ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်များက မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်များကို လက်နက်တပ်ဆင်ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆို

ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်များက မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်များကို လက်နက်တပ်ဆင်ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆို
Published 8 October 2017

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း တစ်ခု၌ ARSA အဖွဲ့ဝင် တစ်ဦးဟုဆိုသော ဘင်္ဂါလီဒုက္ခသည် တစ်ဦးက မီဒီယာများသို့ ပြောနေသည်ကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (Photo: AFP)

အောက်တိုဘာ ၆ ရက်၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဆိပ်ကမ်းမြို့ဖြစ်သော စစ်တကောင်းတွင် ထောင်နှင့်ချီသော သဘောထားတင်းမာသည့် အစ္စလာမ္မစ်များက စုဝေးချီတက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များကို လက်နက်တပ်ဆင်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဘင်္ဂါလီ မွတ်စလင် အကြမ်းဖက်သမားများက ရဲစခန်းများကို တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တပ်များက ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်ခဲ့ပြီးနောက် ဘင်္ဂါလီမွတ်စလင် ၅၀၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

အဆိုပါ ဒုက္ခသည်များက မြန်မာတပ်မတော်သည် ရခိုင်တိုင်းရင်းသား လူရမ်းကားများနှင့်အတူ စစ်ဆင်ရေးအတွင်း ၎င်းတို့အား သတ်ဖြတ်ခြင်းနှင့် ၎င်းတို့၏ ရွာများကို မီးရှို့ခြင်းတို့ လုပ်ဆောင်ခဲ့ကြကြောင်း စွပ်စွဲခဲ့သည်။

မြန်မာတပ်မတော်ကမူ ယင်းမငြိမ်မသက်မှုများနှင့် ပတ်သက်၍ ဘင်္ဂါလီ မွတ်စလင်များကိုသာ အပြစ်တင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော စစ်တကောင်းတွင် ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် လူပေါင်း ၁၅,၀၀၀ အထိ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်များကို သတ်ဖြတ်မှုများအား ဆန့်ကျင်ဆန္ဒပြသည့် သဘောထားတင်းမာသော အစ္စလာမ္မစ် အဖွဲ့ဖြစ်သည့် ဟီဖာဇက်အီးအစ္စလာမ်က ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်နေတာ ရပ်တန့်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ဟီဖာဇက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဇီဇူးဟိုကေး အစ္စလာမ္မာဘတ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

“သူတို့ရဲ့ ဇာတိမြေ လွတ်မြောက်နိုင်အောင် ရိုဟင်ဂျာတွေကို လက်နက်တပ်ဆင်ပြီး လေ့ကျင့်ပေးဖို့လည်း အစိုးရကို ကျွန်တော်တို့ တောင်းဆိုလိုက်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

စစ်တကောင်းတွင် နေထိုင်ကြသူများသည် ရိုဟင်ဂျာဟု ခေါ်ဆိုနေသော မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များနှင့် ယဉ်ကျေးမှုဘာ သာရေးနှင့် ဘာသာစကား အလွန်နီးစပ်စွာ တူညီနေပြီး ဗုဒ္ဓဘာသာဝင်များ အဓိက နေထိုင်ရာ မြန်မာနိုင်ငံတွင် လူနည်းစုဖြစ်နေသည့် မွတ်စလင်များကို မတရားမှု ကျူးလွန်ပုံများကို ရည်ရွယ်ချက်ရှိစွာ ပြသထားသည့် လူမှုမီဒီယာများမှ ဓာတ်ပုံများက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူများကို စာနာစိတ် အကြီးအကျယ်ဖြစ်အောင် နှိုးဆော်ပေးခဲ့သည်။

ဟီဖာဇက် အပါအဝင် အစ္စလာမ္မစ်ပါတီများက မြန်မာနိုင်ငံမှ အရေးကိစ္စနှင့် ပတ်သက်၍ မကြာသေးမီ သီတင်းပတ်များအတွင်း ဆန္ဒပြပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ရန်လိုသည့် ခေါင်းဆောင်အချို့က မြန်မာနိုင်ငံကို စစ်ခင်းရန်ပင် ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုခဲ့သည်။

Ref: AFP