ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် သစ်တောဝန်ကြီးတို့၏ လုပ်ဆောင်ချက်များကို ကျေနပ်မှုမရှိဟုဆိုကာ ပဲခူးမြို့တွင် လူ ၃၀ ခန့် ဆန္ဒထုတ်ဖော်

ပဲခူးမြို့တွင် အောက်တိုဘာ ၁၀ ရက်က ဆန္ဒထုတ်ဖော်နေစဉ်

ပဲခူးမြို့တွင် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် သယံဇာတနှင့် သစ်တောဝန်ကြီးတို့၏ တစ်နှစ်ကျော်အတွင်း လုပ်ဆောင်ချက်များမှာ တိုးတက်မှုမရှိဟုဆိုကာ အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီခန့်က လူအင်အား ၃၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုထွန်းအောင်ကျော်က ဦးဆောင်ပြီး လူအင်အား ၃၀ ကျော်က ၀န်ကြီးချုပ်နှင့် သစ်တောဝန်ကြီးတို့ သိက္ခာရှိစွာ နုတ်ထွက်ပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတိတိကျကျ ဆောင်ရွက်ပေးရေး စသည့်စာသားများပါသော ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ပဲခူးမြို့မဇင်းမီးပွိုင့်တံတားမှ ပဲခူးတိုင်းဒေသကြီး အစိုးရရုံးရှေ့သို့ လမ်းလျှောက်ချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့ဆန္ဒထုတ်ဖော်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ဆန္ဒထုတ်ဖော်တာ မဟုတ်ပါဘူး။ အလုပ်မလုပ်ဘဲ မှေးလိုက်နေတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေကို ဆန္ဒထုတ်ဖော်တာပါ။ အဓိက,ကတော့ ပြည်သူတွေရဲ့ နေစရာမြေနဲ့ စိုက်ပျိုးတဲ့မြေတွေကို အရင်အစိုးရအဆက်ဆက်က သိမ်းယူပြီး အခုထိပြန်မပေးသေးဘူး။ ပဲခူးမှာ အဓိကဇုန်ကြီးသုံးဇုန်ထဲမှာ စိုက်ပျိုးရေးဇုန်ဆိုပြီး ပြည်သူတွေဆီက သိမ်းယူထားတဲ့မြေတွေမှာ ခရမ်းချဉ်သီးတစ်လုံးတောင်မရှိပါဘူး။ ပြည်သူတွေက စိုက်တော့လည်း ခရိုနီတွေက ခြံခတ်ထားတော့ ကိုယ့်မြေကိုစိုက်တာ ကိုယ်တွေက ပြန်ပြီးတရားစွဲခံနေရတယ်။ ဒီလိုပြည်သူတွေရဲ့ အခက်အခဲကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို သိက္ခာရှိရှိ နုတ်ထွက်ပေးဖို့ တောင်းဆိုပါတယ်” ဟု လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုထွန်းအောင်ကျော်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲကို မွန်းတည့် ၁၂ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ပြီးဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပဲခူးမြို့တွင် ၂၀၁၇ ခုနှစ်အတွင်း ဆန္ဒထုတ်ဖော်ပွဲ အကြိမ် ၂၀ ကျော်ပြုလုပ်ခဲ့ပြီး တစ်နေ့တည်းတွင် ဆန္ဒထုတ်ဖော်ပွဲ ၁၀ ပွဲအထိပြုလုပ်ခဲ့၍ ဆန္ဒထုတ်ဖော်ပွဲအများဆုံး နှစ်ဖြစ်ခဲ့သည်။