လက်ပံတောင်းတောင်ဒေသခံများက အချက်နှစ်ချက်ဖြင့် ညှိနှိုင်းရန်တောင်းဆိုကာ တားဆီးထားသည့် ကြေးနီကားမျာအား လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံး၍ ပြန်လည်သယ်ဆောင်

လက်ပံတောင်းတောင်ဒေသခံများက အချက်နှစ်ချက်ဖြင့် ညှိနှိုင်းရန်တောင်းဆိုကာ တားဆီးထားသည့် ကြေးနီကားမျာအား လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံး၍ ပြန်လည်သယ်ဆောင်
Published 11 October 2017

လက်ပံတောင်းတောင်ဒေသခံများ၏ သပိတ်စခန်းသို့ ရောက်ရှိလာသည့် လုံခြုံရေးယာဉ်တန်းများအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ဒေသခံများက အချက်နှစ်ချက်ဖြင့် ညှိနှိုင်းရန်တောင်းဆိုကာ တားဆီးထားသည့် ကြေးနီကားများအား လုံခြုံရေးတပ်ဖွဲ့များက အင်းအားသုံး၍ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက် ညနေ (၆) နာရီခန့်တွင် တပ်နှင့်ရဲပူးပေါင်းကာ လက်ပံတောင်းတောင်ဒေသခံများ တားဆီးထားသည့် ကြေးနီကားများအား အင်အားသုံးသယ်ဆောင်သွားကြောင်း အောက်တိုဘာ ၉ ရက်ညက လက်ပံတောင်းတောင်ဒေသခံများသည် ကြေးနီစီမံကိန်းအတွင်းမှ ထွက်ရှိလာသည့် ကြေးနီကားလေးစီးအား မိုးကြိုးပြင်အလယ်ရွာထိပ်တွင် တားဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တပ်ဘက်က သေနတ်တွေပါတယ်။ လောင်ချာအသေးပါတယ်။ လုံခြုံရေးအပြည့်နဲ့ သူတို့ဘက်က ကျွန်တော်တို့တားဆီးထားတဲ့ ကားတွေကိုသယ်သွားတာ။ ဒေသခံတွေဘက်ကလည်း အကြမ်းဖက်တာမရှိဘူး။ သူတို့ဘက်ကလည်း အကြမ်းဖက်တာမရှိဘူး။ ဒါပေမယ့် ဒေသခံတွေကိုတော့ သူတို့ဖက်က ဖမ်းတာဆီးတာလုပ်မယ်လို့ နယ်လုံဝန်ကြီး ကိုယ်တိုင်ပြောတယ်။ လောလောဆယ်တော့ ဘယ်သူမှဖမ်းခံရတာမရှိပါဘူး” ဟု မိုးကြိုးပြင်အလယ်ရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် လက်ပံတောင်းတောင်ဒေသခံများ ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား လုံခြုံရေးအဖွဲ့က ဗီနိုင်းများ၊ မိုးကားများအား ဆွဲလှန်သွားခဲ့ကြောင်း တားဆီးထားသည့် ကြေးနီကားများတွင် စိုက်ထူထားသည့် လက်ပံတောင်းတောင်အလံများနှင့် ဗွီနိုင်းများအား မြေတွင်စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသခံများ ဖွင့်လှစ်ထားသည့်သပိတ်စခန်းအား မြေယာသိမ်းဆည်းခံဒေသခံများက ပြန်လည်ရုပ်သိမ်းခြင်းမပြုသေးဘဲ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

“အစားထိုးမြေဧက ၁၉၀၀ ကို ကျွန်တော်တို့ဒေသခံတွေက လိုချင်တယ်။ ပြီးတော့ သုံးနှစ်စာ သီးနှံလျော်ကြေးလည်း လိုချင်တယ်။ ဒီအတွက် ကျွန်တော်တို့ ဒေသခံတွေက ကြေးနီပြားတွေ သယ်ဆောင်လာတဲ့ ကားတွေကိုတားရတာပါ။ သပိတ်စခန်းလည်း ဖွင့်ထားပါတယ်။ ဒါပေမဲ့ အခုထိ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်မပေးသေးပါဘူး။ လေးပွင့်ဆိုင် တွေ့ပေးမယ်လို့ ပြောပါတယ်။ ပြောပေမယ့် အဲဒါမျိုးတွေက ပြောပေါင်းများလှပါပြီ။ အယုံအကြည်မရှိတဲ့အတွက် ကျွန်တော်တို့က အခုလိုကြေးနီကားကိုတားပြီး တောင်းဆိုရတာဖြစ်ပါတယ်။ ဆန္ဒပြတာဟာ ပြချင်လို့ ပြတာမဟုတ်ပါဘူး။ ကျွန်တော်တို့ လိုချင်တဲ့ဆန္ဒကိုမရောက်လို့ ကျွန်တော်တို့က ပြရတာပါ။ ဝမ်ပေါင်ကြေးနီစီမံကိန်းကြီးက လယ်ယာမြေဧက ၇၀၀၀ ကျော်သိမ်းထားပါတယ်။ ဝမ်ပေါင်ကုမ္ပဏီအတွက်တင်မကဘဲ အခြားကုမ္ပဏီတွေအတွက်ပါ သိမ်းယူထားတာပါ။ မြေတွေက ပိုလျှံနေတာဖြစ်တဲ့အတွက် အဲဒီပိုလျှံတဲ့မြေတွေကို မျှတစွာခွဲပေးပေးဖို့ ဆိုတာကလည်း အခုထိခွဲဝေမပေးသေးပါဘူး” ဟု မိုးကြိုးပြင်အလယ်ရွာမှ မြေသိမ်းခံတောင်သူတစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင်ဒေသခံများတား ဆီးထားသည့်ကြေးနီကားများကို စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကျော်သန့်နိုင်နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်အများအပြား မိုးကြိုးပြင်အလယ်ရွာထိပ်တွင် လာရောက်ကာ သယ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ် ၂၄ ရက် ညနေပိုင်းခန့်က လက်ပံတောင်းတောင်ဒေသခံများဘက်မှ ကြေးနီစီမံကိန်းအတွင်း ပို့ဆောင်သော ကျောက်ကားများကို မိုးကြိုးပြင်အလယ်ရွာထိပ်တွင် တားဆီးခဲ့သောကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်များဖြင့် အင်အားသုံးဖြိုခွင်းပစ်ခတ်ခဲ့မှုကြောင့် လူဦးရေ ၁၀ ဦးကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent