တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံမှ သံတမန်များနှင့် CCTV၊ NHK၊ CNA စသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ မောင်တောဒေသသို့ ကွင်းဆင်းလေ့လာ

တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံမှ သံတမန်များနှင့် CCTV၊ NHK၊ CNA စသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ မောင်တောဒေသသို့ ကွင်းဆင်းလေ့လာ
Published 11 October 2017

ဘင်္ဂလားဒေ့ရှ်သို့ မထွက်ခွာမီ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနံဘေးတွင် ယာယီနေထိုင်နေသော ဘင်္ဂါလီများအား တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

နိုင်ငံတကာ သံတမန်များဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံမှ သံတမန်များနှင့် CCTV၊ NHK၊ CNA စသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ အောက်တိုဘာ ၁၀ ရက်က မောင်တော ဒေသသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

ခရီးစဉ်တွင် တရုတ်သံအမတ် H.E. Mr.Hongliang၊ အိန္ဒိယသံအမတ် H.E. Mr.VikramMisri၊ ဘင်္ဂလားဒေ့ရှ် သံအမတ် H.E. Mohammad Sufiur Rahman၊ လာအိုသံအမတ် H.E. Mr. Lyying SAYAXANG နှင့် ထိုင်းသံအမတ် H.E.Mr.Jukr Boom တို့ပါဝင်ပြီး ပြည်တွင်းပြည်ပ မီဒီယာများဖြစ်သော France 24၊ Xinhua၊ CCTV၊ Fuji၊ NHK၊ CNA၊ RFA၊ Myanmar Times၊ Irrawaddy၊ MITV၊ MRTV၊ NPE၊ မြဝတီနှင့် DMG တို့ လိုက်ပါလာခဲ့သည်။

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သော နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့ လိုက်ပါကြသည်။

နိုင်ငံတကာ သံတမန်များနှင့် သတင်းမီဒီယာ စုစုပေါင်း ၄၀ ကျော် ပါဝင်သည့် လေ့လာရေးအဖွဲ့သည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာသို့ ရဟတ်ယာဉ်နှစ်စင်းဖြင့် ရောက်ရှိပြီး ယင်းမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ကမ်းခြေသို့ သွားရောက်ကာ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၎င်းတို့ ဆန္ဒအလျောက် သွားရောက်ရန် ရောက်ရှိနေသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ယင်းနောက် မှိုဝင်ချောင်းသို့ ရောက်ရှိနေသည့် ဘင်္ဂါလီ ၇၀၀ ခန့်နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ ဘင်္ဂါလီများကို ရိက္ခာထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး နေရပ်သို့ပြန်ရန် ပြည်ထောင်စုဝန်ကြီးများက ဖျောင်းဖျပြောဆိုခဲ့သည်။

ယင်းနောက် ပန်းတောပြင် (အလယ်) ကျေးရွာသို့ သွားရောက်ကာ ကျေးရွာရှိ ဘင်္ဂါလီခေါင်းဆောင်နှင့် တွေ့ဆုံကာ ကျေးရွာအခြေအနေများနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြသည်။

သံတမန်များက အဓိက မေးမြန်းမှုများမှာ မီးရှို့မှုဖြစ်သလား၊ ရွာကနေရပ်စွန့်ခွာသူ ရှိသလား၊ မောင်တောမြို့သို့ သွားလာ၍ ရသလား၊ ကျန်းမာရေး စောင့်ရှောက်မှုရှိသလား၊ ရိက္ခာထောက်ပံ့မှုရှိသလား၊ သောကြာနေ့ ဗလီတက်ခွင့်ရသလား စသည်တို့ကို အဓိကထား မေးမြန်းခဲ့သည်။

ယင်းသို့ မေးမြန်းမှုနှင့်ပတ်သက်၍ ကျေးရွာလူကြီး ဘင်္ဂါလီခေါင်းဆောင်က ဖြေကြားရာတွင် ကျေးရွာအတွင်း မည်သည့်ဖြစ်စဉ်မှ မရှိသည့်အတွက် အေးချမ်းစွာ နေထိုင်နေကြောင်း၊ မောင်တောသို့ သွားလိုလျှင် သွား၍ရကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုရှိပြီး ရိက္ခာထောက်ပံ့မှုရှိကြောင်း၊ သောကြာနေ့ ဗလီတက်ခွင့်ရှိပြီး မော်လဝီ ၁၁ ဦးရှိကြောင်း ဖြေကြားသည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိကာ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်မဖြစ်ပွားမီ၊ ဖြစ်စဉ်ဖြစ်နေစဉ်နှင့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အခြေအနေများနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က Power Point ဖြင့် ရှင်းလင်းသည်။

အဆိုပါ ရှင်းလင်းပွဲတွင် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်ခြင်းခံရပြီး ပြန်လည်ရောက်ရှိလာသူ ဟိန္ဒူဘာသာဝင် အမျိုးသမီးများ၊ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများ၏ မိသားစုဝင်များ၊ မြိုတိုင်းရင်းသားများ၊ ဘင်္ဂါလီများနှင့် ဟိန္ဒူဘာသာဝင်များလည်း ရောက်ရှိနေကြသည်။

ထို့နောက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မောင်တောမြောက်ပိုင်းရှိ ခုံတိုင်(မြို) ရွာ၊ ငါးခူရနှင့် ခမောင်းဆိပ် မြို့များသို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။

အောက်တိုဘာ ၂ ရက်က ကုလသမဂ္ဂမှ ပုဂ္ဂိုလ်များ အပါအဝင် နိုင်ငံတကာ သံတမန် ၄၀ ကျော်က ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားရာ မောင်တောဒေသသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်သည် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီး တစ်လကျော် အကြာတွင် ပထမဦးဆုံး သံတမန် ခရီးစဉ်ဖြစ်ပြီး အဖွဲ့သုံးဖွဲ့ဖြင့် ကွင်းဆင်းလေ့လာခြင်းဖြစ်ကာ အောက်တိုဘာ ၁၀ ရက် ခရီးစဉ်သည် အကြမ်းဖက် တိုက်ခိုက်မှုပြီး နောက်ပိုင်း ဒုတိယခရီးစဉ် ဖြစ်သည်။

 

Most Read

Most Recent