မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် ဒုက္ခသည်စခန်းသို့ သွားရမည်မဟုတ်ဘဲ နေရပ်သို့သာ ပြန်ရမည်ဟု ကိုဖီအာနန် ပြောကြား

မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် ဒုက္ခသည်စခန်းသို့ သွားရမည်မဟုတ်ဘဲ နေရပ်သို့သာ ပြန်ရမည်ဟု ကိုဖီအာနန် ပြောကြား
Published 14 October 2017

စက်တင်ဘာ ၆ ရက်က ရခိုင်ပြည်နယ်စစ်တွေတွင် စကားပြောကြားနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်အား တွေ့ရစဉ် (Photo: AFP)

ကုလသသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က လွန်ခဲ့သည့်နှစ်လအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင် ဒုက္ခသည် ၅၀၀,၀၀၀ ကျော်သည် ဒုက္ခသည်စခန်းသို့ သွားရမည် မဟုတ်ဘဲ နေရပ်သို့သာ ပြန်ရမည်ဟု အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်များအား ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံကြောင်း ခံစားရစေကာ ပြန်လာနိုင်မည့် အခြေအနေရပ်များ ဖန်တီးပေးပြီး အကြမ်းဖက်မှုများ နှိပ်စက်နေသည့် ရခိုင်ပြည်နယ်တွင် ၎င်းတို့အား ပြန်လည်ထူထောင်ရေး၌ အကူ အညီပေးရန်လိုအပ်သည်ဟု ယင်းရခိုင်အရေးနှင့် ပတ်သက်၍ မကြာသေးမီက ကော်မရှင်တစ်ရပ်ကို ဦးဆောင်ခဲ့သူ ကိုဖီအာနန်က ပြောကြားခဲ့သည်။

“သူတို့ကို စခန်းတွေဆီ ပြန်ခိုင်းဖို့ မသင့်ပါဘူး။ သူတို့ အိမ်ပြန်နိုင်ဖို့ရာ ထောက်ပံ့ကူညီမှုတွေ လိုအပ်ပါတယ်” ဟု ကိုဖီအာနန်က ယင်းကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ နှင့် တရားဝင်မဟုတ်သော တွေ့ဆုံဆွေးနွေးမှု၌ ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၃ ရက် တွေ့ဆုံမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက်ပေးရန် တောင်းခံမှုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန်အဖွဲ့က တုံ့ပြန်ခဲ့ခြင်းမရှိပေ။ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူသည် ရခိုင်ပြည်နယ်၌ အားလုံးသော ပြည်တွင်းပြည်ပ ထောက်ပံ့ကူညီမှုများကို ကြီးကြပ်ရန် ကော်မတီတစ်ရပ်ဖွဲ့ စည်းထားကြောင်းနှင့် ဆင်းရဲမွဲတေလျက်ရှိသော ယင်းပြည်နယ်သည် ဖွံ့ဖြိုးရန်လိုအပ်နေကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြားခဲ့သည်။

လူဦးရေ တစ်သန်းခန့်ရှိသော ရိုဟင်ဂျာဟုခေါ်ဆိုနေသည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များသည် အရှေ့တောင်အာရှနိုင်ငံတွင် ကာလကြာရှည်စွာ နှိပ်ကွပ်ခံနေရသည့် လူနည်းစုဖြစ်သည်။ လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များက ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်   မှ ရွှေ့ပြောင်းလာသူများဟု သတ်မှတ်ထားသည်။

အစောပိုင်းကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှ ထွက်ပြေးလာသော လူပေါင်း ၁၂၀,၀၀၀ သည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အပြင်ဘက်ရှိ စခန်းများတွင် နေထိုင်နေရသည်။

ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများက ရဲစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတပ်များက နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည့် သြဂုတ် ၂၅ ရက်မှစ၍ ဘင်္ဂါလီမွတ်စလင် ၅၀၀,၀၀၀ ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလုံးအရင်းဖြင့် ထွက်ပြေးသွားခဲ့သည်။

ယင်း သြဂုတ်လ တိုက်ခိုက်မှုများသည် ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကိုဖီအာနန်၏ အစီရင်ခံစာတွင် လူအသေအပျောက်များ ဖြစ်ပေါ်သည့် အကြမ်းဖက်မှုများကို တန် ပြန်ရန်အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုရေး တရားမျှတမှုကို တောင်းဆိုထားသည်။

လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအကြောင်း မကြာသေးမီက အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသော အဖွဲ့ဝင်နိုင်ငံများအကြား၌ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်တို့က လူမျိုးစုလိုက် သုတ်သင်မှုဟု ၎င်းတို့က ခေါ်ဆိုသောကိစ္စကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး တရုတ်သံအမတ်ကြီးက စိတ်ရှည်ရန် တောင်းဆိုခဲ့သည်။ ရုရှားသံအမတ်ကမူ အလွန်အကျွံ ဖိအားပေးခြင်းသည် ပြဿနာများကို ပိုမိုဆိုးရွားစေရုံသာ ရှိလိမ့်မည်ဟု သတိပေးခဲ့သည်။

အောက်တိုဘာ ၁၃ ရက်က တွေ့ဆုံမှုသည် အထူးသဖြင့် ရည်မှန်းချက်နှစ်ခုနှင့် ပတ်သက်၍ အများသဘောတူညီချက် တည်ဆောက်ရန် အသုံးဝင်၊ အထောက်အကူပြုခဲ့ကြောင်းနှင့် ယင်းရည်မှန်းချက်နှစ်ရပ်မှာ ကိုဖီအာနန်ကော်မရှင်၏အကြံပြုချက်များကို ထောက်ခံရန်နှင့် လုံးဝလက်ခံနိုင်ဖွယ် မရှိသော လက်ရှိအနေအထားကို ရှုတ်ချရန် ဖြစ်ကြောင်း ပြင်သစ်သံအမတ်ကြီး ဖရန်ဆွာဒီလက်တားက ပြောကြားခဲ့သည်။ သူသည် ယခုဆွေးနွေးမှု အစီအစဉ်ကို ဗြိတိန်သံအမတ်ကြီး မက်သရူးရီခရော့နှင့်အတူ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ပိတ်ဆို့မှုများ သို့မဟုတ် နောက်ထပ် ဆုံးဖြတ်ချက်များ ချမှတ်မည်လားဟု မေးမြန်းသည့်အခါ ရီခရော့က “လူတိုင်း သင့်မြတ်စေနိုင်မယ့် သဘောထားမျိုးနဲ့ ဆက်ပြီး လုပ်ဆောင်ကြမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

“ပြီးတော့ ကျွန်တော်တို့အနေနဲ့ ထပ်ပြီး လုပ်ဆောင်လိုတဲ့ဆန္ဒရှိသလားဆိုတာကို စူးစမ်းပါမယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် တရုတ်နှင့် ရုရှားနိုင်ငံတု့ိမှ ကုလသမဂ္ဂဆိုင်ရာ သံတမန်အဖွဲ့များက တစ်စုံတစ်ရာ မှတ်ချက်ပေးရန်တောင်းခံမှုကို တုံ့ ပြန်ခဲ့ခြင်း မရှိပေ။