တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးက မြောင်လူမျိုးခေါင်းဆောင် တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှုဖြစ်ပွား

တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးက မြောင်လူမျိုးခေါင်းဆောင် တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှုဖြစ်ပွား
Published 15 October 2017

 

သေနတ်သမားနှစ်ဦးက အနီးကပ်ပစ်ခတ်ခဲ့သည့် ကျည်ဆံရာများကို တွေ့ရစဉ်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီ တွင် ဝိန်းကျောက်ရပ်ကွက် အခါဈေး၊ လပ်ကီး တည်းခိုခန်းရှေ့တွင် မြောင်လူမျိုးခေါင်းဆောင်တစ်ဦးကို ဆိုင်ကယ်မောင်းနှင်လာသည့် သေနတ်သမားနှစ်ဦးက အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။

ကားအနီးသို့ကပ်ပြီး ပစ်ခတ်ခဲ့သဖြင့် အပစ်ခံရသူမှာ အသက်(၃၅ နှစ်) ဝန်းကျင်ရှိ ယိမ်းဖာဖြစ်ကြောင်းနှင့် ၎င်းသည် မြောင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ဘယ်ဘက်ပါးတွင် တစ်ချက်၊ ဘယ်ဘက်လက်တွင် တစ်ချက် ဒဏ်ရာ နှစ်ချက် ထိမှန်ခဲ့သဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ထိုင်နိုင်ငံ မယ်ဆိုင် ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ချင်းရိုင်ရှိ Overbrook ဆေးရုံကြီးသို့ တင်ပို့ပြီးဆေးကုသ ခံယူလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လပ်ကီး တည်းခိုခန်းလမ်းမပေါ်တွင် ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် တာချီလိတ်ခရိုင် ရဲတပ် ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး စစ်ဆေးခဲ့ရာ Fortuner မော်တော်ယာဉ်မှာ လမ်းဘေးခေါက်ဆွဲဆိုင် အုတ်နံရံကိုတိုက်မိသည့် အနေအထားဖြင့် ဟန်ချက်ပျက်ကာ ရပ်တန့်နေပြီး ယာဉ်ပေါ်တွင် ဒဏ်ရာရ အမျိုးသားတစ်ဦးကိုသတိလစ်နေသည်ကို မြင်တွေ့ရကြောင်း သိရသည်။

“ဒီနေ့မှာတော့ ထူးထူးခြားခြားဆိုလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲရှိတယ်။ အခင်းဖြစ်ချိန်နဲ့ ဆန္ဒဖော်ထုတ်ချိန်က တစ်ချိန်တည်း ဖြစ်သွားတယ်။ သူက တိုင်းရင်းသားမြောင်လူမျိုး၊ မြောင် အဖွဲ့အစည်းခေါင်းဆောင် တစ်ယောက်ပေါ့။ သူ့တူလေးတစ်ယောက်ကတော့ ခေါင်းငုံ့ရှောင်လိုက်လို့ လွတ်သွားတယ်။ ဆိုင်ကယ်သမားကလည်း ပစ်ပြီးတော့ ထွက်ပြေးသွားတယ်။ ဒီဘက်မှာက နယ်စပ်ဆိုတော့ မကြာခဏဆိုသလိုပဲ ပစ်ခတ်မှုတွေ ရှိတယ်။ လုပ်ကြံမှုတွေ ဖြစ်ပွားလေ့ရှိတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌကိုလှမိုးက ပြောကြားသည်။

သေနတ်သမားပစ်ခတ်သူသည် ဆိုင် ကယ်ဖြင့် ကပ်လျက်မောင်းနှင်လာပြီး ဆိုင် ကယ်အနောက်မှ လူက သေနတ်အတိုဖြင့် အနီးကပ်ပစ်ခတ်ခြင်း ဖြစ်ပြီး သုံးလေးချက် ဆက်တိုက်ဆိုသလို ပစ်ခတ်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်ကို သေနတ်သမားစုံစမ်း ဖော်ထုတ် အရေးယူပေးနိုင်ရန် တာချီလိတ် မြို့မရဲစခန်းတွင် (ပ) ၂၀၅/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent