ရန်ကုန်မြို့ ကန်ရိပ်သာလမ်းပေါ်ရှိ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

ရန်ကုန်မြို့ ကန်ရိပ်သာလမ်းပေါ်ရှိ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ
Published 20 October 2017

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအား ငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)

ရန်ကုန်မြို့ ကန်ရိပ်သာလမ်းပေါ်ရှိ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု အောက်တိုဘာ ၁၉ ရက်  နံနက် ၃ နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါဟိုတယ်သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ကန်ရိပ်သာလမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းထောင့်တွင် တည်ရှိပြီး မြန်မာမှုလက်ရာများ ထည့် သွင်းတည်ဆောက်ထားကာ ဦးတေဇပိုင်ဆိုင်သည့် ဟိုတယ်ဖြစ်ကြောင်း သိရသည်။

အရှေ့ပိုင်းခရိုင်သူနာပြုတပ်ဖွဲ့မှူး ဦးကျော်ဇောက “ဒီမှာ တရုတ်လူမျိုး အမျိုးသမီးတစ်ဦးက သုံးထပ်ကနေ ခုန်ချတယ်။ သူကတော့ခါးမှာ ဒဏ်ရာရတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်။ နောက်တစ်ယောက်က မီးသတ်ကဦးစီးမှူး တစ်ယောက်ပါ။ သူ့ကိုလည်း ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်ဆေးရုံကြီးပို့ထားတာ နှစ်ယောက်ပဲရှိပါသေးတယ်။ ကျန်တာတော့ နည်းနည်းပါးပါး ထိခိုက်တာတော့ ရှိပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ မီးကတော်တော် များနေပါပြီဟု ပြောကြားသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးနှင့် သေဆုံးသူတစ်ဦးရှိကြောင်း၊ သေဆုံးသူမှာ ဂျပန်နိုင်ငံသား Mr Masafumi Tomita ဖြစ်ကြောင်း ဂျပန်သံရုံးမှ ကောင်စစ်ဝန်၊ ဆေးသံမှူးနှင့် လက်ထောက် ဆရာဝန်၊ Agent Company Idea Move COO ဦးဝင်းနိုင်တို့မှ ကြည့်ရှုစစ်ဆေး အတည်ပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် မီးလောင်မှုဖြစ်ပွားခဲ့သည့် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် ငါးလွှာ ဝရန်တာတွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားခြင်း မပြုနိုင်သေးသည့် အလောင်းတစ်လောင်းအား အောက်တိုဘာ ၁၉ ရက် မွန်းလွဲ နှစ်နာရီခွဲခန့်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း၊ မည်သည့်နိုင်ငံသားဖြစ်သည်ကို သက်ဆိုင်ရာက ထပ်မံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် တည်းခိုနေထိုင်နေ သူမကာအို-ဟောင်ကောင်နိုင်ငံသူ Mrs Leong Chan - U (၄၇ နှစ်) ဖြစ်ပြီး မီးလောင်မှုကြောင့် ဟိုတယ်လေးလွှာမှခုန်ချခဲ့ရာခါးနှင့် ယာပါးတွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ အခြားတစ်ဦးမှာ ရွှေပြည်သာ မီးသတ်စခန်းမှ ဦးစီးအရာရှိဖြစ်သူ ဦးကျော်စွာလင်း (၃၄ နှစ်) ဖြစ်ပြီး မီးငြှိမ်းသတ်စဉ် မီးခိုးမွှန်၍ သတိလစ် လဲကျခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မီးငြှိမ်းသတ်အပြီးတွင် မီးသတ်သမားများ အနားယူစဉ်(ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

မီးလောင်ချိန်တွင် လေတိုက်ခတ်လာသဖြင့် မီးလောင်မှုမှာ ပိုမိုပြင်းထန်လာပြီး ဟိုတယ်အတွင်းမှ ပေါက်ကွဲသံအချို့လည်း ကြားခဲ့ရကာ မီးပွားများမှာ ကန်ရိပ်သာလမ်းတစ်လျှောက် လွင့်စင်မှုများရှိသည်ကို တွေ့ရသည်။

အဆိုပါ မီးလောင်မှုအား မီးငြှိမ်းသတ် ယာဉ်စေလွှတ်မှုအဆင့်အဖြစ် ကနဦးတွင်  Level 3 သတ်မှတ်ပြီး  နံနက် ၄ နာရီခွဲတွင်Level 4 အဆင့်သို့လည်ကောင်း၊ နံနက် ၄ နာရီ  ၅၀ မိနစ်တွင် Level 5  အဆင့်သို့လည်း ကောင်းအသီးသီးပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား မီးသတ်ယာဉ်အစီး ၇၀ ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၀၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ဖြင့် မီးငြှိမ်းသတ်ခဲ့ကာ နံနက် ၅ နာရီခွဲတွင် မီးညွန့်ကျိုးပြီး နံနက်  ၆ နာရီ မိနစ် ၂၀ တွင် မီးအားထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါမီးလောင်မှုသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီစုစုပေါင်း  ၁၅၈ ယောက်လာရောက် အကူအညီပေးခဲ့ပြီး ကြက်ခြေနီနှင့် ပရဟိတလူနာတင်ယာဉ် ၁၈ စီးလာ ရောက်ပူးပေါင်းကူညီပေးခဲ့ကြောင်း သိရသည်။

“မနက် ၄ နာရီလောက်အဲဒီနားရောက်တော့ မီးကတော်တော်ပြင်းနေပြီ။ လေကလည်း အရမ်းတိုက်တယ်။ မီးကပိုပြီး အရှိန်ပြင်းလာတယ်။ ဟိုတယ်ထဲက ပေါက်ကွဲသံတွေ ၄ နာရီကနေ ၅ နာရီကျော်လောက်အတွင်း ဆက်တိုက်ကြားရတယ်။ အောက်ဆီဂျင်အိုးတွေလား ဂက်စ်အိုးတွေလားမသိဘူး၊ ဟိုတယ်အရှေ့ တစ်ဖက်လမ်းမှာ ထုတ်ထားတာတွေ့ရတယ်။ မီးပွားတွေက ကန်ပတ်လမ်းတစ်လျှောက် လွင့်ထွက်လာတယ်။ အပူရှိန်ကလည်း အရမ်းပြင်းတယ်။ ငါးခွဲလောက်မှာ မီးညွန့်စကျိုးတယ်။ ၅နာရီ ၂၀ လောက်မှာ စစ်သားတွေ ရောက်လာတာတွေ့ရတယ်။ အဲဒီမတိုင်ခင် ၁၀ မိနစ်လောက်မှာ ရဲတွေလုံခြုံရေးစယူတာ တွေ့ရတယ်”  ဟု မီးလောင်မှုဖြစ်စဉ်အား လာရောက်ကြည့်ရှုသော အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် ကန်တော်ကြီးပဲလေ့ဟိုတယ်တွင် လာရောက်တည်းခိုနေသူ ဧည့်သည် ၉၀ ခန့်ရှိနေကြောင်း၊ ၎င်းတို့ကို အခြားဟိုတယ်များသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အား တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ညွှန်ကြားရေးမှူးချူပ်တို့ လာရောက်ခဲ့ပြီး ညွှန်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ အင်္ဂလိပ်လက်ထက်တွင် လှေလှော်အသင်း ဘုတ်ကလပ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက ဂျပန်များက သက်သာချောင်ချိရေးဌာနအဖြစ် အသုံးပြုခဲ့ကာ ၁၉၇၉ ခုနှစ်တွင် ဟိုတယ်ခရီးဌာနက ဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့သည်။

၁၉၉၃ ခုနှစ် တပ်မတော်အစိုးရလက်ထက်တွင် ထိုင်းနိုင်ငံရှိ Baiyoke Hotel အုပ်စုမှ ဟိုတယ်အဖြစ် ငှားရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ ထိုမှတစ်ဆင့် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးတေဇပိုင် ထူးထရေးဒင်း ကုမ္ပဏီမှ လွှဲပြောင်းရယူကာ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်ကာ ရန်ကုန်မြို့တွင် သက်တမ်းအကြီးဆုံးဖြစ်သည့် ကမ်းနားလမ်းရှိ Strand ဟိုတယ်ပြီးလျှင် သက်တမ်းအရင့်ဆုံး ဟိုတယ်တစ်ခုတွင် အပါအဝင် ဖြစ်သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ဒဏ်ရာရရှိခဲ့သည့် မီးသတ်ဦးစီးအရာရှိ ဦးကျော်စွာလင်း၏ အခြေအနေနှင့် ပတ်သက်၍ “ဒဏ်ရာရရှိခဲ့တဲ့ မီးသတ်ဦးစီး အရာရှိဦးကျော်စွာလင်းကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ စတင်ပို့ဆောင်တော့ ဆရာဝန်တွေက စစ်ဆေးကြည့်ပြီး အသက်အန္တရာယ် ၉၀ ရာခိုင်နှုန်း စိုးရိမ်ရတယ်လို့ပြောတယ်၊ ညွှန်ချုပ်တွေက Opration ခန်းဝင်ခိုင်းတော့ ၉ နာရီခွဲလောက်မှာဝင်တယ်။ မီးငြှိမ်းသတ်တုန်းအပေါ်က ပြုတ်ကျတဲ့ဒဏ်ရာရသွားလို့ ဦးခေါင်း ငါးလက်မပတ်လည်ခန့် ဖောက်ပြီး သွေးများစုပ်ထုတ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ အသက်အန္တရာယ်အတွက် ၅၀၊ ၅၀ ဆက်လက် စိုးရိမ်နေရဆဲပါပဲ” ဟု The Daily Eleven သတင်းစာသို့ အောက်တိုဘာ ၁၉ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ပြောကြားသည်။

Most Read

Most Recent