြိတ်စကား (ဘိတ်အသံ) ဖြင့်ပြောဆိုနေပြီး ငွေထုပ်ရသည်နှင့် ထွက်ပြေးသွားကာ ငွေကျပ်သိန်း ၂၇၀ ခန့်ယူဆောင်သွားကြောင်း သိရသည်။

“ငွေကျပ်သိန်း ၂၇၀ လောက်ပါသွားတယ်။ ဘဏ်ဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေဖမ်းမိဖို့ ကြိုးစားပေမယ့် လွတ်မြောက်သွားပါတယ်။ လူသုံးဦး၊ ငါးဦး စသဖြင့် ဒီလိုပြစ်မှုမျိုးကျူးလွန်ရင် ဓားပြမှုအနုကြမ်းစီးမှုဖြစ်ပါတယ်။ အခုက တစ်ဦးတည်းလာပြီး သေနတ်ပြခြိမ်းခြောက်တယ်။ နောက်ပြီး ငွေကိုအိတ်ထဲထည့်ခိုင်းပြီး ထွက်ပြေးသွားတာပါ။ အခုခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ရဲတပ်ဖွဲ့ဦးဆောင်မှုနဲ့ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်” ဟု မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး “Customer ကောင်တာပေါ်တင်ထားတဲ့ ငွေထုပ်ကို သေနတ်အတိုနဲ့ပြပြီး လုယက်သွားတာပါ။ ငွေပမာဏကိုတော့ စိစစ်တွက်ချက်နေပါတယ်။ အမှုလည်းဖွင့်ထားပါတယ်။ ဘဏ်လုပ်ငန်းတွေကတော့ ပုံမှန်အတိုင်း ဆက်လုပ်နေပါတယ်” ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာဦးညိုမြင့်က Eleven Media Group သို့ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ အမှုဖွင့်ဆောင်ရွက်နေသော်လည်း ပုဒ်မနံပါတ်နှင့် ပြစ်မှုပုဒ်မများကို ထုတ်ပြန်ပေးခြင်းမရှိသေးကြောင်း သိရသည်။ မြိတ်မြို့တွင် ယခုကဲ့သို့ ဘဏ်သို့ဝင်ရောက်ပြီး သေနတ်ပြလုယက်သည့် ဖြစ်စဉ်မျိုးမဖြစ်ဖူးဘဲ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

 

Most Read

Most Recent