မောင်တောနယ်စပ်တွင် တောဝက်ရှာဖွေနေသည့် ဒိုင်းနက်လူမျိုး လေးဦးအား ဘင်္ဂါလီအကြမ်းဖက်သမားများက ပစ်ခတ်သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

မောင်တောနယ်စပ်တွင် တောဝက်ရှာဖွေနေသည့် ဒိုင်းနက်လူမျိုး လေးဦးအား ဘင်္ဂါလီအကြမ်းဖက်သမားများက ပစ်ခတ်သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
Published 24 October 2017

မောင်တောနယ်စပ်တွင် တောဝက်အား ခြေရာခံလိုက်လံရှာဖွေနေသည့် ဒိုင်းနက်လူမျိုးလေးဦးအား ဘင်္ဂါလီအကြမ်းဖက်သမားများက ပစ်ခတ်သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးသေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒိုင်းနက်လူမျိုးများသည် မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေ ကျေးရွာသားများဖြစ်ပြီး တောထဲ၌ထောင်ထားသည့် ကိုင်းတွင်မိပြီး လွတ်မြောက်သွားသည့် တောဝက်အား ခြေရာခံလိုက်နေစဉ် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းကတောထဲ၌ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ထိပ်တိုက်တွေ့မိပြီး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ်မြောက်ပိုင်း ကာလာဒေးဖက်ကျေးရွာအုပ်စု အောင်သပြေရွာသားလေးဦးသည် အောက်တိုဘာ ၂၂ ရက် နံနက် ၆ နာရီအချိန်မှစ၍ တောဝက်၏ခြေရာကိုခံပြီး လိုက်လံရှာဖွေနေစဉ် ညနေ ၆ နာရီအချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၆-၄၇ တွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်နှင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ကာ အဆိုပါအကြမ်းဖက်ဘင်္ဂါလီအဖွဲ့မှ ပစ်ခတ်သဖြင့် ကျေးရွာသားနှစ်ဦးတွင် ဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ကျန်နှစ်ဦးမှာ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

ဒဏ်ရာဖြင့် လွတ်မြောက်လာသူ နှစ်ဦးသည် ည ၁၂ နာရီတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအား လာရောက်သတင်းပို့ခဲ့ကြောင်းနှင့် ကျန်ပျောက်ဆုံးနေသည့် ရွာသားနှစ်ဦးအား အောင်သပြေအခြေစိုက် လုံခြုံရေးတပ်ဖွဲ့များမှ လိုက်လံရှာဖွေခဲ့ရာ အောက်တိုဘာ ၂၃ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းနှစ်လောင်းအား မိုင်တိုင်အမှတ် ၄၆-၄၇ ကြားတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ ဦးတင်လှမောင် (ဘ) ဦးရီမောင် (၃၈ နှစ်) နှင့် ဦးမောင်ငယ်ထွန်း (ဘ) ဦးလိန်ဂျာ (၂၂ နှစ်) တို့ဖြစ်ကြောင်း အလောင်းအားကျေးရွာသို့ သယ်ဆောင်လာရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ဒဏ်ရာရှိခဲ့သူနှစ်ဦးဖြစ်သော ဦးမောင်ငယ်လှ (ဘ) ဦးလိန်ဂျာ (၃၀ နှစ်) ဒိုင်းနက်လူမျိုးတွင် ဝမ်းဗိုက်ရှပ်မှန် လက်နှစ်ဆစ်ခန့် သေနတ်ဒဏ်ရာ၊ ဦးရွှေသိန်းမောင် (ဘ) ဦးဆတ်မောင် (၃၀ နှစ်) ဒိုင်းနက်လူမျိုးတွင် ဦးခေါင်းရှပ်မှန် သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား အောင်သပြေဆေးရုံတွင် ခေတ္တဆေးကုသခံနေရာမှ အောက်တိုဘာ ၂၃ ရက်နံနက်ပိုင်းတွင် ကားဖြင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ညနေ ၄ နာရီတွင် ဆေးရုံသို့ရောက်ရှိကာ အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent