သိမ်းဆည်းရမိထားသော သေနတ်များမှာ မြဝတီဘက်မှ ဝင်ရောက်ခြင်းဖြစ်ပြီး National Security Agency ဖွဲ့ရန်ရှိသည်ဟု မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့်အတူ ဖမ်းဆီးရမိသည့် ဖြိုးကိုကိုတင့်ဆန်းက ထွက်ဆိုထားပြီး ၎င်းနှင့်ပတ်သက်သူများအား ခေါ်ယူစစ်ဆေးလျက်ရှိ

သိမ်းဆည်းရမိထားသော သေနတ်များမှာ မြဝတီဘက်မှ ဝင်ရောက်ခြင်းဖြစ်ပြီး National Security Agency ဖွဲ့ရန်ရှိသည်ဟု မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့်အတူ ဖမ်းဆီးရမိသည့် ဖြိုးကိုကိုတင့်ဆန်းက ထွက်ဆိုထားပြီး ၎င်းနှင့်ပတ်သက်သူများအား ခေါ်ယူစစ်ဆေးလျက်ရှိ
Published 19 October 2017

ဒက္ခိဏသီရိမြို့နယ် Hotel ACE အတွင်း လုံခြုံရေးတာဝန်ခံ ဦးအောင်နိုင်အား သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ဟိုတယ်ဝန်ထမ်း မိသားစုစိုက်ခင်းအတွင်း ချုံပုတ်နှင့် မြင်းတင်သော စထရော်လီနောက်တွဲပေါ်မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

သိမ်းဆည်းရမိထားသော သေနတ်များမှာ မြဝတီဘက်မှ ဝင်ရောက်ခြင်းဖြစ်ပြီး  National Security Agency ဖွဲ့ရန်ရှိသည်ဟု မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့်အတူ ဖမ်းဆီးရမိသည့် ဖြိုးကိုကိုတင့်ဆန်းက ထွက်ဆိုထားပြီး ၎င်းနှင့်ပတ်သက်သူများကို ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

“လက်နက်တွေက မြဝတီဘက်က ထွက်လာတာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဝယ်တယ်ဆိုတာတော့ မသိသေးဘူး။ National Security Agency ဖွဲ့ဖို့ဆိုတာကိုတော့ သူက ပြောပါတယ်” ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောကြားသည်။

အောက်တိုဘာ ၁၈ ရက်တွင် လက်နက်များ ထပ်မံဖမ်းဆီးရမိခြင်း မရှိဘဲ ဖမ်းဆီးရမိသည့်လက်နက်များမှာ တစ်လက်စ၊ နှစ်လက်စ ဝယ်ယူထားခြင်းဖြစ်သည်ဟု ဖြိုးကိုကိုတင့်ဆန်းက ထွက်ဆိုထားကြောင်း ရဲမှူးကြီးက ဆက်လက်ပြောကြားသည်။

“တခြားကတော့ ဘာမှမထူးပါဘူး။ ဒီနေ့ကတော့ လက်နက်မတွေ့တော့ဘူး။ လက်နက် တွေက တစ်လက်စ နှစ်လက်စနဲ့ အဲဒီလို ဝယ်တယ်လို့ လောလောဆယ် ထွက်ချက်အရပေါ့”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ခြောက်ဦးအား အမှုဖွင့်အရေးယူထားပြီး ကျန်  ခြောက်ဦးအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ဖြိုးကိုကိုတင့်ဆန်းနှင့်ပတ်သက်သူများအား ခေါ်ယူ မေးမြန်းလျက်ရှိကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးလှရီက ပြောကြားသည်။

“အမှုဖွင့်ထားတာက ခြောက်ယောက်ပဲ ရှိသေးတယ်။ ကျန်တဲ့ဟာတွေက ခေါ်မေးတာ။ သိလား၊ မသိလား။ ပတ်သက်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ သူတို့ကို မဖမ်းဘူး”ဟု ဒုရဲမှူးကြီးလှရီက ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးထံမှ သေနတ်နှစ်လက်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာက ၎င်းပိုင် ACE ကုမ္ပဏီနှင့် ဟိုတယ် ACE တို့တွင် ဝင်ရောက်ရှာဖွေရာ လက်ရှိတွင် သေနတ်မျိုးစုံစုစုပေါင်း ၂၁ လက် တွေ့ရှိထားပြီးဖြစ်သည်။

အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ၎င်းပိုင်ဆိုင်သော ACE ရုံးချုပ်ရှေ့တွင် ရပ်ထားသည့် Hummer အမျိုးအစား အနက်ရောင်ယာဉ် လေးစီးနှင့် ရုံးချုပ်အတွင်းသို့ တာဝန်ရှိသူများက ရှာဖွေခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် (၁၀/တောင်) (၁၃) ရပ်ကွက် စိန်ပန်းလမ်းရှိ ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော ACE Group of Companies အဆောက်အအုံရှေ့ ရပ်ထားသော 2N\---- Hummer အနက်ရောင်ယာဉ်အတွင်းမှ သံဘောစေ့ဖြင့်ပစ်ရသော ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်အိမ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ထိုသို့ရှာဖွေရာ ယာဉ်လေးစီးအနက် တစ်စီးအတွင်းမှ သံဘောစေ့ဖြင့်ပစ်ရသည့် ပစ္စတိုသေနတ်တစ်လက်နှင့် ၎င်း ကျည်အိမ်တစ်ခုကို လည်းကောင်း၊ ရုံးချုပ်အတွင်းရှိ အခန်းအမှတ် (၆၀၁) မှ ကျည်အိမ်ပါ Gas ပစ္စတိုနှစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ကျည်အိမ်နှစ်ခုကိုလည်းကောင်း၊ အခန်းအမှတ် (၅၀၃) အတွင်းမှ လက်ကိုင်စကားပြောစက် တစ်လုံး၊ ဆေးသတ္တာနှစ်ခုတို့ကိုလည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ ရန်ကုန်မြို့၌ ရှာဖွေမှုများပြုလုပ်နေသည့်နေ့တွင် နေပြည်တော်ရှိ ဟိုတယ် ACE ၌လည်း အောက်တိုဘာ ၁၇ ရက် ည ၁၀ နာရီခွဲခန့်က ဟိုတယ်လုံခြုံရေး တာဝန်ခံ ဖြစ်သည့် ဒိုက်ဦးမြို့နေ ဦးအောင်နိုင်နှင့် ရန်အောင်စိုး ဆိုသူတို့အား စစ်ဆေးခဲ့ကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက်များအရ စိုက်ခင်းတစ်ခင်းအတွင်း ချုံပုတ်နှင့် မြင်းခြံနံဘေးရှိ စရော်လီ နောက်တွဲပေါ်မှ ၎င်းတို့နှစ်ဦးဝှက်ထားသည့် ပစ္စတိုလေးလက်၊ ၉ မမကျည်အပါအဝင် အခြားကျည် ၂၉၂ တောင့်၊ M-21 တစ်လက်၊  M-16 ပုံပြောင်းလေးလက်နှင့် ကျည်အိမ် လေးခု၊ ပစ္စတိုကျည်အိမ် တစ်ခု၊ ဓားမြှောင် တစ်ချောင်း၊ ပြောက်ကျားလွယ်အိတ်တစ်လုံး၊ ပစ္စတိုထည့်သည့်အိတ်သုံးလုံး၊ ကျည်ထည့်သည့် ဘူးသေးတစ်ဘူး၊ ဆက်သွယ်ရေးအထိုင်စက်နှစ်လုံး၊ လက်ကိုင်ဆက်သွယ်ရေး စကားပြောစက် ၁၉ လုံး၊ အားသွင်းခွက် ၁၂ ခု၊ ဖုန်းတစ်လုံးနှင့် Drone ခုနစ်စင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ  နှင့် ဇော်ဝင်းထိုက်တို့အား အေလာနယ်မြေရဲစခန်းတွင် မယ(ပ)၃/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ နှင့် ဒက္ခိဏသိရိမြို့ နယ်ရဲစခန်းတွင် မမစ (ပ) ၃၉၆/၂၀၁၇ လက်နက် ၁၉ (က) ဖြင့် ကနဦး အမှုဖွင့်ထားကြောင်း သိရသည်။

ထို့ပြင် ဆက်သွယ်ရေးစက်များနှင့် ယာဉ်များတွင် တံဆိပ်များကပ်ထားခြင်း၊ လက်မောင်းတံဆိပ်များ တပ်ဆင်အသုံးပြုခြင်းများကြောင့် နေပြည်တော်ဒက္ခိဏမြို့မရဲစခန်း (ပ) ၃၉၈/၂၀၁၇ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ (ပ) ၃၉၉/၂၀၁၇ ပို့ကုန်/သွင်းကုန်ပုဒ်မ ၈၊  (ပ) ၄၀၀/၂၀၁၇ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၆၁ (က) (င) တို့ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းကိုသာ အထက်ပါပုဒ်မသုံးခုဖြင့် ထပ်မံ အမှုဖွင့်ထားခြင်းဖြစ်ပြီး ဆက်စပ်သူများအား စစ်ဆေးပေါ်ပေါက်လာပါက ထပ်မံအမှုဖွင့်မည်ဖြစ်ကြောင်း ဒက္ခိဏမြို့မရဲစခန်းမှ ဒုရဲမှူးမြင့်စိုးက ပြောကြားသည်။

ဖြိုးကိုကိုတင့်ဆန်းပါသုံးဦးအား အောက်တိုဘာ ၁၆ ရက်က ချုပ်ရက်ရမန်ယူကာ နေပြည်တော် ခုတင် ၁၀၀၀ တွင် ဆီးစစ်ဆေးခဲ့ပြီး အောက်တိုဘာ ၃၀ ရက်တွင် လယ်ဝေးမြို့နယ် တရားရုံး၌ ရုံးထုတ်မည်ဖြစ်ကြောင်း လယ်ဝေးမြို့နယ် ရဲစခန်းက သိရသည်။

Most Read

Most Recent