အစိုးရက မော်တော်ယာဉ်များ အထူးအစီအစဉ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်အထိ မော်တော်ယာဉ်အစီးရေ ခုနစ်သိန်းကျော် တင်သွင်းခဲ့ကြောင်းသိရ

အစိုးရက မော်တော်ယာဉ်များ အထူးအစီအစဉ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်အထိ မော်တော်ယာဉ်အစီးရေ ခုနစ်သိန်းကျော် တင်သွင်းခဲ့ကြောင်းသိရ
Published 20 October 2017

တင်သွင်းလာသော မော်တော်ယာဉ်များအား သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ်

အစိုးရက မော်တော်ယာဉ်များအား အထူးအစီအစဉ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာမှစ၍ ၂၀၁၇ ဘဏ္ဍာနှစ်ကုန်အထိ မော်တော်ယာဉ်အစီးရေ ခုနစ်သိန်းကျော် တင်သွင်းပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ရန်ကုန်မြို့တွင် မော်တော်ယာဉ်တင် သင်္ဘောများ ဆိုက်ကပ်ခွင့်ရသည့် ဆိပ်ကမ်းများအနေဖြင့် MITT၊ MIPL၊ MIP ဗိုလ်အောင်ကျော်၊ ဆူးလေ၊ အေးရှားဝေါလ်နှင့် ထီးတန်းဆိပ်ကမ်းများကို ခွင့်ပြုထားပြီးဖြစ်သည်။ ယင်းဆိပ်ကမ်းများမှ သင်္ဘောအစင်းရေ ၇၀၀ ကျော်ဖြင့် မော်တော်ယာဉ်များ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဆိပ်ကမ်းများတွင် MITT နှင့် MIPL ဆိပ်ကမ်းများမှာ မော်တော်ယာဉ်တင် သင်္ဘောဝင်ရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တင်သွင်းမှုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အများဆုံးတင်သွင်းခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ မူဝါဒများအရ မော်တော်ယာဉ်တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

“မော်တော်ယာဉ်တင်သွင်းမှုက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ အများဆုံး တင်သွင်းခဲ့ပြီး နောက်ပိုင်းမှာတော့ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအပြောင်းအလဲတွေကြောင့် တဖြည်းဖြည်း လျော့နည်းလာခဲ့တာ အခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်မှာ ကိုးသောင်းကျော်ပဲ ရှိပါတော့တယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ မော်တော်ယာဉ်များ တင်သွင်း ခွင့်ပြုခဲ့သော်လည်း ဆိပ်ကမ်းများတွင် မော်တော်ယာဉ် တင်သွင်းသူများမှ လာရောက် ထုတ်ယူခြင်းမရှိသည့် ကားအစီးရေများစွာ ကျန်ရှိနေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

ယခုကဲ့သို့ ကားတင်သွင်းသူအချို့က ကားများလာရောက် ထုတ်ယူခြင်းမရှိခြင်းမှာ ကားထုတ်ယူရန် စာရွက်စာတမ်း ပြည့်စုံခြင်း မရှိသည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။ ဆိပ်ကမ်းသို့ ရောက်ရှိပြီး ပိုင်ရှင်များ လာရောက် ထုတ်ယူခြင်းမရှိသည့် ကားများအား ရက်အလိုက် ဒဏ်ကြေးများ သတ်မှတ် ကောက်ခံပြီး ဆိပ်ကမ်းသို့ ရောက်ရှိပြီး လာရောက် ထုတ်ယူခြင်းမရှိသည်မှာ နှစ်လခန့်အကြာတွင် မော်တော်ယာဉ်အား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းကြောင်း မော်တော်ယာဉ် တင်သွင်းသူများထံမှ သိရသည်။

Most Read

Most Recent