လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များက ဘက်ပေါင်းစုံမှ ပြန်လည်စဉ်းစားသုံးသပ်ရန် ဆွေးနွေး

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များက ဘက်ပေါင်းစုံမှ ပြန်လည်စဉ်းစားသုံးသပ်ရန် ဆွေးနွေး
Published 24 October 2017

အောက်တိုဘာ ၂၃ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ်အား ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်တွင် အောက်တိုဘာ ၂၃ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်မည့် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တို့က ဘက်ပေါင်းစုံမှ ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း ဆွေးနွေးအကြံပြုခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံအကြံပြု ဆွေးနွေးခဲ့ကြသည်။

အစိုးရတစ်ရပ်၏ ဘဏ္ဍာနှစ်သတ်မှတ်မှုကို လေ့လာရာမှာ သမိုင်းကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အများပြည်သူရုံးပိတ်ရက်၊ ရာသီဥတု အခြေအနေများအပြင် အခြားသော အမျိုးသားအကျိုးစီးပွားဆိုင်ရာ အဆောက်အအုံများနှင့် လုပ်ငန်းစဉ်များက လွှမ်းမိုးလျက်ရှိကြောင်း၊ လွှတ်တော်မှ ဘတ်ဂျက်အား ထိန်းညှိစောင့်ကြည့်ရန် အချိန်ကာလလုံလောက်ရန် လိုအပ်သဖြင့် အစိုးရတစ်ရပ်၏ ဘဏ္ဍာနှစ်သည် လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့်လည်း ကိုက်ညီရန်လိုအပ်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုးက ဆွေးနွေးပြောကြားသည်။

“၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတည်ပြုပြီး သုံးစွဲခွင့်ရငွေ စုစုပေါင်း ၂၁၅၅၀ ဒသမ ၈၁ ကျပ်ဘီလျံရှိပြီး ဝန်ကြီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် လျာထားခွင့်ပြုငွေမှာ ၁၆၃၅ ဒသမ ၇၉၃ ကျပ်ဘီလျံဖြစ်သည့်အတွက် ဘတ်ဂျက်ခွင့်ပြုငွေ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းသာရှိပြီး တည်ဆောက်ရေး လုပ်ငန်းအများစုကို ကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဘတ်ဂျက်၏ ၉၂ ဒသမ ၄ ရာခိုင်နှုန်းကို အခြားကဏ္ဍများတွင် အသုံးပြုနေသည့်အတွက် တည်ဆောက်ရေးကို အကြောင်းပြုပြီး ဘတ်ဂျက်ကာလ ပြောင်းလဲလိုခြင်းမှာ ဆီလျော်မှုမရှိကြောင်း တွေ့ရှိရသည့်အတွက်ကြောင့် ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း အကြံပြုလိုပါတယ်” ဟု ဗိုလ်မှူးသောင်းထိုက်စိုးက ဆွေးနွေးသည်။

ထို့ပြင် ၎င်းကလွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အမေရိကန်၊ နယူးဇီလန်၊ ဖီဂျီ၊ တီမောလက်စ်တေ စသည့် နိုင်ငံအနည်းငယ်သာ ဘဏ္ဍာနှစ်ကို ပြောင်းလဲခဲ့ကြကြောင်း၊ ဘဏ္ဍာနှစ် ပြောင်းလဲရခြင်းကြောင့် ဘတ်ဂျက်ဆိုင်ရာလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးအတွက် ကုန်ကျစရိတ်များရှိခြင်း၊ စာရင်းအင်း စနစ်ပြောင်းလဲရခြင်း၊ ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအား ဘဏ္ဍာနှင့်ပတ်သက်သည့် သင်တန်းများ၊ စာရင်းစစ်သင်တန်းများ၊ ဘတ်ဂျက်ပြင်ဆင်ခြင်းနှင့် ရေးဆွဲခြင်းဆိုင်ရာ သင်တန်းများပို့ချရခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် အထက်ပါအချက်များနှင့် ပတ်သက်၍ အသင့်ဖြစ်ပြီလားဟု မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်သည့်ကိစ္စအား နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများနှင့်ဆက်နွှယ်နေပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားဖြစ်သည့်အတွက် အဆောတလျင် အတည်မပြုသင့်ပါကြောင်းနှင့် ဘက်ပေါင်းစုံမှ ပြန်လည်စဉ်းစား သုံးသပ်သင့်ပါကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုးက ဆွေးနွေးသည်။

ထို့အတူ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သောင်းစိန်က ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၂၇ နိုင်ငံရှိသည့်အနက် ယခု ပြင်ဆင်သတ်မှတ်လိုသည့် ဘဏ္ဍာနှစ်ကျင့်သုံးသည့် နိုင်ငံမှာ ၁၂ နိုင်ငံ ရာခိုင်နှုန်းအားဖြင့် ၅ ဒသမ ၂၈ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရသဖြင့် ၎င်းဘဏ္ဍာနှစ်ကို ကျင့်သုံးသည့်နိုင်ငံ အနည်းဆုံးဖြစ်ကြောင်းတွေ့ရပြီး ထို့ကြောင့်ပြန်လည်ဆန်းစစ်ရန် လိုအပ်ကြောင်း ဆွေးနွေးအကြံပြုသည်။

“မြန်မာနိုင်ငံ၏ ပြည်ပချေးငွေမှာ ၃၁- ၃-၂၀၁၇ ရက်အထိ ပြည်ပကြွေးမြီလက်ကျန် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၅၃၀ ဒသမ ၂၅၂ သန်းရှိသည့်အနက် မိမိနိုင်ငံ လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ်နှင့် ကိုက်ညီသည့် ဂျပန်နှင့်အိန္ဒိယအား ပေးဆပ်ရန် ကြွေးမြီ ၂၁၈၂ ဒသမ ၄၁၂ သန်း၊ ပြောင်းလဲကျင့်သုံးလိုသည့် ဘဏ္ဍာနှစ်နှင့်ကိုက်ညီသည့် ထိုင်းနိုင်ငံအားပေးဆပ်ရန် ကြွေးမြီ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၉၀၇ သန်းရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ကြွေးမြီပေးရန်များသော နိုင်ငံများ၏ ဘဏ္ဍာနှစ်နှင့် အချိန်ကိုက်ညှိ၍ ဆက်လက်ကျင့်သုံးသင့်ကြောင်း အကြံပြုလိုပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး သောင်းစိန်က ဆွေးနွေးအကြံပြုသည်။

ထို့ပြင် ဘတ်ဂျက်ကာလ ပြောင်းလဲပြင်ဆင်သတ်မှတ်ပါက အစိုးရတစ်ရပ်အနေဖြင့် ဒုတိယသက်တမ်းကာလကို ဆက်လက်တာဝန်ထမ်းဆောင်ရလျှင် အခက်အခဲမရှိနိုင်သော်လည်း အစိုးရအသစ်တစ်ခုတက်လာပါက ယခင်အစိုးရ ရေးဆွဲအတည်ပြုထားသည့် ဘတ်ဂျက်ကိုပြင်ဆင်ခြင်း၊ ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်းပြုလုပ်လာပါက လက်ရှိအစိုးရ လွှဲပြောင်းစဉ်ကထက်ပင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာလာနိုင်ကြောင်းကိုလည်း သုံးသပ်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အစိုးရအနေဖြင့် ဘဏ္ဍာနှစ်ပြောင်းလဲမှုကို ဆောင်ရွက်မည့်အစား အတည်ပြုထားသည့် စီမံကိန်းများအတွက် ခွင့်ပြုဘဏ္ဍာငွေများအတိုင်း မှန်ကန်စွာအသုံးပြုရေး၊ အရည်အသွေး ထိန်းညှိရေး၊ တင်ဒါ်ခေါ်ယူသည့်အပိုင်းတွင်လည်း ပွင့်လင်းမြင်သာမှုရှိပြီး အမြန်ဆုံး ရွေးချယ်အတည်ပြုနိုင်ရေး၊ ကုမ္ပဏီများသို့ ငွေထုတ်ပေးသည့်အပိုင်းတွင်လည်း ကြန့်ကြာမှုမရှိစေရေးတို့ကို စီမံဆောင်ရွက်သင့်ကြောင်း၊ ၄၃ နှစ်ကြာကျင့်သုံးခဲ့သည့် ဘဏ္ဍာနှစ်ကို မဖြစ်မနေ ပြောင်းလဲကျင့်သုံးမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနများဖြင့် လက်ရှိအသုံးပြုနေသည့် ဘဏ္ဍာနှစ်၏ အားသာချက်၊ အားနည်းချက်များကို သက်ဆိုင်သူများ၊ အဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူများဖြင့် အချိန်ယူဆွေးနွေး ဝိုင်းဝန်းအဖြေရှာပြီးမှသာ ဆောင်ရွက်သင့်ကြောင်း၊ ရေရှည်အသုံးပြုခဲ့သည့် စနစ်တစ်ခုကို အလောသုံးဆယ် ပြောင်းလဲရန်မသင့်ကြောင်း ဒုတိယဗိုလ်မှူးကြီး သောင်းစိန်က ဆွေးနွေးအကြံပြုသည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် စက်တင်ဘာ ၁၉ ရက်ကပြောခဲ့တဲ့ မိန့်ခွန်းမှာပါ။ ကျွန်မတို့အနေနဲ့ အများမျှော်လင့်ထားတဲ့အရာ လမ်းကိုကျော်လွှားနိုင်ဖို့ ၁၈ လဆိုတဲ့ အချိန်ကာလဟာ အင်မတန်တိုတောင်းတဲ့ ကာလဖြစ်တယ်လို့ တင်ပြထားတဲ့အတိုင်း အချိန်ကာလ တိုတောင်းသေးတဲ့အပြင် အစိုးရစတင်ဖွဲ့စည်းတုန်းကလည်း ဝန်ကြီးအရေအတွက်လျှော့ချပြီး ဝန်ကြီးဌာနအချို့ ပေါင်းစည်းဖွဲ့စည်းလိုက်တဲ့အတွက် လုပ်ငန်းအသီးသီးရဲ့ အခြေအနေမှန်ကိုသိရှိဖို့အတွက် ခက်ခဲပါတယ်။ ပြည်သူတွေအနေနဲ့လည်း ငွေကြေးအကျပ်အတည်း၊ အလုပ်အကိုင်အခက်အခဲ၊ ရာသီဥတုဖောက်ပြန်မှုတွေ ကြုံတွေ့နေရတဲ့အတွက် အခုချိန်မှာ နိုင်ငံတော်ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်းကို မသင့်သေးဘူးလို့ ဆိုလိုပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆွေးနွေးသည်။

ယခုဘတ်ဂျက်၏ အားနည်းချက်များမှာ ဘဏ္ဍာနှစ်စတင်ချိန်တွင် ပိတ်ရက်များနှင့် တိုက်ဆိုင်နေခြင်း၊ နိုင်ငံ၏ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း မိုးကုန်မှ ဆောင်ရွက်ရခြင်း၊ နောက်တက်လာမည့်အစိုးရအတွက် လက်ရှိအစိုးရမှ ဘတ်ဂျက်ရေးဆွဲပေးရခြင်း တို့ရှိကြောင်း၊ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲလိုက်ပါက အားသာချက်များအနေဖြင့် ပွင့်လင်းရာသီတွင် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျအချိန်ယူပြီး လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် ဘဏ္ဍာနှစ်ကို ပြောင်းလဲသတ်မှတ်လိုက်ပါက ၂၀၁၅ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ဘတ်ဂျက်ရေးဆွဲတင်ပြရမည့် ဇယားများနှင့်ကိုက်ညီမှုမရှိတော့ဘဲ ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ပြည်ပချေးငွေယူထားသည့် နိုင်ငံများနှင့်လည်း ပြန်လည်ညှိနှိုင်းရမည်ဖြစ်ကြောင်း၊ အခက်အခဲပေါင်းများစွာကို ဖြေရှင်းကျော်လွှားရမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ဆွေးနွေးပြောကြားသည်။

ထို့ပြင် လက်ရှိတွင် ဘတ်ဂျက်နှစ်ကုန်ရန် ငါးလသာကျန်တော့ကြောင်း၊ ပုဏ္ဏားကျွန်း အပါအဝင် ရခိုင်ပြည်နယ်တွင် တည်ဆောက်ရေးလုပ်ငန်းအများစုမှာ ယခုတောင်စတင် မလုပ်ကိုင်ရသေးကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စီမံခန့်ခွဲမှုမှာ အလွန်အားနည်းနေကြောင်း ဦးဦးထွန်းမောင်က ထောက်ပြဆွေးနွေးသည်။

“ယခုကျင့်သုံးနေတဲ့ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်မယ်ဆိုပါက အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှား၍ အောင်မြင်စွာဆောင်ရွက်နိုင်မှာမဟုတ်ဟု ယူဆမိပါ၍ ဘဏ္ဍာနှစ်ပြောင်းလဲမည့်ကိစ္စကို ပြန်လည်စဉ်းစားသင့်ပါကြောင်း ဆွေးနွေးလိုက်ရပါတယ်” ဟု ဦးဦးထွန်းမောင်က ဆက်လက်ဆွေးနွေးသည်။

ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက “ဘတ်ဂျက်နှစ်ပြောင်းလိုက်ရင် အရင်အစိုးရဆွဲထားတဲ့ ဘတ်ဂျက်နှစ်ရဲ့ ခြောက်လစာကို နောက်အစိုးရက ဆက်ကိုင်ရလို့ အခက်တွေ့စေတယ်ဆိုတဲ့ကိစ္စကိုလည်း ဖြည့်စွက်ဆွေးနွေးလိုပါတယ်။ လက်ရှိအစိုးရဟာ ယခင်အစိုးရဆွဲခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်နှစ် တစ်နှစ်စာလုံးကိုကိုင်ပြီး လုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါတင်မက ဝန်ကြီးဌာန ၃၈ ခုကနေ ၂၂ ခုကိုလည်း ပြောင်းခဲ့ရပါသေးတယ်။ အရင်အစိုးရဘတ်ဂျက်ကို တစ်နှစ်စာလုပ်ပေးရလို့ အခက်တွေ့တယ်ဆိုပြီး ညည်းညူသံလည်း မကြားရပါဘူး။ တကယ်ဆို ဘတ်ဂျက်နှစ်အသစ်က ခြောက်လစာပဲဆိုတော့ပိုတောင် ထိန်းညှိမှုရှိတဲ့အပြင် သက်သာဦးမှာဖြစ်ပါတယ်။ ကိုယ့်ဘတ်ဂျက်ကိုယ်ဆွဲဖို့ ကျွန်တော်တို့လို တစ်နှစ်လည်း စောင့်စရာမလိုတော့ပါဘူး။ ဒါကြောင့် အားလုံးကို ခြုံငုံသုံးသပ်ရရင် ဘတ်ဂျက်နှစ် ပြောင်းလဲသတ်မှတ်ခြင်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် အားသာချက်ပိုများတာ တွေ့ရပါတယ်။ ပြဿနာဆိုတာ ကြောက်ရမယ့်အရာမဟုတ်ဘဲ ဖြေရှင်းရမယ့်အရာသာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့ ဘတ်ဂျက်လေလွင့်မှုပြဿနာကို အပြီးတိုင်ဖြေရှင်းနိုင်လိမ့်မှာ မဟုတ်ဘူး။ အစိုးရယန္တရားအဆင့်ဆင့်က တစ်ပါတည်း လိုက်ပါတာထွက်နိုင်အောင် ပြင်ဆင်ထားကြဖို့လည်း အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ကာလတွေလိုပဲ လုပ်ဆောင်ချက်တွေ နှေးကွေးနေရင်တော့ ဘာမှထူးလာမှာမဟုတ်ပါဘူး။ ဒီအပြင် လုပ်ထုံးလုပ်နည်းတွေ စနစ်ကျမှန်ကန်ဖို့နဲ့ အကျင့်ပျက်မှုတွေ ကာကွယ်ထိန်းညှိနိုင်ဖို့ စတာတွေဟာလည်းပဲ လိုအပ်နေဆဲပဲဆိုတာ တင်ပြရင်း ဘတ်ဂျက်နှစ် ပြောင်းလဲရန်ကိစ္စအပေါ် ထောက်ခံဆွေးနွေးလိုက်ရပါတယ်” ဟုဆွေးနွေးသည်။

မြန်မာနိုင်ငံနှင့် ရာသီဥတုအနီးကပ်ဆုံး တူညီနေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနှင့် လာအိုတို့တွင် ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် မိုးရွာသွန်းမှုများကြောင့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဇွန်လမှ နိုဝင်ဘာလအထိ လုပ်ငန်းများ ရပ်ဆိုင်းထားစရာမလိုဘဲ လုပ်ငန်းများနှောင့်နှေးမှုမရှိဘဲ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ဆွေးနွေးပြောကြားသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်သတ်မှတ်ခဲ့သည့် သမိုင်းကြောင်းကိုလေ့လာပါက ဒုတိယကမ္ဘာစစ်မတိုင်မီက ဘဏ္ဍာနှစ်သည် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာနိုင်ငံအား ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်သည့် ၁၉၄၅ ခုနှစ်မှ လွတ်လပ်ရေးရရှိသည့်အချိန်အထိ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍လည်း ၁၉၇၃ ခုနှစ်အထိ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိကိုသာ ဘဏ္ဍာနှစ်အဖြစ် ဆက်လက်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော်ကာလတွင် ဘဏ္ဍာနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိသို့ ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်ပြောင်းလဲ ပြင်ဆင်သတ်မှတ်မည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်နိုင်မည့်ရက်ကို ကြိုတင်အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။

Most Read

Most Recent