ကမ္ဘာ့ကုမ္ပဏီများက နယ်ပယ်သစ်အဖြစ် အပြေးအလွှား စွန့်စားရင်းနှီးမြှုပ်နှံလာသည့် အင်ဒိုနီးရှား

ကမ္ဘာ့ကုမ္ပဏီများက နယ်ပယ်သစ်အဖြစ် အပြေးအလွှား စွန့်စားရင်းနှီးမြှုပ်နှံလာသည့် အင်ဒိုနီးရှား
Published 9 October 2017

Expedia  နှင့် Alibaba တို့အပါအဝင် ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီများသည် နိုင်ငံ၏ လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာနေသော ဒီဂျစ်တယ်စီးပွားရေးနှင့် အရှေ့တောင်အာရှ၌ အကြီးဆုံး အွန်လိုင်းဈေးကွက် ဖြစ်လာမည့် အလားအလာတို့အပေါ် လက်ဦးမှုရယူရန် အတွက် အင်ဒိုနီးရှား နည်းပညာထူထောင်မှုဆီသို့ ဒေါ်လာဘီလျံနှင့်ချီလျက် ဝင်ရောက် ရင်းနှီးမြှုပ်နှံနေကြောင်း သိရသည်။

အင်ဒိုနီးရှားသည် Apps မှသည် e-commerce ကုမ္ပဏီများအထိ အတိုင်းအတာ ကျယ်ဝန်းသော ပြည်တွင်းအစောဆုံး ကုမ္ပဏီ ဒါဇင်နှင့်ချီလျက် ၏ အကူအညီဖြင့် လွန်ခဲ့သည့်နှစ်နှစ်အတွင်း နိုင်ငံ၏ နည်းပညာ ကဏ္ဍသို့ ငွေကြေးအလုံးအရင်း ထည့်ဝင်ခဲ့သည်။

အင်ဒိုနီးရှားသည် လူဦးရေ သန်း ၂၅၀ ကျော်ရှိခြင်းနှင့်အတူ လူလတ်တန်းလွှာများ ကြီးထွားလာခြင်းနှင့် ဈေးပေါသော မိုဘိုင်းကိရိယာများ ရရှိနိုင်မှု မြင့်မားလာခြင်းတို့ ကြောင့် ကမ္ဘာတစ်လွှားမှ ကုမ္ပဏီများ စုပြုံဝင်ရောက်လာခြင်းဖြစ်သည်။

“အင်ဒိုနီးရှားဟာ တရုတ် ကြီးထွားလာပြီးတဲ့နောက် ဒီဂျစ်တယ်စီးပွားရေးမှာ အကြီးအကျယ် ရှေ့ကိုခုန်တက်သွားပြီး အရှေ့တောင် အာရှဒေသမှာ နည်းပညာရင်းနှီးမြှုပ် နှံမှုတွေရဲ့ ထိပ်ဆုံးရည်မှန်းရာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဂျာကာတာအခြေစိုက် Convergence Ventures ၏ မိတ်ဖက်တစ်ဦးဖြစ်သော အက်ဒရီယန်လီက ဆိုသည်။

၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁ သန်းသာရှိခဲ့ရာမှ လွန်ခဲ့သည့်နှစ်တွင် ဒေါ်လာ ၆၃၁ သန်း တန်ဖိုးရှိသော အရင်းအနှီးများ အင်ဒိုနီးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သုတေသနကုမ္ပဏီဖြစ်သော CB Insights ၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ၂၀၁၇ ခုနှစ်၌ ယင်းစံချိန်သည် နှစ်မကုန်မီမှာပင် ကျိုးပျက်ခဲ့နှင့်ပြီးဖြစ်ရာ ၂၀၁၇ စက်တင်ဘာလအထိ အမေရိကန်ဒေါ် လာ သုံးဘီလျံတန်ဖိုးရှိ သဘောတူညီချက်များ ရရှိပြီးဖြစ်သည်ဟု အဆိုပါ သုတေသနကုမ္ပဏီမှ နည်းပညာလုပ်ငန်း သုံးသပ်သူတစ် ဦးဖြစ်သော မက်ဂနာရောင်က ပြောကြားခဲ့သည်။

အသုံးပြုသူများအတွက် အွန်လိုင်းဈေးဆိုင် ထူထောင်ရန်နှင့် ငွေလွှဲပြောင်းမှုများကို ကိုင်တွယ်ရန်ခွင့်ပြုသော ဈေးကွက်နေရာ တစ်ခုဖြစ်သည့် Tokopedia သည် သြဂုတ်လက တရုတ်၏ Alibaba ကုမ္ပဏီမှ အရင်းအနှီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။

လိုအပ်သည့် မော်တော်ဆိုင်ကယ် ဝန်ဆောင်မှုပေးသော Go-Jek ကုမ္ပဏီသည် တရုတ်နည်းပညာ ကုမ္ပဏီကြီးများဖြစ်သော JD.com နှင့် Tencent Holdings တို့ထံမှ မေလတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံရရှိခဲ့ကြောင်း Crunchbase မှရရှိသော အချက်အလက်များအရ သိရသည်။

နောက်ထပ် ယုံကြည်မှုရှိသော လက္ခဏာတစ်ရပ်အဖြစ် Koison သည် အောက်တိုဘာလ၌ လူသိရှင်ကြားဖြစ်လာသည့် အင်ဒိုနီးရှား၏ ပထမဆုံး e-commerce ကုမ္ပဏီဖြစ်လာသည်။

“ဒီ ရင်းနှီးမြှုပ်နှံမှုဟာ ရင်းနှီးမြှုပ်နှံမှုကြီးတွေ အမြောက်အမြားကို ဆွဲဆောင်နိုင်တဲ့ အင်ဒိုနီးရှားရဲ့ စွန့်ဦးလုပ်ကိုင်မှုနဲ့ဆိုင်တဲ့ ပိုမို ကြီးမားတဲ့ပုံစံကို ညွှန်ပြနေတာပဲလို့တော့ ပြောဖို့ စောလွန်းနေပါသေးတယ်။ ဒါပေမဲ့ ဒါဟာ ဧရာမ အချီကြီးတွေ ဖမ်းကိုင်နိုင်မှု ကြီးမားလာကြောင်း တစ်စိတ်တစ်ပိုင်းအဖြစ် ပြနေပါတယ်” ဟု မက်ဂနာရောင်က ပြောကြားခဲ့သည်။

■ ရွှေရောင် အခွင့်အလမ်းတစ်ရပ်

အရှေ့တောင်အာရှဒေသသည် ကမ္ဘာ့အခြားဒေသများထက် အင်တာနက်အသုံးပြုမှုနှုန်း ပိုမိုလျင်မြန်စွာ ကြီးထွားလာသည့် ဒေသဖြစ်သည်။ လာမည့်ငါးနှစ်အတွင်း နေ့စဉ် အွန်လိုင်းသို့ တက်လာသည့် အသုံးပြုသူ ၁၂၄,၀၀၀ ရှိလိမ့်မည်ဟု Google နှင့် စင်ကာပူနိုင်ငံ၏ Temasek Holdings တို့၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာအရ သိရသည်။

၂၀၂၀ ပြည့်နှစ်သို့အရောက်တွင် အရှေ့တောင် အာရှဒေသ၌ အင်တာနက်တွင် ဆက်သွယ်အသုံးပြုသူသည် ခန့်မှန်းခြေ သန်း ၄၈၀ ရှိလာမည်ဟု ဆိုသည်။ လွန်ခဲ့သည့်နှစ်က အရှေ့တောင်အာရှတွင် အင်တာနက် အသုံးပြုသူသည် သန်း ၂၆၀ ရှိသည်။

အင်ဒိုနီးရှား၏ ပထမဆုံး မိုဘိုင်းဈေးကွက်သည် ၂၀၂၅ ခုနှစ်သို့အရောက်တွင် အရှေ့တောင်အာရှ e-commerce  ဈေးကွက်၏ ထက်ဝက်ကျော် ရှိလာမည်ဖြစ်ပြီး ပျမ်းမျှတန်ဖိုး အမေရိကန်ဒေါ်လာ ၄၆ ဘီလျံ ရှိလာလိမ့်မည်ဟု Google ၏ အစီရင်ခံစာအရ သိရသည်။

“ခင်ဗျားအနေနဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ လုပ်ငန်းသစ်ထူထောင်မယ်ဆိုရင် ခင်ဗျားသုံးစွဲရမယ့် ကုန်ကျစရိတ် အားထုတ်မှုနဲ့ အချိန်တွေဟာ အညီအမျှလောက်ပါပဲ။ ဒါပေမဲ့ အင်ဒိုနီးရှားကို သွားမယ်ဆို ကြီးထွားနိုင်မှုက အကန့်အသတ် မရှိဘူး။ ဈေးကွက်က အရမ်းကြီးတယ်” ဟု အစောပိုင်းအဆင့် ရင်းနှီးမြှုပ်နှံမှုများကို အထူးပြုသုံးသပ်သည့် East Ventures ကုမ္ပဏီမှ ဝီလ်ဆင်ကူ အာကာက ပြောကြားခဲ့သည်။

အကျိုးရလဒ်အဖြစ် အမေရိကန် အရင်းအနှီးဆိုင်ရာ ကုမ္ပဏီဖြစ်သော Sequoia Capital ၊ ဂျပန်၏ Rakuten Ventures နှင့် ခရီးသွားကုမ္ပဏီ Expedia တို့အပြင် တရုတ်၏ ဧရာမ နည်းပညာကုမ္ပဏီများအားလုံးသည် အင်ဒိုနီးရှား၌ လာရောက် ရင်းနှီးမြှုပ်နှံ ကြတော့သည်။

 

မော်တော်ဆိုင်ကယ်ဝန်ဆောင်မှုပေးသော Go-Jek ကုမ္ပဏီ၏ကြော်ငြာကို ဂျကာတာမြို့ ရထားဘူတာရုံတစ်ခု၌ စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (Photo: AFP)

■ စိန်ခေါ်မှုများကို စူးစမ်းခြင်း

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ဒီဂျစ်တယ်လောက ဆန်းသစ်မွမ်းမံရေးအတွက် အသံဖြင့် ထောက်ပံ့ပေးသူ ဖြစ်လာခဲ့သည်။ အထင်ရှားဆုံးမှာ ၂၀၂၀ ပြည့်နှစ်သို့အရောက်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ ပြည်တွင်းနည်းပညာကုမ္ပဏီ ပေါင်း ၁၀၀၀ ဖန်တီးမည်ဟူသော သူ၏အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းကဏ္ဍသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

အင်ဂျင်နီယာနည်းပညာဆိုင်ရာ အစွမ်းအစရှိသူ အရေအတွက် အကန့်အသတ်ရှိနေခြင်း၊ လူဦးရေ အလွန်ထူထပ်သော ဂျာဗားကျွန်း အပြင်ဘက်၌ အင်တာနက်သို့ ထိုးဖောက် ဝင်ရောက်နိုင်မှုနှုန်းများ အလွန်နိမ့်ပါးခြင်း၊ ဗျူရိုကရက်လုပ်ငန်းစဉ်ကြောင့် ကြန့် ကြာမှုများရှိနေခြင်းနှင့် အခြေခံအဆောက်အအုံ အရည်အသွေးနိမ့်ပါးခြင်းတို့အားလုံးသည် ကြီးထွားလာရန်အတွက် အဟန့်အတားများဖြစ်နေသည်။

e-commerce ကုမ္ပဏီများအတွက် ဘဏ်ကိုမသုံးသည့် အင်ဒိုနီးရှားနိုင်ငံသားများ အရေအတွက်ကြီးမားနေခြင်းက အွန်လိုင်း ငွေလွှဲပြောင်းမှုလောကအတွက် အကန့်အသတ်ဖြစ်စေပြီး ထောက်ပံ့ပို့ဆောင်ရေး စီမံဖွဲ့စည်းမှု ပြဿနာများကလည်း ကုန်စည်များကို ရွှေ့ပြောင်းရန် ခက်ခဲစေသည်။

သက်တမ်းနုသေးသည့် စွန့်ဦးလုပ်ကိုင်သူများနှင့် သေးငယ်သည့်လုပ်ငန်းများအနေဖြင့် အဓိကဌာနများဖြစ်သော ပူးပေါင်းလုပ်ဆောင်ရန် နေရာများဆီသို့ အုံဖွဲ့ဝင်ရောက်နေသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ အစိတ်အပိုင်းအများစုတွင် ကွဲပြားခြားနားသော အခင်းအကျင်းသာ ဖြစ်ပေါ်နေသည်။

ငါးဖမ်းသမားများကို ဝယ်ယူသူများနှင့် ချိတ်ဆက်ပေးသော e-commerce ကုမ္ပဏီတစ်ခုဖြစ်သည့် Aruna ကုမ္ပဏီ၏ အလုပ်အမှုဆောင်အရာရှိချုပ် ဖာရစ်နူဖယ်အာဆလမ်က အင်ဒိုနီးရှား၏ ပြန့်ကြဲနေသော လူ့အသိုင်းအဝိုင်းများကို စူးစမ်းရှာဖွေရခြင်းသည်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

“ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ကတော့ လူမှုရေးဆိုင်ရာချဉ်းကပ်မှု နဲ့ ပတ်သက်လို့ပါပဲ။ အင်ဒိုနီးရှားဟာ  နေရာဒေသ အသီးသီးမှာ ကွဲပြားခြားနားတဲ့ လူ့ အသိုင်းအဝိုင်းတွေနဲ့ ကွဲပြားခြားနားတဲ့ အစဉ်အလာတွေရှိတဲ့ တမူထူးတဲ့နိုင်ငံဖြစ်နေလို့ပါ” ဟု အာဆလမ် (၂၃ နှစ်) က ပြောကြားခဲ့သည်။

သို့သော် ရင်းနှီးမြှုပ်နှံသူများနှင့် စွန့်ဦးလုပ်ကိုင်သူများက အကောင်းမြင်နေဆဲဖြစ်သည်။

“အခွင့်အလမ်း ပြတင်းပေါက်ဟာ ဒီမှာ ရှိပါတယ်။ နည်းပညာကိုအသုံးပြုပြီး ခင်ဗျားအနေနဲ့ ဆန်းသစ်မွမ်းမံနိုင်မယ့် တကယ့် ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် ကာလပတ်လုံး ခင်ဗျား အောင်မြင်နိုင်ပါတယ်” ဟု ကူအာကာက ပြောကြားခဲ့သည်။

Most Read

Most Recent