အမျိုးသားရင်ကြားစေ့ရေးဟုဆိုကာ အကျင့်ပျက်လာဘ်စားနေသူများကို ထိထိရောက်ရောက် အရေးမယူနိုင်မှုများ မဖြစ်သင့်တော့ကြောင်း NLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဝေဖန်

အမျိုးသားရင်ကြားစေ့ရေးဟုဆိုကာ အကျင့်ပျက်လာဘ်စားနေသူများကို ထိထိရောက်ရောက် အရေးမယူနိုင်မှုများ မဖြစ်သင့်တော့ကြောင်း NLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 24 October 2017

အမျိုးသားရင်ကြားစေ့ရေးဟုဆိုကာ အကျင့်ပျက်လာဘ်စားနေသူများကို ထိထိရောက်ရောက် အရေးမယူနိုင်မှုများ မဖြစ်သင့်တော့ကြောင်း NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က The Daily Eleven သို့ ပြောကြားသည်။

“အမျိုးသားရင်ကြားစေ့ရေးဆိုတာ ရင်ကြားစေ့ရေး ပေါ်လစီကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ရမယ်။ ရင်ကြားစေ့ရေးဆိုပြီး လာဘ်စားနေတာတွေကို ထိထိရောက်ရောက် အရေးမယူနိုင်တာမျိုး မဖြစ်သင့်ဘူးလေ။ အစိုးရယန္တရားကိုလည်း ပြောင်းနိုင်ရမယ်။ ဒီမိုကရေစီကို မသွားနိုင်တဲ့သူတွေ။ ဒါတွေကို ပြောင်းနိုင်ရမယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

အဂတိလိုက်စားမှုများကို တိုက်ဖျက်မည်ဟူသည့် ကြွေးကြော်သံဖြင့် အာဏာရလာခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်ရှိအချိန်အထိ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် အရေးမယူနိုင်သည့်အပြင် လူနည်းစုသာဖြစ်သော အစိုးရအဖွဲ့အတွက်သာ အာမခံချက်ပေးထားနိုင်ပြီး ဝန်ထမ်း ၁၄ သိန်းကျော်အတွင်း ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်သဖြင့် ဝေဖန်မှုများ တွေ့ကြုံနေသည်။ ထို့ပြင် ယခင်အစိုးရလက်ထက် သမ္မတသက်တမ်းအတိုင်းသာ သက်တမ်းရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရယူပြီး တစ်နှစ်ခွဲအချိန်အထိ ပြောင်းလဲဖွဲ့စည်းနိုင်ခြင်းမရှိသည့် အခြေအနေအပေါ် ဝေဖန်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် လာဘ်ပေးလာဘ်ယူသည့် ပုံစံများအနေဖြင့် လာဘ်မစားရဲသူက လာဘ်ယူမှုမရှိတော့သော်လည်း လာဘ်စားသူများက လုပ်ရကိုင်ရခက်ခဲသည်ဟုဆိုကာ ယခင်ထက် လာဘ်ငွေနှစ်ဆတောင်းခံသည့် တိတ်တဆိတ် လာဘ်ပေးလာဘ်ယူပုံစံသစ်နှင့် ကြုံတွေ့နေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက တညီတညွတ်ပြောကြားသည်။

“မှန်တယ်။ စပြီးတော့ အရေးယူတတ်ဖို့၊ အရေးယူပြဖို့တော့လိုပြီ။ Rules of Law ဆိုတာလည်းရှိတယ်။ ဒီစကားကလည်း NLD ပါတီရွေးကောက်ပွဲမဝင်ခင်က ပြောခဲ့တဲ့စကား။ လာဘ်ပေးလာဘ်ယူဆိုတာ လုံးဝကြီး ပျောက်ပျက်သွားဖို့မလွယ်ဘူး။ ဒါပေမဲ့ လျော့ကျသွားဖို့တော့လိုတယ်” ဟု NLD ပါတီ၏ စီးပွားရေးကော်မတီဝင် ဒေါက်တာ အောင်ကိုကိုက အကြံပြုသည်။

ထို့ပြင် ကြိုးနီစနစ်များ၊ တရားဥပဒေစိုးမိုးမှုမရှိသည့် နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်ဆိုင်ရသည့် နိုင်ငံရေးသမားများက အစိုးရအရာရှိများနှင့် ပူးပေါင်းပြီး ကိုယ်ကျိုးစီးပွားရှာသည့် Rank-Seeking များနှင့် Profit-Seeking များ လျော့ပါးအောင် လုပ်ဆောင်နိုင်လေ ကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိလေဖြစ်ကြောင်း ဒေါက်တာအောင်ကိုကိုက ဆက်လက်ပြောကြားသည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုသည် အာဆီယံတွင် ဒုတိယအဆိုးဆုံးဖြစ်ပြီး မြန်မာနိုင်ငံအောက် ကမ္ဘောဒီးယားနိုင်ငံသာရှိသည့်အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင်လည်း အဆင့် ၁၃၆ တွင်သာ ရပ်တည်နေသည်။

လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ စက်တင်ဘာလကုန်အထိ တိုင်ကြားစာ ၄၁၃၅ ကျော်ရောက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးတိုင်ကြားခဲ့သော်လည်း စုံစမ်းစစ်ဆေးမှု ၅၅ စောင်သာရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကော်မရှင်မှ လက်ခံရရှိသည့် တိုင်ကြားစာများတွင် ဌာနဆိုင်ရာကိစ္စ ၁၁၉၈ စောင်ဖြင့် အများဆုံးဖြစ်ပြီး မြေယာကိစ္စတိုင်ကြားစာ ၆၂၄ စောင်၊ စီမံခန့်ခွဲရေး/အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်ခြင်း တိုင်ကြားစာ ၈၇၂ စောင်နှင့် တရားစီရင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စတိုင်ကြားစာ ၆၁၁ စောင်ပါဝင်သည်။

အဆိုပါ တိုင်ကြားစာများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အရေးယူဆောင်ရွက်မှုမှာ စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်သည့် တိုင်ကြားစာ ၅၅ စောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့် တိုင်စာ ၁၀၂၅ စောင်၊ မှတ်တမ်းတွဲခြင်း ဆောင်ရွက်သည့်တိုင်စာ ၃၀၄၂ စောင်နှင့် စိစစ်ဆဲ ၁၃ စောင်တို့ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၅၅ စောင်တွင် အရေးယူဆောင်ရွက်နိုင်ခဲ့သည့် တိုင်ကြားစာ ၄၂ စောင်ရှိပြီး ဥပဒေနှင့် ငြိစွန်းသည့် အထောက်အထား စစ်ဆေးပေါ်ပေါက်ခြင်းမရှိသည့် တိုင်ကြားစာခြောက်စောင်၊ အရေးယူဆောင်ရွက်ပြီးကိစ္စဖြစ်၍ ထပ်မံအရေးယူဆောင်ရွက်ခြင်းမရှိသည့် တိုင်ကြားစာနှစ်စောင်နှင့် စစ်ဆေးဆောင်ရွက်ဆဲ တိုင်ကြားစာ ငါးစောင်ပါဝင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်ကြားမှုအရေအတွက်မှာ နေပြည်တော်မှ ၁၅၅ စောင်၊ ကချင်ပြည်နယ်မှ ၄၃ စောင်၊ ကယားပြည်နယ်မှ ခုနစ်စောင်၊ ကရင်ပြည်နယ်မှ ၅၁ စောင်၊ ချင်းပြည်နယ်မှ ၂၅ စောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၁၄ စောင်၊ တနင်္သာရီတိုင်းဒေသကြီးမှ ၃၀၊ ပဲခူးတိုင်းဒေသကြီးမှ ၄၅၁ စောင်၊ မကွေးတိုင်းဒေသကြီးမှ ၁၆၀၊ မန္တလေးတိုင်းဒေသကြီးမှ ၇၄၁ စောင်၊ မွန်ပြည်နယ်မှ ၂၀၀၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၀၆၆ စောင်၊ ရခိုင်ပြည်နယ်မှ ၆၀၊ ရှမ်းပြည်နယ်မှ ၂၈၁ စောင်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၄၅၁ စောင်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent